သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်လေးဦးကို ကန်ဒဏ်ခတ်အရေးယူမှုအပေါ် တုံ့ပြန်မှုတွေ ထွက်ပေါ်


၂၀၁၈၊ သြဂုတ်လ ၂၉ ရက်နေ့က ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုကို လာရောက်ကြည့်ရှုနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂၀၁၈၊ သြဂုတ်လ ၂၉ ရက်နေ့က ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုကို လာရောက်ကြည့်ရှုနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင် လေးဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့ အင်္ဂါနေ့က ဒဏ်ခတ်အရေးယူမှု ချမှတ်လိုက်ပါတယ်။ အခုလို အမေရိကန်အစိုးရက မြန်မာဗိုလ်ချုပ်ကြီးတွေကို ပစ်မှတ်ထား အရေးယူလိုက်တာကို ကြိုဆိုကြောင်းနဲ့ ပိုပြီးထိရောက်တဲ့ ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့လည်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

မြန်မာနိုင်ငံက ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု အတွင်း ဥပဒေမဲ့သတ်ဖြတ်မှုတွေပါဝင်ခဲ့ကြောင်း ဇူလိုင်လ (၁၆) ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကြေညာချက်ဟာ မြန်မာစစ်တပ်ရဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်ပိုင်းအပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ ပထမဦးဆုံး လူသိရှင်ကြား အရေးယူဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ဒဏ်ခတ်အရေးယူလိုက်တဲ့ ပုဂ္ဂိုလ်လေးဦးကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့ ဖြစ်ကြပါတယ်။

အခုလို မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အများပြည်သူသိအောင် အမေရိကန်အစိုးရ ဒဏ်ခတ်အရေးယူတာကို အားရမိကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အခုလို ကြေညာချက်ကို အလွန်ပဲကြိုဆိုပါတယ်။ အချိန်တောင် နောက်ကြနေတာပါ။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားထု အပေါ် ရာဇဝတ်ကျူးလွန်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို တကမ္ဘာလုံးမှာရှိတဲ့ အစိုးရတွေအနေနဲ့ ဒဏ်ခတ် အရေးယူဖို့ အချိန်ရောက်နေပါပြီ။ ဒီလို အရေးယူမှုဟာ တာဝန်ရှိတဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေသာမက အရပ်သားအစိုးရနဲ့ အာဏာပိုင်တွေကိုပါ သတိပေးလိုက်တာက ဒီလိုကြီးမားလှတဲ့ ရာဇဝတ်ကျူးလွန်မှုမျိုးကို ဘယ်သူကမှ မေ့ပစ်မှာ မဟုတ်သလို၊ လုံးဝသည်းခံမှာ မဟုတ်ဘူးဆိုတာပါ။ ဒီ ကြေ ညာချက်ဟာ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကလည်း ဒီရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်တဲ့ အမှုကို စတင် ကိုင်တွယ်တဲ့ အချိန်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။”

လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အမေရိကန်က အရေးယူသလို အခြား ကမ္ဘာ့နိုင်ငံတွေကလည်း လိုက်လံ အရေးယူသင့်ကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ Gum Sang က ဆိုပါတယ်။

“ကျနော်တို့က အင်မတန်ကို ကြိုဆိုပါတယ်။ ဒါက တကယ့်ကောင်းသော သတင်းပါ ။ တကယ့်လူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုလုပ်ခဲ့တဲ့ စစ် ခေါင်းဆောင်တွေကိုတော့ ကမ္ဘာကနေ ကန့်ကွက်ရှုတ်ချသင့်ပါတယ်။ နောက်အကုန်လုံး နိုင်ငံအသီးသီးကလည်း ဆက်ပြီးလုပ်ဖို့ ကျနော်တို့ မျှော်မှန်းပါတယ်၊ မျှော်လင့်ပါတယ်။”

အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုကို ပထမခြေလှမ်းအဖြစ် ကြိုဆိုကြောင်း ဗြိတိန်အခြေစိုက် Burma Human Rights Network ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ဒါကိုတော့ ကြိုဆိုတာပေါ့နော်။ နောက်တောင်ကျနေပြီ။ ဒါကတော့ သူတို့အရေးယူရမှာပေါ့။ နောက်တခု ကျနော်တို့ ဒါကို ဘာမြင်သလဲဆိုရင် Symbolic ဖြစ်တဲ့ အရေးယူမှုမဟုတ်ဘဲနဲ့ တကယ်ထိရောက်တဲ့ အရေးယူမှုမျိုး လိုလားတယ်ပေါ့နော်။ ဒါကိုတော့ ပထမခြေလှမ်းအနေနဲ့ ကြိုဆိုတယ် ပေါ့နော်။ EU တို့ဘာတို့အရေးယူတယ်ဆိုတာက မင်းအောင်လှိုင်ကို ချန်ထားတယ် ။ အခုအမေရိကန်ကစပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အရေးယူ တယ်ဆိုရင်တော့ ကျနော်တို့မျှော်လင့်တာပေါ့။ တခြားနိုင်ငံတွေလည်း အဲလိုမျိုးဆက်လုပ်လာမယ်၊ နောက် အရေးယူတဲ့နေရာမှာ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုမျိုး ပြုလုပ်လာဖို့ ကျနော်တို့ မျှော်လင့်တာပေါ့နော်။”

အမေရိကန်ပြည်ထောင်စုမှာ ချမှတ်ထားတဲ့ ဥပဒေအရ နိုင်ငံခြားအစိုးရ အရာရှိတွေနဲ့ ပတ်သက်လို့ သိသာတဲ့အဂတိလိုက်စားမှု ဒါမှမဟုတ် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေမှာ ပါဝင်ပတ်သက်ကြောင်း ခိုင်လုံတဲ့ အချက်အလက် ရရှိထားရင် အဲဒီ ကျူးလွန်တဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ မိသားစုဝင်တွေကို အမေရိကန်နိုင်ငံအတွင်း လာရောက်ခွင့် ပိတ်ပင်တာဖြစ်ပါတယ်။ ဒီဥပဒေအရလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အနေနဲ့ ဒီကျူးလွန်တဲ့ အစိုးရ အရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို လူသိရှင်ကြား၊ ဒါမှမဟုတ် သီးခြား ထုတ်ပြန် ကြေညာပေးရတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီး Pompeo ရဲ့ ကြေညာချက်မှာ မြန်မာစစ်တပ်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တာဝန်ယူမှု မရှိတဲ့ ဆိုးဝါးလှတဲ့ ဥပမာတခုအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုအတွင်း အင်းဒင်ရွာမှာ သတ်ဖြတ်ခဲ့မှုတွေအတွက် ပြစ်မှုထင်ရှားတွေ့ရှိတဲ့ စစ်သားတွေကို ပြန်လွှတ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ပေးခဲ့တာကို ဖေါ်ပြထားပါတယ်။

တပ်မတော် ဦးစီးချုပ်ဟာ ဒီပြစ်မှု ကျူးလွန်သူတွေကို အကျဉ်းထောင်တွေထဲမှာ လအနည်းငယ်သာ ချထားခဲ့ပြီး ပြန်လွှတ်ပေးခဲ့တာဖြစ်ပေမယ့် အင်းဒင် ကျေးရွာ သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ကမ္ဘာကို အသိပေးခဲ့တဲ့ သတင်းထောက်တွေကိုတော့ ရက်ပေါင်း ၅၀၀ ကျော် ဖမ်းဆီးထားခဲ့တာ ဖြစ်တယ်လို့ လည်း အဲဒီထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG