ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဌာနချုပ်နယ်မြေ ၅ခုမှာ အပစ်ရပ်ကာလ ၂လ ထပ်မံတိုးမြှင့်လိုက်တဲ့ အချိန်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း တပ်မတော် ပြောခွင့်ရသူက ပြောဆိုပါတယ်။ တပ်မတော်ရဲ့ အပစ်ရပ်ကာလ တိုးမြှင့်တဲ့အပေါ် သုံးသပ်သူအများစုက ကြိုဆိုပေမဲ့ တစ်ပြည်လုံး မပါဝင်တဲ့အပေါ် ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက စစ်တိုင်းနယ်မြေ ၅ခုမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်တန့်ခဲ့တဲ့ ၄လတာ ကာလ ပြည့်မြောက်ခဲ့ချိန်မှာ နောက်ထပ် အပစ်ရပ်ကာလကို ဇွန်လ ၃၀ရက်နေ့အထိ ထပ်မံ တိုးမြှင့်လိုက်တာပါ။
ဒီလို ၂လ တိုးမြှင့်လိုက်ချိန်မှာ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“အဓိကကတော့ MNDAA ရယ်၊ TNLA ရယ် ၊ KIA ရယ်က တောင်းဆိုတာရှိတယ်။ မူဆယ်ဆွေးနွေးပွဲ ရလဒ်တွေ ရှိတယ်။ အဲဒီမှာ NRPC ကလည်း ဆွေးနွေးပွဲမှာ သူတို့ ဆောင်ရွက်ချင်တဲ့ အကြောင်းလေးတွေ တင်ပြလိုက်တာရှိတယ်။ သူက NCA လက်မှတ် ထိုးနိုင်သည်အထိ သူတို့ ရည်ရွယ်ချက်မျိုးလည်း ထုတ်ပြောထားတာရှိတယ်။ အဲဒီမှာမှ သူတို့ Bilateral တွေ အရင်ဆုံး လက်မှတ်ရေး ထိုးနိုင်ဖို့ စာချုပ် မူကြမ်းတင်ပြတာတွေ ရှိတယ်။ အဲဒီတော့ အဲဒီကာလအတွင်းမှာတော့ ကျနော်တို့ မှန်းဆကြည့်တာတော့ Bilateral စာချုပ်လောက်ထိ ချုပ်ဖြစ်နိုင်အောင်ထိတော့ အပြန်အလှန် ဆွေးနွေးတာတို့ ဘာတို့ ဆောင်ရွက်ပြီး လုပ်ဖြစ်နိုင်တယ်လို့ မျှော်မှန်းတယ်။ အဲဒီ မျှော်မှန်းချက်အတွက်ကြောင့်လည်း ကျနော်တို့ အပစ်အခတ်ရပ်စဲတာ ၂လ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။”
ဒီထုတ်ပြန်ချက်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်သလို အပစ်ရပ်ကာလအတွင်းမှာ ဒီလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။
“၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ အတွက် ကျနော်တို့က အပစ်အခတ် ရပ်စဲရေးကာလ ထပ်တိုးလိုက်တာဖြစ်တယ်။ ဒီအပစ်အခတ် ရပ်စဲရေးကာလ အတွင်းမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားပါမယ်။”
တပ်မတော်က ထုတ်ပြန်တဲ့ အပစ်အခတ်ရပ်စဲမှုဟာ ကချင်နဲ့ ရှမ်းပြည်နယ်သာ ပါဝင်ပြီး လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မပါဝင်တဲ့အပေါ်မှာ ဝေဖန်တာတွေ ရှိသလို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာဖို့အတွက် တောင်းဆိုတာတွေလည်း ရှိနေပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ အပစ်ရပ်ကာလ ၂လ တိုးလိုက်တဲ့အပေါ် အခုလို ပြောဆိုပါတယ်။
“အပစ်ရပ်တယ်ဆိုကတည်းက ဘယ်နေရာမှာပဲရပ်ရပ်၊ ဘယ်လောက်ပဲရပ်ရပ်ပေါ့။ ဒါကတော့ ကျနော်တို့ ကြိုဆိုရမှာပဲလေ။ တဘက်ကတော့ ကြိုဆိုရမယ်။ တဘက်ကလည်း ပြောမယ်ဆိုရင် တစ်တိုင်းတစ်ပြည်လုံး မဟုတ်ဘူးဆိုတဲ့အခါကျတော့ အပြည့်အဝကြီးတော့ မဖြစ်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာက အခု တောက်လျောက် တိုက်ပွဲတွေဖြစ်နေတာကိုး။ အဲဒီသဘောပေါ့လေ။”
ကချင်နဲ့ ရှမ်းပြည်နယ်မှာ အပစ်ရပ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆို ဆွေးနွေးပွဲကို ထိခိုက်လာနိုင်ဖွယ်ရှိကြောင်းလည်း ဦးစည်သူအောင်မြင့်က သုံးသပ်ထားပါတယ်။
“AA အဖွဲ့ဆိုတာက အခုဆွေးနွေးတဲ့ ဆွေးနွေးဖက်ထဲမှာ ပါတယ်လေ။ သူတို့အဖွဲ့တွေနဲ့ တပ်မတော်နဲ့က ရခိုင်ပြည်နယ်မှာ တိုက်နေ ခိုက်နေတဲ့အခါကျတော့၊ ဟိုဘက်မှာ တိုက်နေ ခိုက်နေတာတွေ မရပ်ဘူးဆိုရင် ဒီဘက် ဆွေးနွေးပွဲကိုလည်း ထိခိုက်လာနိုင်စရာရှိတာပေါ့။ ပြီးတော့မှ နောက် ဒီ ၃ဖွဲ့ပေါင်း ကြေညာချက် ထုတ်ထားတာ တစ်ခုရှိတယ်လေ။ အဲဒါ ဘာလဲ ဆိုတော့ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်တဲ့ဟာတွေနဲ့ပတ်သက်လို့ ရပ်ဆိုင်းတာတွေ မရှိဘူးဆိုရင် သူတို့လည်း သင့်တော်တဲ့ တုန့်ပြန်မှုလုပ်မယ် ဘာညာဆိုတော့ ဒါတွေလည်း စိုးရိမ်စရာတွေပေါ့။”
လွန်ခဲ့တဲ့လ ၂၄ရက်နေ့က အစိုးရ တပ်မတော်အနေနဲ့ AA အပေါ် ထိုးစစ်တွေ ဆက်လက်ပြီး အရှိန်မြှင့် ဆောင်ရွက်နေမယ်ဆိုရင် MNDAA ကိုးကန့်၊ TNLA ပလောင်နဲ့ AA ရခိုင် မဟာမိတ်တွေအနေနဲ့ လုပ်သင့်တာတွေ လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၃၀ရက်နေ့မှာတော့ KIO ကချင် အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ဟာ အစိုးရရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မူဆယ်မြို့မှာ ဆွေးနွေးရာမှာတော့ မဟာမိတ်အဖွဲ့တွေဘက်က Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် မူကြမ်းကို NRPC ကို ပေးအပ်ခဲ့ပြီး မေလမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်။
Your browser doesn’t support HTML5