စစ်တိုင်းဒေသကြီး (၅) ခုမှာ စစ်ဆင်ရေးတွေ (၄) လကြာ ရပ်တန့်ထားဖို့ မြန်မာ့တပ်မတော်ဘက်က ကြေညာချက် ထုတ်ပြန်ထားတာ သက်တမ်း ပြည့်တော့မှာ ဖြစ်တဲ့အတွက် ဒါကို နောက်ထပ် သက်တမ်း တိုးလိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ် အတွင်း တပ်မတော်ဘက်က စစ်ဆင်ရေး ဆိုင်းငံ့ထားတာတွေကို သက်တမ်းတိုးပေးဖို့ တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် အခုလို ပြောဆိုလာတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
NCA တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်မထိုးရသေးတဲ့ KIO/KIA ကချင်၊ MNTJP/ MNDAA ကိုးကန့်၊ PSLF/TNLA တအန်း (ပလောင်) နဲ့ ULA/AA ရခိုင် လက်နက်ကိုင်အဖွဲ့ စတဲ့ မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့နဲ့ သဘောတူညီချက် ရနိုင်ရေး အတွက် ရည်ရွယ်ပြီး စစ်တိုင်း (၅) ခုမှာ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ တပ်မတော်ဘက်က တဘက်သတ် ကြေညာထားတာ မနက်ဖြန် ဧပြီလ (၃၀) ရက်နေ့မှာ ၄ လပြည့်တော့မှာ ဖြစ်ပါတယ်။
လက်ရှိအနေအထားမှာ NCA လက်မှတ်ထိုးဖို့ သဘောတူညီချက် မရသေးပေမယ့် အပစ်ရပ်ထားခြင်းဟာ ငြိမ်းချမ်းရေးအတွက် လက်မှတ် ထိုးနိုင်ဖို့ အခွင့်အလန်းကောင်း ဖြစ်တာကြောင့် ဒါကို သက်တမ်းတိုးဖို့ လိုလားကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဦးသန်းစိုးနိုင်။ ။ “ကျနော်တို့ဘက်က သဘောထားကတော့ ဒီဟာကိုဆက်ပြီးတော့ ကျနော်တို့ တိုးချဲ့သင့်တယ်ပေါ့လေ။ တိုးချဲ့သင့်တယ်ဆိုတာက အခုကဘာပဲဖြစ်ဖြစ် NCA ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ကျနော်တို့ ၂ ဘက် အပစ်ရပ်ထားမယ်ဆိုရင်တော့ ကောင်းတယ်လို့ ကျနော်တို့ မြင်ပါတယ်။ အဲ့ဒါကြောင့်မို့ ကျနော်တို့ဘက်ကတော့ ဒီငြိမ်းချမ်းရေး ကျနော်တို့ စာချုပ် တရပ် မချုပ်ဆိုနိုင်မှီအတွင်း အပစ်အခတ်ရပ်စဲမှုကို တပ်မတော်ဘက်က ဆက်လက်ပြီး ရပ်ဆိုင်းပေးဖို့ ကျနော်တို့တော့ မေတ္တာရပ်ခံမှုတွေ၊ တောင်းဆိုမှုတွေ ကျနော်တို့ လုပ်စေချင်ပါတယ်။”
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခု နောက်ဆုံး တရုတ်ပြည် ခရီးစဉ်အတွင်းမှာ တပ်မတော်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်တာကို ဆက်လက် ထားရှိဖို့ တရုတ်အစိုးရ ခေါင်းဆောင်တွေပိုင်း တိုက်တွန်း ပြောဆိုခဲ့တယ်ဆိုတာကို ကြားသိရတဲ့အတွက် သက်တမ်းတိုးဖို့ အလားအလာရှိတယ်လို့ ယူဆကြောင်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
ဦးသန်းစိုးနိုင်။ ။ “အခု တရုတ်ပြည်က အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တွေ့ဆုံပွဲမှာ တိုက်တွန်းတယ်လို့ ပြောတယ်။ တိုက်တွန်းတယ်လို့ ပြောတဲ့အတွက် အခုကတော့ အချိန်ကန့်သတ်မဲ့တော့ သူတို့လုပ်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ၂လ သို့မဟုတ် ၃လ တခုခုတော့ ဆက်လက်ပြီး တိုးချဲ့မှု လုပ်ကောင်းလုပ်နိုင်မယ်ဆိုတဲ့ သတင်းတွေရပါတယ်ဗျ။ ကျနော်တို့ ကြားရတာတော့ မြောက်ပိုင်းတိုင်း သတင်းဌာနချုပ်က ၂ လ ဆက်တိုးဖို့ဆိုတဲ့ သတင်းတော့ ကြားတယ်။ ဒါပေမဲ့ တကယ်လက်တွေ့တော့ မနက်ဖြန်လောက်မှာ နည်းနည်းသေချာပေါက် သိရမယ်လို့ ထင်ပါတယ်။”
တကယ်သက်တမ်းတိုးမယ် မတိုးဘူးဆိုတာကတော့ မနက်ဖြန် ဧပြီလ ၃၀ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ကိုယ်စားလှယ်တွေ မူဆယ်မြို့မှာ တွေ့ဆုံ ဆွေးနွေး ပြီးတော့မှ အဖြေထွက်လာမယ်လို့ ယူဆကြောင်းလည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံကြမယ့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နဲ့ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လာမယ့် မေလ ၃ ရက်နေ့မှာ သီးခြား တွေ့ဆုံကြဖို့ စီစဉ်ထားကြောင်းလည်း ဦးသိန်းစိုးနိုင်က ပြောပါတယ်။
အပစ်ရပ်ထားတဲ့ ၄ လတာ ကာလအတွင်း အစိုးရနဲ့ NCA လက်မှတ်မထိုးကြသေးတဲ့ အဖွဲ့တွေအကြား ၃ ကြိမ်လောက် တွေ့ဆုံ ဆွေးနွေးတာတွေ ရှိခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှု တစုံတရာ မရှိဘူးတဲ့အပြင် ရခိုင်ပြည်နယ်အတွင်း AA ရခိုင့်တပ်မတော်နဲ့ မြန်မာ့တပ်မတော်အကြား တိုက်ပွဲတွေသာ ပိုပြင်းထန်လာနေတာကို တွေ့ရကြောင်း ANC အတွင်းရေးမှူးလည်းဖြစ်၊ UNFC ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးထွန်းဇော်က ပြောပါတယ်။
ဦးထွန်းဇော်။ ။ “တပ်မတော်ရဲ့ စစ်တိုင်း ၅ ခုမှာ ၄ လတာ စစ်ဆင်ရေး ရပ်ဆိုင်းမှုရဲ့ရလဒ်က ကျနော်တို့ ရခိုင်ပြည်ဘက်မှာ ဒုက္ခသည် ၃၀,၀၀၀ကျော် ဖြစ်လာတယ်။ နောက်ပြီးတော့မှ ရခိုင်ပြည် မြောက်ပိုင်းတခွင်မှာရှိတဲ့ မြို့နယ် ၅ မြို့နယ်ပေါ့နော်… နဂို ရှိနေပြီးသား မြို့နယ်တွေ အပါအဝင်ဆိုလို့ရှိရင် ရခိုင်ပြည်မြောက်ပိုင်း တခွင်လုံးဟာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြေငြာခြင်းကို ခံရတယ်။ နောက်ပြီးတော့မှ လူတွေထိခိုက်၊ ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေဆိုလို့ရှိရင် နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတယ်ပေါ့။ ရခိုင်ပြည်ရဲ့ အနေအထားကတော့ စစ်ဆင်ရေး ၄ လတာ ရပ်ဆိုင်းမှုရဲ့ ရလဒ်လို့ ကျနော်တို့က ပြောလို့ရတာပေါ့။”
UPDJC ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီရဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေကတော့ မူဆယ်မြို့မှာ မနက်ဖြန် ဧပြီလ ၃၀ ရက်နေ့ ပြုလုမယ့် ဆွေးနွေးပွဲ အခြေအနေကို အခုလို ရှင်းပြပါတယ်။
ဦးလှမောင်ရွှေ။ ။ “ကျနော်တို့ NRPC ကနေပြီးတော့ စုဖွဲ့ပေးလိုက်တဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့ကတော့ မူဆယ်ကို ရောက်ပါပြီ။ ကျနော်တို့နဲ့ ဆွေးနွေးမယ့် တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့၊ နောက် KIO၊ TNLA၊ MNDAA နဲ့ AA ၄ ဖွဲ့ကတော့ မနက်ဖြန် မနက်ကို လာတက်မယ်လို့ သိရပါတယ်။ ဒီ၄ ဖွဲ့နဲ့ ကျနော်တို့ မနက်ဖြန်မနက်မှာ မူဆယ်မှာ ဆွေးနွေးဖို့ ရှိပါတယ်။ အဓိကကတော့ အစိုးရတပ်မတော်ကတော့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေ လက်မှတ်ရေးထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းမှာ ပါဝင်ဖို့တော့ အဓိကပဲပေါ့လေ။ အဲ့ဒါတွက် လိုအပ်တဲ့ ညှိနှိုင်းမှုတွေတော့ စဉ်းစားပြီးတော့ ဆောင်ရွက်ကြည့်ရမှာပေါ့။”
မူဆယ်မြို့မှာ မနက်ဖြန် ကျင်းပမယ့် ဆွေးနွေးပွဲကိုတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) က ဦးသိန်းဇော်၊ ဦးခင်ဇော်ဦး၊ ဦးဇော်ဌေးနဲ့ ဦးလှမောင်ရွှေတို့ တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြောက်ပိုင်း(၄) ဖွဲ့ထဲက အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ (KIO) အဖွဲ့ကတော့ အတွင်းရေးမှူး ဦးထိန်နန် ဦးဆောင်တဲ့ ကိုယ်စားလှယ် (၅) ဦး၊ (AA) အဖွဲ့ကတော့ ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် (၃)ဦး၊ (TNLA) အဖွဲ့ကတော့ ဗိုလ်မှူး တာအိုက်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ် (၃)ဦးနဲ့ (MNDAA) ကတော့ ဦးဝင်းနိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်(၂) ဦး တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။