ကချင် တပြည်နယ်လုံးနီးပါး ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်

မြစ်ကြီးနားမြို့တွင်တွေ့ရသည့် စစ်တပ် သံချပ်ကာယာဉ်တစ်စီး။ ဖေဖော်ဝါရီ ၂၊ ၂၀၂၁

မြို့တော်မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်က မြို့အားလုံးနီးပါး ဒီကနေ့ နေ့ခင်းကစတင်ပြီး တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။ လောလောဆည် ဖားကန့်နဲ့ မံစီ စတဲ့မြို့ဘက်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ချိန် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။ လတ်တလော ကချင်ပြည်နယ်အတွင်း ဆက်သွယ်ရေးပြတ်တောက်နေတဲ့အခြေအနေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

“ ယခုခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်…………………..လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်…”

ဒါကတော့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားအပါအဝင် မြို့ကြီးအတော်များများကို VOA က ဖုန်းခေါ်ဆိုချိန်မှာ ပြန်ကြားလာတဲ့ အသံပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း တယ်လီဖုန်းလိုင်းတွေ ဒီကနေ့ နေ့ခင်းကစတင်ပြီး ပြတ်တောက်နေသလို အင်တာနက် လိုင်းတွေလည်း ပြတ်တောက်နေတာပါ။ လက်ရှိ ကချင်ပြည်နယ်အတွင်းဆက်သွယ်ရေး အခြေအနေကို တရုတ်-မြန်မာနယ်စပ်ရောက် ကချင်စာနယ်ဇင်း သမားတဦးက အခုလို ပြောပါတယ်။

“ ဒီနေ့ မနက်ပေါ့နော်၊ အစောပိုင်းမှာတော့ မြစ်ကြီးနားမှာရှိနေတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောလို့ ရတယ်ဗျ။ လိုင်းလည်း စိမ်းတယ်ပေါ့နော်။ ၁၂နာရီလောက်ထိ အင်တာနက်လိုင်းတွေ ရတယ်ပေါ့။ အဲဒီနောက်ပိုင်းမှာ လိုင်းက လုံး၀ မရတော့ဘူး။ ဖုန်းခေါ်လည်း မရတော့ဘူး။ ဗန်းမော်ဘက်မှာလည်း ခေါ်တယ်။ ဖားကန့် ဒီ တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် တာမခန် ဘက်မှာလည်း လုံးဝပြတ်သွားတယ်ပေါ့။ ဟိုပင်တို့ ဘာတို့ဘက်မှာလည်း ပြတ်သွားပြီ။ တော်တော်များများမှာ ကချင်ပြည်နယ် တော်တော်များများမှာ ပြတ်တယ်ပေါ့။ ခါတိုင်းကတော့ ဖားကန့်မှာ ပြတ်တယ်ပေါ့။ ဟိုတလောတုံးကလည်း မြစ်ကြီးနားတို့ ဘာတို့မှာ Wi Fi လိုင်းတွေ ပြတ်တယ်။ ဒါပေမဲ့ အင်တာနက်လိုင်းတွေ လာတယ်ပေါ့။ ဒါပေမဲ့ ဒီလောက်ကြီး မြို့အများကြီးမှာ ဆက်သွယ်ရေးတွေ တခါတည်း ပြတ်တာကတော့ ဒါ ပထမဆုံးပဲ ထင်တယ်။ တော်တော်များများ ပြတ်နေတဲ့ အခြေအနေ ဟုတ်တယ်။ ”

ကချင်တပြည်နယ်လုံးလို အဆက်အသွယ်တွေ ပြတ်တောက်တာနဲ့ပတ်သက်ပြီး ဘာကြောင့်ဆိုတာ မသိရသေးကြောင်းလည်း သူက အခုလို ဆက်ပြောပါတယ်။

“ အဲဒါ ဘယ်လိုကြောင့် ပြတ်တာလဲဆိုတာတော့ သေချာတော့ ကျနော်လည်း မသိဘူးပေါ့နော်။ ဟိုတလောတုံးက မြစ်ကြီးနားမှာ ပြတ်တာကတော့ ဒီ စစ်ကိုင်းဘက်မှာ တိုက်ပွဲဖြစ်လို့ သူတို့ ဖိုက်ဘာ ကြိုးတွေ ထိပြီးမှ ပြတ်တယ်လို့ ပြောတာပေါ့။ ဒီမှာ အခုအခြေအနေက ဘာကြောင့် အဲလိုမျိုး ဖြစ်တယ်ဆိုတဲ့ဟာ မသိရသေးဘူးဖြစ်နေတယ်။ ဗြုန်းကနဲ ဖြစ်သွားတယ်ဆိုတော့ ဟိုဘက်က ဆက်သွယ်ရေး အဖွဲ့တွေနဲ့လည်း ဆက်သွယ်လို့လည်း မရဘူးပေါ့နော်။ အဲဒါကြောင့် ဘာကြောင့်လဲဆိုတာ မသိနိုင်ဘူးဖြစ်နေတာ။ ”

အိန္ဒိယနိုင်ငံအခြေစိုက် KHRW ခေါ် ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့ကလည်း ကချင်ပြည်နယ်က မြို့အတော်များများကို ဆက်သွယ်လို့ မရကြောင်း အခုလို ပြောပါတယ်။

“ ဟုတ် ကျနော်တို့ ဆက်သွယ်တာ ဖုန်းလိုင်းရော၊ အင်တာနက်ရော ဒီနှစ်ခုမှာ ပြတ်လိုက်တာဗျ။ ဒီမနက် ၁၁နာရီ ဝန်းကျင်မှာပေါ့နော်။ ဆက်သွယ်လို့ မရတော့ဘူး။ အခုက ကျနော်တို့က ဒီ မြစ်ကြီးနား၊ ဝိုင်းမော် ဒီဘက်အခြမ်းကို ဆက်သွယ်တာ မရတော့ဘူး။ လုံးလုံးကို မရတော့ဘူး။ အခုက မြို့နယ်တွေအားလုံးနီးပါးပေါ့၊ ကချင်ပြည်နယ်မှာ အားလုံးနီးပါး ပြတ်ထားတာဗျ။ အခု ကျနော်တို့ ဘယ်သူမှ ဆက်သွယ်လို့ မရတော့ဘူးဗျ အခုထက်ထိ။ ”

ဒီလို တပြည်နယ်လုံး အဆက်အသွယ်ပြတ်တောက်နေချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

“ အခုအင်တာနက်လိုင်းလည်း မရ။ အခြေအနေ ဘာဖြစ်နေမှန်းလည်း မသိတော့ဘူးနော်။ အဲဒါဆိုတော့ ကျနော်တို့ ဒီ ပြည်သူလူထုတွေကတော့ ဘာတွေဖြစ်နေမှန်း မသိတော့ဘူးနော်။ ဒီတော့ ကျနော်တို့ အနေနဲ့ကတော့ ပြည်သူတွေကတော့ လူ့အခွင့်အရေးတွေ ကြီးကြီးမားမားတွေ ချိုးဖောက်ခံရမှာကို ဒီလိုမျိုး စိုးရိမ်ရတာပေါ့။ အဓိကတော့ ဒီ ကချင်ပြည်နယ် တပြည်လုံးကို ပိတ်လိုက်တယ်ဆိုတော့ သူတို့ကတော့ ဒီ ပြည်သူတွေကို တပ်သား စုဆောင်းဖို့ပေါ့နော်၊ ဒီဟာကိုပဲ Target (ပစ်မှတ်) ထားပြီးမှ လုပ်လာတယ်လို့တော့ မြင်ပါတယ်ဗျ။ စိုးရိမ်တာပေါ့နော်။”

ဒီရက်ပိုင်းမှာတော့ ဖားကန့်၊ မံစီနဲ့ ဟိုပင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ကချင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ မြို့နယ်အချို့ အင်တာနက် လိုင်းတွေ ပြတ်တောက်ခဲ့ဖူးသလို ဒီဇင်ဘာလ အတွင်းမှတော့ မြစ်ကြီးနားမြို့မှာ တပတ်နီးပါးကြာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း စစ်ရေး လှုပ်ရှားမှု မြင့်မားခဲ့တဲ့ ကောလင်းနဲ့ ပင်လည်ဘူး ဒေသအပါအဝင် အချို့ဒေသတွေမှာလည်း တယ်လီဖုန်းနဲ့ အင်တာနက်လိုင်းတွေကို နှစ်နဲ့ချီပြီး ပိတ်ပင်ထားတာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကချင် တပြည်နယ်လုံးနီးပါး ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်