သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးရှောင်တွေအတွက် စာနာမှုအကူညီတိုးပေးဖို့ ကုလတောင်းဆို


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေ တိုးမြှင့်ပေးအပ်ကြဖို့ နဲ့ စစ်ဘေးရှောင်တွေ မှာ စားနပ်ရိက္ခာအပြင် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ဘေးအန္တရာယ် အကာအကွယ်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ လက်ရှိ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ အအေးဓါတ်က ပိုလာတာကြောင့် လိုအပ်ချက်တွေ ပိုများလာတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ် ပေးနေသူ တွေကပြောပါတယ်။ စစ်ဘေးရှောင်တွေရဲ့ အခြေနေ သတင်းပေးပို့ချက်ကို အခြေခံပြီး မမြသဇင်အောင်က စုစည်းတင်ပြ သွားမှာပါ။

အောက်တိုဘာ ၂၆ ရက် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ထပ်မံဖြစ်ပွါးလာချိန်ကစပြီး နောက်ထပ် လူပေါင်း ၃ သိန်း ကျော် နေရပ်စွန့် ခွာထွက်ပြေး ကြရတဲ့အတွက် အခုဆို မြန်မာနိုင်ငံ တလွှားမှာ လူပေါင်း ၂ သန်းကျော် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA-Myanmar ) က နိုဝင်ဘာ ၂၃ ရက် ကြာသပတေးနေ့က သတင်းထုတ်ပြန်ပြောဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာဆို လူရာပေါင်းများစွာ ပိတ်မိနေတာ ဖြစ်ပြီး ဘေးကင်းသော နေရာများသို့ ရွှေ့ပြောင်းနိုင်ခြင်း မရှိသေးသလို နိုင်ငံ တလွှားက စစ်ဘေးရှောင်တွေ မှာ စားနပ်ရိက္ခာ အပြင် အခြေခံကျန်းမာရေး စောင့်ရှောက်မှု တွေနဲ့ ဘေးအန္တရာယ် အကာအကွယ်တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ လွိုင်ကော်ဒေသမှာတော့ မြို့လုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်ပြီး အစားအသောက်နဲ့ နေထိုင်ဖို့ အခက်အခဲတွေနဲ့ရင်ဆိုင် နေရတယ်လို့ စစ်ဘေး ရှောင်တွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ဘုန်းတော်ကြီးတဦးက ဗွီအိုအေကို အခုလိုပြောပြလာတာပါ။

"တချို့ကျတော့မပြေးချင်ကြတော့ဘူး။ ဘုန်းကြီးကျောင်းမှာဘဲနေကြတာပေါ့ အဝေးကြီးမပြေးချင်ကြ တော့ဘူး။ ပိုက်ဆံမရှိကြတော့ဘူးလေ။ ဘာခက်ခဲလဲဆို ခက်ခဲတာအစုံဘဲပေါ့နော်. နဂိုထဲက လွိုင်ကော် နေသူတွေကစစ်ရှောင်ဘဲလေ။ ဒီမောဆိုးဖရူးဆိုမှာ တိုက်ပွဲတွေဖြစ်လို့ ဒီဘက်ရှောင်တာ ဒီဘက်မှာပါ ဖြစ်တော့ ၂ဆင့်ပွား ၃ဆင့်ပွားတွေဖြစ်ကုန်တာပေါ့။ ရှိတဲ့ဆန် တပြည် ၂ပြည်ယူ သွားကြပေါ့။ အရင် တခေါက်က ရှမ်းပြည်တောင်ပိုင်းရှောင်တယ်။ ခရီးဦးကြိုဆိုကြပေါ့။ စားရေးနေရေး အကုန်စီစဉ်ပေး ကြတယ်။ ခုကျ ဘာအငြိုးတွေဖြစ်လဲမသိ တချို့ဆို လက်မခံချင်ကြဘူး။ တချို့ကျ သူများပြည်နယ် မရှောင်ဘဲ လောပိတဘက် ရှောင်တယ်။ အဲဘက် အေးတယ်ဆိုတော့ အနွေးထည် တွေလိုတယ်။ ဘာတွေ လိုလဲဆိုတော့ အဓိကကတော့ ဆန်တွေဘာတွေလိုအပ်တာပေါ့ "

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းဘက်မှာလည်း စစ်ဘေးဒုက္ခသည် အရေအတွက် အတိအကျ ဘယ်လောက်ရှိ မယ်ဆိုတာကတော့ ခန့်မှန်းလို့ မရနိုင်အောင်ဖြစ်နေရသလို အေးတဲ့ရာသီ ရောက်လာတာ မို့ အဝတ်အထည်အခက်အခဲ အတော်လေး လိုအပ်ချက်များလာသလို နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အတွက်လည်းစိုးရိမ်နေရတယ်လို့ ကူညီကယ်ဆယ် ပေးနေသူ တဦးကပြောပါတယ်။

"ဒုက္ခသည်ဆိုမှတော့ အဆင်ပြေတာတော့ မရှိဘူးပေါ့ဗျာ။ အဓိကကတော့ အစားအသောက်ပေါ့။ တချို့ကျတော့လည်း ဘာမှမပါလာဘူး။. အဝတ်တထည်ကိုယ်တခု ရယ်ပေါ့။ ကျနော်တို့ရှမ်းမြောက်က ဆောင်း လဲဝင်လာပြီ ဆိုတော့ အေးလာတာဖြစ်လို့ သူတို့အတွက်စောင်တို့ အနွေးထည်တို့ ဘာတို့တော့ ဒါလေးတွေတော့ အခက်အခဲဖြစ်လာတယ်။"

ရှမ်းပြည်မြောက်ပိုင်းမှာ အရင်ကတည်းက ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းဒုက္ခသည် သောင်းချီရှိနေတာ ဖြစ်ပြီး အခု ညီနောင်မဟာမိတ်အဖွဲ့ရဲ့ စစ်ဆင်ရေးတိုက်ပွဲတွေ ဖြစ်ပွါးလာချိန်မှာ အခုလို နောက်ထပ် သောင်းနဲ့ချီ ထပ်တိုး လာတာဖြစ်ပါတယ်။

လတ်တလော ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊၊ ကယားပြည်နယ်၊ ရခိုင်ပြည် နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေက စစ်ဘေးသင့်ပြည်သူတွေမှာ ငွေသား၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အခြေခံ ကျန်းမာရေး ဝန်ဆောင်မှုများနှင့် အကာအကွယ်တွေ အရေးပေါ် လိုအပ်နေ တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပဋိပက္ခကြောင့် နိုင်ငံတစ်ဝှမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်း အများအပြား ကို ပိတ်ဆို့ထား တာမို့ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပြတ်တောက် နေပြီး လိုအပ်သူတွေဆီ အကူအညီတွေ ရောက်ဖို့ အခက်ခဲရှိနေတာပါ။

UNOCHA ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁.၇ သန်းနီးပါးရှိနေပါတယ်။ အာဏာမသိမ်းခင်က အရေအတွက်နဲ့ပေါင်းရင် နိုင်ငံ တစ်ဝန်းမှာ နေရပ်စွန့်ခွာသူက နှစ်သန်းနီးပါး ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက် နေ့က စတင်ပြီး မြန်မာစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အကြား စစ်ရေးပဋိပက္ခတွေ ဆက်လက်မြင့်တက် နေတာကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေကပြည်သူတွေ ဒုက္ခ ရောက်နေရ တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒီ ဒုက္ခသည်တွေကို သွားရောက် အကူအညီပေးခွင့် ပြုဖို့ မြန်မာတာဝန်ရှိသူတွေကို UNOCHA က ပန်ကြားထားသလို သူတို့ကို ထိထိရောက်ရောက် ကူညီနိုင်ရေးအတွက် ရံပုံငွေလိုအပ်နေတာကြောင့် နိုင်ငံတကာက အကူညီပေးကြဖို့ပါ တောင်းဆိုနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG