မြန်မာ့အရေး အာဆီယံဆွေးနွေးပွဲမှာ ဒေသတွင်းနိုင်ငံတွေနဲ့ နယူးဇီလန် ဆွေးနွေး

လာအိုနိုင်ငံ ဗီယမ်ကျင်းမြို့မှာကျင်းပတဲ့ ၅၇ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတက်ရောက်လာတဲ့ နယူးဇီလန် ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Winston Peter (အလယ်)

လာအိုနိုင်ငံ ဗီယမ်ကျင်းမြို့တော်မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အပြီး တရုတ်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ ဆွေးနွေးဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီနေ့ သောကြာနေ့ သီးခြားဆီ တွေ့ဆုံနေပြီး မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေက အဓိက ပြောဆိုဆွေးနွေးတဲ့အကြောင်းအရာတွေထဲက တခုအဖြစ်ပါဝင်ပါတယ်။

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပျက်နေတာ၊ မြောက်ကိုရီးယား၊ အစ္စရေး၊ ဂါဇာ၊ ပင်လယ်နီနဲ့ မြန်မာနိုင်ငံက ဖြစ်ပျက်နေသမျှ ဒေသတွင်းနဲ့ ကမ္ဘာ့ တည်ငြိမ်ရေးအပေါ် ဆက်နွယ် ရိုက်ခတ်နေတဲ့အကြောင်း နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Winston Peters က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီနေ့ တွေ့ဆုံတဲ့အချိန် ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြေရှင်းရေး အာဆီယံအဖွဲ့ကြီးက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်နိုင်ရေးအပြင်၊ ဒေသတွင်းနိုင်ငံတချို့နဲ့ တရုတ်နိုင်ငံအကြား တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကိစ္စကလည်း ဒေသအတွင်း အစည်းအဝေးမှာ လွှမ်းမိုးနေတဲ့ အကြောင်းအရာ ဖြစ်နေပါတယ်။

ဒီနေ့ ဗီယမ်ကျင်းမြို့တော်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့လည်း သီးခြားတွေ့ဆုံသလို ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့လည်း တွေ့ဆုံပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း သီးခြားဆွေးနွေးပွဲတွေ ကျင်းပပါတယ်။ ဒီ အစည်းအဝေးတွေမှာလည်း ဒေသတွင်း တည်ငြိမ်ရေးနဲ့ မြန်မာနိုင်ငံအရေးကို ထည့်သွင်းဆွေးနွေးနိုင်တယ်လို့ ဒေသတွင်း အကဲခတ်တွေ မျှော်လင့်ထားကြပါတယ်။ သုံးရက်ကြာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိတဲ့အတွက် နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ခွင့်ပေးဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်ထားပြီး အမေရိကန်ပြည်ထောင်စုကလည်း ဒီဆုံးဖြတ်ချက်ကို ထောက်ခံထားပါတယ်။ အခု အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိ ၂ ဦး တက်ရောက်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး အာဆီယံဆွေးနွေးပွဲမှာ ဒေသတွင်းနိုင်ငံတွေနဲ့ နယူးဇီလန် ဆွေးနွေး