တရုတ်ဖွင့်မယ့် နယ်စပ်ကုန်သွယ်ရေးဂိတ်သစ် မြန်မာကုန်သည်တွေ အကောင်းမမြင်လှ

တရုတ်-မြန်မာနယ်စပ် လမ်းပိုင်းတနရော (ဓာတ်ပုံ- AFP)

(Zawgyi/Unicode)

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နဲ့ ချင်းရွှေဟော်မြို့အကြားမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်သစ်တခုကို ဖွင့်နိုင်ဖို့အတွက် တရုတ်ဘက်က ပြင်ဆင်နေပါတယ်။ မြန်မာပြည် အရှေ့မြောက်ပိုင်းဒေသမှာ နယ်စပ်ကုန်သွယ်ရေးကို တိုးချဲ့နိုင်ဖို့ တရုတ်ဘက်က အခုလို ပြင်ဆင်နေတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပြီး မြန်မာကုန်သည်တွေကတော့ ဒီအစီအစဉ်အပေါ် သိပ်ကြီးမျှော်လင့်မထားကြပါဘူး။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။

လောက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်- မြန်မာနယ်ခြားအမှတ် BP-125 နေရာမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်သစ်တခုကို ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေကြတာပါ။ တရုတ်၊ ယူနန်ပြည်နယ်၊ လင်ချမ်းခရိုင်နဲ့ ချိတ်ဆက်မယ့် နယ်စပ်ဂိတ်တွေကို နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကဖြစ်လာဖို့ တရုတ်ဘက်က မျှော်လင့်ထားတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေတာပါ။

ဒီဂိတ်အသစ်ကနေ လင်ချမ်းခရိုင်ထွက် ကုန်ပစ္စည်းတွေကို မြန်မာပြည်ထဲပို့ဖို့ တရုတ်ယူနန်အစိုးရက ရည်ရွယ်ထားပုံရတယ်လို့ ခန့်မှန်းနေတာလည်း ရှိပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းရဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူကတော့ အခုအသစ် ဆောက်လုပ်နေတဲ့ BP-125 ဂိတ်ဟာ လမ်းခရီးခက်ခဲလို့ မြန်မာကုန်သည်တွေအတွက်တော့ အဆင်မပြေနိုင်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“တရုတ်နဲ့နီးတော့ တရုတ်က နန်ဆမ်ဂိတ်ဆိုတာရှိတယ်၊ တရုတ်ရဲ့ နမ်ဆမ်က ဖွင့်လိုက်မယ်ဆိုရင် ကုန်စည်တွေက ဟိုဘက်ကနေတချို့ ဝင်လာနိုင်စရာ ရှိတယ်။ ရှိတော့ အခုဖွင့်မဲ့ 125 ဆိုတာကို အစိုးရကပဲ ကိုင်မှာလား၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကပဲ အခွန်ကောက်မလား မသိဘူး။ ဒီ 125 က ဖွင့်တယ် ဆိုရင်လည်း နည်းနည်းပါးပါးပေါ့ ကုန်စည်က၊ အဓိက လမ်းပန်း ဆက်သွယ်ရေး မကောင်းဘူး၊ လုံးဝမကောင်းဘူး၊ တောင်ကြီးက မတ်နေတာ၊ ပြီးတော့ ချင်းရွှေဟော်အပေါက် ဖွင့်နေသရွေ့ အဲဒီအပေါက်ကြီးဖွင့်ဖွင့် ကုန်စည်ကတော့ ချင်းရွှေဟော်လောက်တော့ ဘယ်များမလဲ။”

မြန်မာပြည် အရှေ့မြောက်ပိုင်းနဲ့ ချိတ်ဆက်မယ့် ရထားလမ်းပိုင်းကိုလည်း တရုတ်ယူနန်အစိုးရက လင်ချမ်းခရိုင်ထဲမှာ တည်ဆောက်ပြီးပြီဆိုတာကို ပြီးခဲ့တဲ့လက ကုန်စည်ပြပွဲတခုလုပ်ပြီး ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒီပွဲကို လက်ရှိမြန်မာစစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာနက တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့တာပါ။

ကိုးကန့်ဒေသက လက်ရှိ ရှိပြီးသား ချင်းရွှေဟော်ဂိတ်နဲ့အပြိုင် အခုလို နောက်ထပ်ဂိတ်သစ်တခုကို ဆောက်လုပ်နေပေမဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်တွေလောက် သွားလာရ လွယ်ကူမှာမဟုတ်ကြောင်း ရှမ်းပြည်မြောက်ပိုင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်းတာဝန်ခံ စိုင်းဘုန်းမြင့်က ပြောပါတယ်။

“အဲလိုတော့ လမ်းပန်းဆက်သွယ်ရေး အနေနဲ့ကတော့ မဖြစ်နိုင်ဘူး ဟိုဘက်က။ ကုန်စည်စီးဆင်းမှုမှာ အဓိက တွဲကားက အခုနောက်ပိုင်းမှာ အဓိကကျတာကိုး။ အဲဒီဘက်လမ်းက ၁၂ ဘီးပဲ သွားလို့ရတယ်၊ အဲဒီတော့ ကုန်စည်စီးဆင်းမှုက တွဲကားသွားလို့မရရင် မဖြစ်နိုင်ဘူး။ အဓိက က ဒီမူဆယ် အပေါက်ဗျ၊ မူဆယ် ကျယ်ဂေါင်၊ ရွှေလီ၊ မူဆယ်မန်ဝိန်းပေါက်၊ ကျင်စန်းကျော့ပေါက်ပေါ့ အဲဒီနှစ်ခုပေါ့။ ၅ မိုင်ကထွက်လာပြီး ညနေ ၄ နာရီဆိုရင် နောက်တနေ့ မနက်ဆိုရင် မန္တလေး ရောက်ပြီကိုး အဲလိုအနေအထားမျိုး။”

အခု ဂိတ်သစ်ဆောက်နေတဲ့ မိုင်တိုင် BP-125/ 131 နေရာတွေမှာ တရုတ်က ၂၀၂၀ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ခြံစည်းရိုး ကျူးကျော်ကာရံခဲ့လို့ လောက်ကိုင် အုပ်ချုပ်ရေးအဖွဲ့တွေက ကန့်ကွက်ခဲ့ဖူးတာလည်း ရှိပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက ကွမ်းလုံတံတားစီမံကိန်း၊ ချင်းရွှေဟော်ကနေ လားရှိုးအထိ အမြန်ရထားလမ်းဖောက်ဖို့ စီမံကိန်းတွေကို လင်ချမ်းခရိုင်အစိုးရက ၂၀၁၈ ခုနှစ်ထဲမှာ မြန်မာအစိုးရကို တင်ပြခဲ့တာပါ။

ဒါတွေဟာ တရုတ်အစိုးရရဲ့ BRI စီမံကိန်းတွေထဲက တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ လားရှိုးမြို့နဲ့ လင်ချမ်းအကြား ချစ်ကြည်ရေး ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့လည်း မြန်မာအစိုးရနဲ့ ၂၀၁၈ မှာ သဘောတူလက်မှတ် ရေးထိုးထားပါတယ်။

..........................................................................................


(Unicode)









