အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ သတ္တမအကြိမ်အစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် ကျန်ရှိနေတဲ့ အချက် တချု့ိကို နိုဝင်ဘာလထဲမှာ ထပ်မံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအချက်တွေနှစ်ဖက် ဆွေးနွေးညှိနှိုင်း နိုင်ရင် တော့ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးမတိုင်ခင် NCA ကို လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ သတ္တမအကြိမ်အစည်းအဝေးကို ၂ရက်ကြာကျင်းပပြီးတဲ့နောက် DPN ဖက်က တင်ပြထားတဲ့ အဆိုပြုချက်အားလုံးကို အကြေအလည် ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါတယ်။
NCA မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကျန်ရှိနေတဲ့ ဆွေးနွေးညှိနှိုင်းမှုအစီအစဉ်တွေကို နိုဝင်ဘာလ ၈ရက်နေ့မှ ဆက်လက် ညှိနှိုင်းသွားမယ်လို့လည်း ပါရှိပါတယ်။
ဆက်လက်ဆွေးနွေးမယ့် အချက်တွေနဲ့ ပတ်သက်ပြီး DPN အဖွဲ့ရဲ့ ဒုခေါင်းဆောင် နိုင်အောင်မငေးက အခုလို ပြောပါတယ်။
“ အဆိုပြုချက် ၅က ဆွေးနွေးမှုအစီအစဉ်တွေပေါ့။ ဒါမပြတ်သေးဘူး။ ဒါကိုလည်း ဆက်ဆွေးနွေးမယ်။ ကျန်တဲ့အချက်အလက်တွေက နည်းနည်းရှိသေးတာက ဥပမာဆိုရင် ကျနော်တို့ အဆိုပြုချက် ၂ထဲမှာဆိုရင် ဒါကို အဓိပါ္ပယ်ဖော်ပြချက်တို့ အဲဒါနည်းနည်းရှိသေးတယ်ဆိုတော့ ဒါကို နိုဝင်ဘာလ ၈ရက်နေ့မှာ အပြီးသတ်ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ ”
အဆိုပြုချက်၅က နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမူဘောင်အပါအဝင် နှစ်ဖက်လိုက်နာရမယ့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်(COC)၊ စောင့်ကြည့်ရေးလုပ်ငန်းလမ်းညွှန်(ToR)၊ တပ်နေရာချထားရေးစတာတွေကို ကြိုတင် သဘောတူညီဖို့ဆိုတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လာမယ့်ဆွေးနွေးပွဲမှာ ထပ်မံညှိနှိုင်းမယ့် အချက်တွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ အဲဒီမှာ ဘာတွေပါလဲဆိုတော့ တပ်ဖက်ဆိုင်ရာပါတယ်။ ကျနော်တို့ definition ဖွင့်ရမယ့် ကိစ္စတွေမှာ ဘယ်လို နားလည်လဲ ဆိုတာပါတယ်။ နောက်တပ်တွေပြန်လည်နေရာချထားတဲ့ကိစ္စတွေကို ဘယ်လိုအစီအစဉ်နဲ့ လုပ်ကြမလဲ။ အစီအစဉ်ကိုပဲ ကျနော်တို့က ကြိုညှိမှာ။ ပြီးတာနဲ့ နယ်မြေပိုင်းခြားသတ်မှတ်တာ။ အဓိကကတော့ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ DPNဖက်မှာ UNFC ဖက်မှာ တပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်တချို့ ပါလာမယ်။ ဒီဖက်မှာလည်း ကျနော်တို့ အထူးသဖြင့် JMC ဖက်မှာလုပ်နေတဲ့ အစိုရ၊ EAO အဲဒီဖက်က အဖွဲ့တွေနဲ့ ပြန်ပြီးဆွေးနွေးမှာ။ ဆွေးနွေးပွဲပေါ်မူတည်ပြီးတော့ အဲဒါပြီးသွားရင်တော့ နီးသွားပြီပေါ့နော်။ အပိုဒ်၃မှာရေးထားတာက NCA ထိုးဖို့ အတွက် ဒါကျန်နေတာ။”
ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC ရဲ့ ကိုယ်စားလှယ်အဖွဲ့အကြား အဆိုပြုချက် ၈ချက်ကို ဆွေးနွေးနေတာဟာ ၁၅လကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။
ဒီလို ဆွေးနွေးမှုတွေ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး ဦးဇော်ဌေးက အခုလို ပြောပါတယ်။
“ အဓိကကပေါ့နော် ထိလွယ်ရှလွယ်ကိစ္စတွေက တပ်ပိုင်းဆိုင်ရာကိစ္စတွေဖြစ်တယ်။ အခုလက်ရှိ (NCA)ထိုးပြီးသားအဖွဲ့တွေနဲ့တောင် ဖြည်းဖြည်းခြင်းသွားနေရတဲ့အနေအထားလေးတွေရှိတယ်။ အထူးဂရုစိုက်ရမယ်အနေအထားတွေရှိတယ်။ တပ်ပိုင်းဆိုင်ရာကိစ္စဆိုတာက အခြေအနေအကြောင်းမသင့်ရင် သေနတ်ပြန်ပေါက်သွားနိုင်တယ်။ ဒါကြောင့်မို့လို့လည်း ကျနော်တို့ အချိန်ယူပြီးလုပ်နေရတာပါတယ်။ အခုလက်ရှိ ထိုးထားတဲ့အနေအထားပေါ်မှာ UNFC အနေနဲ့လည်း တချို့ စိုးရိမ်ပူုပန်မှုလေးတွေ ရှိတဲ့အခါ အကြေအလည်ဆွေးနွေးနေတာဖြစ်တယ်။ ကျန်တဲ့ အကြောင်းအချက် မရှိပါဘူး။”
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်ကတော့ နိုဝင်ဘာ၈ရက်နေ့မှာ ဆွေးနွေးညှိနှိုင်းလို့ ပြီးပြတ်မယ်ဆိုရင် အဆိုပြုချက် အမှတ်၉အရ NCA ကိုလက်မှတ်ရေးထိုးဖို့ ရှိကြောင်း ပြောပါတယ်။
သတ္တမအကြိမ်မြောက်ဆွေးနွေးပွဲအပေါ်မှာတော့ နားလည်မှုပိုမိုရခဲ့သလို အားရကျေနပ်ကြောင်းလည်း နှစ်ဖက် ပြောခွင့်ရသူတွေက ပြောသလို လာမယ့် နိုဝင်ဘာဆွေးနွေးပွဲမှာတော့ ပြီးပြတ်တဲ့ သဘောတူညီချက်ရမယ့် အလားအလာတွေရှိနေကြောင်းလည်း သုံးသပ်ကြပါတယ်။
Your browser doesn’t support HTML5