တတိုင်းပြည်လုံးငြိမ်းချမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ (NCA) လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် အထိမ်းအမှတ်နေ့မှာ အခုလိုတိုက်တွန်းလိုက်တာပါ။ ဒီလိုမျိုး တိုင်းရင်းသားလက်နက်ကိုင်တွေကို NCA လမ်းကြောင်းကိုပဲ လျှောက်လှမ်းဖို့ အစိုးရနဲ့တပ်ဘက်က ဖိအားပေးမှုတွေကြောင့်၊ ရှေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပြေလည်မှုတွေထက် အကြပ်အတည်းတွေသာ ပိုကြုံလာရနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်နေပါတယ်။ မဆုမွန်က ပြောပြပါမယ်။
ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့ က သမ္မတဦးသိန်းစိန်လက်ထက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့တို့ကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement NCA လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာလ ၁၅ရက်နေ့မှာတော့ (NCA) လက်မှတ်ရေးထိုးခြင်း (၂)နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာတော့ -(၂၁)ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့တာလည်း ဒုတိယအကြိမ် ပြီးစီးခဲ့ပြီ ဖြစ်ပြီး အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ်NCA အပေါ်အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။
ဒီကနေ့ NCA ၂ နှစ်ပြည့်အခမ်းအနားမှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဌလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NCA လက်မှတ်ရေးထိုးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို လျှောက်ကြဖို့ ထပ်ပြီးဖိတ်ခေါ်ပါတယ်။
“ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ချိန်မှာ NCA လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆဲအဖွဲ့တွေ ရှိနေသလို အခြား တစ်ဖက်မှာလည်း NCA ကို လက်မခံနိုင်သေးတဲ့အဖွဲ့တွေ ရှိနေခဲ့ ပါတယ်။ ဒီအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားပြီး လက်ကမ်းကြိုဆိုလျက်ရှိနေပါတယ်။ နိုင်ငံရေးဆွေး နွေးပွဲတွေမှာ အားလုံး လက်ခံနိုင်တဲ့ အခြေခံမူတွေ ဖြစ်အောင် ရည်ရွယ်ပြီး ဆွေးနွေးညှိ နှိုင်းခဲ့ကြတာဖြစ်ပါတယ်။ NCA လက်မှတ် မထိုးဘဲ ကျန်နေသေးတဲ့အဖွဲ့တွေ အားလုံးအနေနဲ့လည်း အနာဂတ် နိုင်ငံတော် အတွက် ဖက်ဒရယ်အခြေခံမူတွေ ချမှတ် တဲ့လုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့ အစဉ်အမြဲ ဖိတ်ခေါ် ထားပါတယ်။ တစ်ကယ်တော့ NCA ဆိုတာ ကျွန်မတို့ ပြည်ထောင်စုရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရဲ့ စတင်မှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ NCA ဟာ လမ်းဆုံးခရီး မဟုတ်ပါဘူး။ NCA ကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ တက်လှမ်းမယ့် ငြိမ်းချမ်းရေးညီလာခံတံခါးကို ဖွင့်လှစ်ပေး လိုက်ခြင်း ဖြစ်တယ် ဆိုတာကို ဒီကနေ့ ထပ်လောင်း ပြောကြားလိုပါတယ်။ ”
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တိုင်းပြည်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးကြဖို့ NCA နှစ်နှစ်ပြည့်အခမ်းအနားမိန့်ခွန်းမှာ တိုက်တွန်းပါတယ်။
“NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုမရှိလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ပြောနေတဲ့ အဖွဲ့အချို့ရှိပါတယ်။ NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့်ကတော့ ဒါ့ထက် ပိုမိုကျယ်ပြန့်ပါတယ်။ နက်ရှိုင်းပါတယ်။ ဒါ့ကြောင့် NCA ကိုလက်မှတ်ထိုးဖို့လိုအပ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်။ ဒီစာချုပ်မှာပါတဲ့ကိစ္စတွေဟာ တိုင်းရင်းသား ပြည်သူလူထုရဲ့အခွင့်အရေးကို ကန့်သတ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ပိတ်ပင်ထားတာ တစ်ခုမှမပါပါဘူး။ အခွင့်အရေးကို ပေးနိုင်သမျှ ပေးထားတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။ ဒါကိုဆက်လက်ပြီး မသိကျိုးကျွန် ပြုနေရင် ပြည်သူလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီစနစ်ကိုဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး “သူတစ်လူ၊ ငါတစ်မင်း” စနစ်ကို တည်ထောင်လိုခြင်းနှင့် ပြည်ထောင်စုနဲ့ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုလိုခြင်းလို့ ယူဆရမှာဖြစ်ပါတယ်။”
ဒါ့အပြင် ဒီမိုကရေစီနည်းလမ်းနဲ့အညီ နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ လက်နက်စွဲကိုင်တဲ့လမ်းစဉ်ကို စွန့်လွှတ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က ထပ်မံတိုက်တွန်းပါတယ်။
“ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သူအားလုံးဟာ နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ တည်ဆဲ ဥပဒေများကိုလေးစား လိုက်နာဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်မှုများကိုလည်း လက်ခံကြရမှာဖြစ်ပါတယ်။ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကိုလည်း ဒီမိုကရေစီမူဘောင် အတွင်းကနေ ဖြေရှင်းသွားရမှာဖြစ်ပါတယ်။ ဒီလိုပဲ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး လိုရာတောင်းဆိုမှုမျိုးကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ ပထမဆုံး စတင်လျှောက်လှမ်းရမယ့် ခြေလှမ်းကတော့ ဒီ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်းပဲ ဖြစ်ပါတယ်။”
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အစိုးရကြား လက်တွေ့ကျတဲ့ အခြေခံသဘောတူညီမှုတွေကိုတောင် ညှိနှိုင်းနေရဆဲအခြေအနေမှာ အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်ကရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်ကပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် NCA လက်မှတ်ရေးထိုးဖို့ ဖိအားပေးတိုက်တွန်းမှုတွေ ကြောင့် ရှေ့ဆက်အကျပ်အတည်းတွေနဲ့ကြုံလာရနိုင်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်ဦးမောင်မောင်စိုးကတော့ သုံးသပ်ပါတယ်။
“ဒီနေ့မိန့်ခွန်းအရဆိုရင်တော့ NCA ကတော့ တပြားမှ လျော့မှာမဟုတ်ဘူး NCA မထိုးရင်တောင် ငြိမ်းချမ်းရေးကို မလိုလားသူတွေအဖြစ် တင်သွားတဲ့အခါကျတော့ ရှေ့လျောက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက နည်းနည်းတော့ အကျပ်အတည်းတွေ့ဦးမယ်လို့ထင်ပါတယ်။ ဒီအတိုင်းဆက်သွားရင်တော့ တင်းမာမှုများလာလိမ့်မယ်လို့ထင်တယ်ခင်ဗျ။ အဓိကတော့ တတိယအကြိမ်ညီလာခံမတိုင်ခင်မှာ UNFC ဖြစ်ဖြစ် ဒီမြောက်ပိုင်း ၇ ဖွဲ့နဲ့ပဲဖြစ်ဖြစ် ဆွေးနွေးမှုတွေပြုလုပ်နိုင်မယ်ဆိုရင်တော့ အခြေအနေ တစုံတရာကောင်းလာနိုင်တာပေါ့။ အဲလိုမဟုတ်ပဲနဲ့ ဆက်သွားမယ့် ပုံစံမျိုးဖြစ်နေမယ်ဆိုရင်တော့ အခြေအနေဟာ တမျိုးပြောင်းသွားနိုင်မယ်လို့ ထင်ပါတယ်။”
ပြီးခဲ့တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတုန်းက သဘောတူညီချက် မရရှိသေးတဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့နဲ့ နောက်ထပ် အခြေခံမူတွေ ချမှတ်နိုင်ဖို့ ဒီနှစ်၂၀၁၇ ခုနှစ်အတွင်းမှာပဲ နောက်ထပ် ငြိမ်းချမ်းရေးညီလာခံတစ်ကြိမ် ကျင်းပဖို့ရှိနေတာပါ။ ဒီ တတိယအကြိမ်ညီလာခံကနေ ထပ်မံရရှိလာမယ့် အခြေခံမူတွေကတဆင့် အသေးစိတ်မူတွေဖြစ်တဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်တွေအကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှုနဲ့ အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုမှာ အာဏာကို ဘယ်လို ခွဲဝေအုပ်ချုပ်မလဲဆိုတာတွေ ဆွေးနွေးကြဖို့ရှိနေပါတယ်။ ဒါတွေ ပြီးပြတ်ရင်တော့ ဖယ်ဒရယ်နဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ အုတ်မြစ်တခု ထွက်ပေါ်လာပြီလို့ ဆိုနိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က NCA နှစ်နှစ်ပြည့် အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။