မြစ်ကြီးနားစီးပွားရေးဇုံ သက်တမ်းတိုးရေးမှာ ပွင့်လင်းမြင်သာမှုအားနည်းကြောင်း အရပ်ဖက်အဖွဲ့တွေ ထောက်ပြ

မြစ်ကြီးနားစီးပွားရေးဇုံပြုလုပ်ရေးအတွက်ဆေးနွေးစဉ်

(Zawgyi/Unicode)

သက်တမ်းထပ်တိုးဖို့ရှိတဲ့ မြစ်ကြီးနားစီးပွားရေးဇုံ အကောင်အထည်ဖော်ဆောင်ရွက်ရေး သဘောတူညီမှုအဆင့်ဆင့်မှာ ပွင့်လင်းမြင်သာမှု အားနည်းနေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေတယ်ဆိုတဲ့ သတင်းကို ကိုဇော်ထက် ပြောပြမှာပါ။

တရုတ် ယူနန်ထိန်ချုံးဟိန်ရုံကုမ္ပဏီ ( Yunnan Tengchong Heng Yong Investment Company) နဲ့ ကချင်အစိုးရ ပူးပေါင်းပြီး ဧက ၄၇၀၀ ရှိတဲ့ မြစ်ကြီးနား စီးပွားရေးဇုံ အကောင်အထည်ဖော်ဖို့ ၂၀၁၉ ဩဂုတ်လ ၈ရက်မှာ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့တာ မကြာခင်သက်တမ်း ကုန်တော့မှာပါ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ မြေယာဆုံးရှုံးမှုတွေနဲ့ အငြင်းပွားနေတဲ့ ဒီစီမံကိန်းကို စာချုပ်သဘောအရ မကြာခင်သက်တမ်းထပ်တိုးဖို့ရှိပါတယ်။ ကချင်ပြည်နယ် စီမံဘဏ္ဍာ ဝန်ကြီး ဦးဝေလင်းက အခုလိုပြောပါတယ်။

“ MOU ထဲမှာလည်း ပါတယ်ပေါ့၊ လုပ်ငန်းအကောင်အထည်မဖော်နိုင်သေးခင်ထိ MOU သက်တမ်းကုန်ဆုံးရင် သက်တမ်းတိုးခွင့်ပေါ့နော်။ ဒါပေမဲ့ မြေပြင် အခြေအနေအရတော့ process တွေက အများကြီးကျန်ပါသေးတယ်။ မြေကိစ္စရှင်းပြီးရင်တောင်မှ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့အညီ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာနဲ့ ကျနော်တို့ တင်ဒါခေါ်မဲ့ အပိုင်းတွေကျန်တယ်။ ( ရင်းနှီးမြှုပ်နှံမှုကော်မရှင်) MIC ရဲ့ ခွင့်ပြုချက်ရအောင်လည်း တင်ပြဖို့လိုတယ်။ ဆိုတော့ အချိန်က လိုပါသေးတယ်ခင်ဗျ။”

အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ သန္ဓိအဖွဲ့ Sandhi Governance Institute က ဒီကနေ့ မီဒီယာတွေ့ဆုံပွဲ တခုလုပ်ပြီး ဒီစီမံကိန်းနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ပြောပြခဲ့ပါတယ်။ တရုတ်ယူနန်ထိန်ချုံးကုမ္ပဏီရဲ့ တိကျတဲ့ စာရင်းဇယားမရှိတာ၊ စီမံကိန်း ငွေကြေး ဖွဲ့စည်းပုံမရှိတာ ဒါတွေကို သန္ဓိအဖွဲ့ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးခိုင်ဝင်းက ထောက်ပြခဲ့ပါတယ်။

“ MOU လက်မှတ်ထိုးတာ၊ မြေပြင်မှာသွားပြီးတော့ စီမံဘဏ္ဍာဝန်ကြီးနဲ့ အရင်ဝန်ကြီးပေါ့ ဦးကျော်ဝင်းနဲ့ တွေ့တဲ့ဟာ၊ ကချင်ပြည်နယ် အစိုးရနဲ့တွေ့တဲ့ ဟာမျိုးတွေတွေ့ရတယ်။ သူ့ရဲ့ website ဘာညာ ကောင်းကောင်းကို မတွေ့ရဘူးဖြစ်နေတယ်။ သူတို့မှာ ဘယ်လိုမျိုး အရည်အချင်းရှိလဲ၊ developer လုပ်နိုင်တဲ့ အရည်အချင်းရှိသလားဆိုတာ ကျနော်တို့ စိုးရိမ် ပူပန်စရာ ရှိနေတယ်။”

အခုတကြိမ် သက်တမ်းထပ်တိုးရင်တော့ ကုမ္ပဏီဘက်က သေးစိတ်အချက်အလက်တွေကို တင်ပြလာနိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းနေတာလည်း ရှိပါတယ်။ မြန်မာအစိုးရက အဆိုပြုတဲ့စီမံကိန်းမဟုတ်ဘဲ တရုတ်ကုမ္ပဏီဘက်က ကမ်းလှမ်းထားတဲ့စီမံကိန်းဖြစ်လို့ ဒီအပေါ်မှာလည်း အစိုးရက လေ့လာစောင့်ကြည့်ဖို့ အရပ်ဖက်အဖွဲ့တွေက အကြံပြုကြပါတယ်။

မြေယာသိမ်းမှုကိစ္စတွေလည်း ဖြစ်လာနိုင်တဲ့အပေါ်မှာလည်း ဒေသခံတွေက ထောက်ပြကြပါတယ်။ စီမံကိန်းကပြန်ရမယ့်အကျိုးအမြတ်၊ တရုတ်လုပ်သားအများအပြား တင်သွင်းလာနိုင်မှု၊ တရားမဝင် လုပ်ငန်းတွေ တွင်ကျယ်လာနိုင်တာတွေကိုလည်း အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေပါတယ်။

Your browser doesn’t support HTML5

မြစ်ကြီးနားစီးပွားရေးဇုံ သက်တမ်းတိုးရေးမှာ ပွင့်လင်းမြင်သာမှုအားနည်းကြောင်း အရပ်ဖက်အဖွဲ့တွေ ထောက်ပြ


............


(Unicode)






