မြန်မာအမျိုးသမီး ဘောလုံးလက်ရွေးစင်တဦး ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု

မိန်းကလေး ဘောလုံးသမား မစန်းသော်သော်

အင်္ဂလန်က ဘောလုံးသမား Wayne Rooney ကိုအားကျခဲ့တဲ့ အသက် ၁၉ နှစ်အောက် တိုက်စစ်မှူး စန်းသော်သော်ဟာ ဘောလုံးသမားဖြစ်ဖို့ ကလေးဘဝကတည်းက လယ်ကွင်းတွေထဲမှာ လေ့ကျင့်ခဲ့တာပါ။ ပြည်တွင်း အားကစားသမားတွေထက် အင်္ဂလန်က Premier League ပွဲတွေကိုသာ အားပေးကြတဲ့ မြန်မာပရိတ်တွေကြားမှာ မိန်းကလေး ဘောလုံးသမားတွေအတွက် ပိုပြီး အခက်အခဲနဲ့ ရင်ဆိုင်ရကြောင်း AFP သတင်းဆောင်းပါးကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဧရဝတီတိုင်း၊ ညောင်တုန်းမြို့က မွေးချင်း ၅ ယောက်ထဲမှာ တယောက်ဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် မစန်းသော်သော်ဟာ တခါတရံမှာ မိန်းကလေးတွေ ဘောလုံးကစားတာကို ရှုတ်ချတတ်ကြတဲ့ မြန်မာနိုင်ငံမှာ ထူးချွန်တဲ့ အမျိုးသမီးဘောလုံးသမားဖြစ်ဖို့ ကြိုးစားနေတာပါ။ ဒါကြောင့်လည်း ဘောလုံးဝါသနာပါတဲ့သူ့ကို အဘိုးဖြစ်သူက ငယ်ငယ်ကတည်းက အားပေးခဲ့တယ်လို့ မစန်းသော်သော်က ပြောပါတယ်။

“သူက အရမ်းအားပေးတယ်။ သူကိုယ်တိုင်ကလည်း ဖြစ်စေချင်တယ်ကျနော့်အဖိုးက။ မင်းဖြစ်ချင်တယ်ဆိုရင်တော့ လုပ်ပေါ့လို့ပြောတယ်။ ကျနော်ကိုယ်တိုင်ကလည်းဖြစ်ချင်တယ်။ ပြန်သွားချင်တယ်။ ဟိုမှာ ဘယ်လိုရှိတယ် ဘယ်လိုနေရတယ်ပေါ့၊ ဒီမှာက ရွာမှာနေတာထက်စာရင်တော့ အများကြီးသာတယ်။”

အခုချိန်မှာတော့ ရွာက သူ့သူငယ်ချင်းတွေဟာ အိမ်ထောင်ကျတဲ့သူတွေ ကျကုန်ကြပြီလို့ မစန်းသော်သော်က ပြောပါတယ်။

“တချို့ကျနော့်သူငယ်ချင်းတွေဆိုရင် အိမ်ထောင်တွေကျတဲ့သူတွေ ကျကုန်ပြီ။ ကျောင်းမတတ်တော့ဘူး သူ့ဟာသူ အလုပ်လုပ်သူက လုပ်နေပြီ။ သူ့အလုပ်နဲ့သူပေါ့နော် အဲလိုမျိုး လုပ်ကြတယ်။ ကျနော်ကတော့ ဒီရောက်လာတယ် ဘာလဲဆိုတော့ လူမှုရေးပေါ့ လူတွေအများနဲ့ အမြင်ကျယ်သွားတဲ့အတွက် အများနဲ့ ဘယ်လို ဆက်ဆံရတယ်ဆိုတာပေါ့။”

လွန်ခဲ့တဲ့ ၅ နှစ်တုန်းက လယ်ကွင်းတွေကို စွန့်လွတ်ပြီး အသက် ၁၄ နှစ်အောက် အမျိုးသမီးလက်ရွေးစင်အသင်းမှာ ကစားဖို့ ရန်ကုန်ကို ပြောင်းလာခဲ့တာတာမှာ ၂၀၁၆ ခုနှစ်မှာ မြန်မာ့လက်ရွေးစင်ဟောင်း သန်းသန်းထွေးက တွေ့သွားပြီး သူလက်ရှိ နည်းပြအဖြစ်လုပ်နေတဲ့ ဇွဲကပင် ယူနိုက်တက်အသင်းအတွက် ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ဘောလုံးသမားဖြစ်လိုတဲ့ မိန်းကလေးတွေအတွက် စိန်ခေါ်မှု၊ အခက်အခဲတွေရှိတယ်ဆိုတာကို မစန်းသော်သော် သိပါတယ်။ ဂါနာ၊ ကင်မရွန်းနဲ့ ဆလိုဗက်ကီးယားလိုနိုင်ငံတွေထက်သာပြီး မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၄၄ ရှိပေမယ့် ပြည်ပမှာ ယှဉ်ပြိုင်ဖို့ အခက်အခဲတွေ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

“ခက်တယ်ဆိုတာ သူများနိုင်ငံတွေနဲ့ ကွာတယ်ဆိုတာက သူများနိုင်ငံတွေမှာက ၇ နှစ် ၈ နှစ်အရွယ်လောက်ကတည်းက သင်နေတယ်ပေါေ့နာ်။ ကျနော်တို့မှာ ၁၃-၁၄ အရွယ်လောက်မှ သင်တယ်ဆိုတာက သူတို့နဲ့ ကျနော်တို့နဲ့ ဘောလုံး ဝါသနာပါတာကတော့ တူတယ်။ သူတို့က ငယ်ငယ်လေးကတည်းက သင်တယ် ပြောမယ်ဆိုရင် သူတို့က senior ကျတယ်။ အသက်အရွယ်ချင်း တူပေမယ့် Senior ၇ နှစ် ၈ နှစ်လောက်ကတော့ ကျနေတာပေါ့နော်။ အဲဒါကြောင့်မို့လို့ ကွာဟနေတယ်ပေါ့နော်။”

မိဘနောက်ခံမတောင့်တဲ့ သူတို့လိုလူတွေအတွက် ဘောလုံးကစားနိုင်ရေးဟာ အရေးကြီးတယ်ဆိုတာကိုလဲ သူက ပြောပြပါတယ်။

“တချို့မိဘတွေကျတော့ ပိုက်ဆံရှိရင်ရှိလိမ့်မယ်၊ အလုပ်အကိုင်ရှိရင် ရှိလိမ့်မယ်။ တချို့မိဘတွေကျတော့ အလုပ်အကိုင်မရှိဘူး ဘာမှ မရှိဘူးဆိုရင်ပေါ့။ အဲလိုမျိုးဆိုရင် ဒီဘောလုံးမကစားတော့ဘူးဆိုရင် ကျနော်တို့ဘဝတွေက လမ်းဘေးပဲ ရောက်ကုန်မှာပေါ့။”

သူအိပ်မက်ကတော့ တနေ့ ဥရောပတိုက်မှာ ဘောလုံးသွားကစားနိုင်ရေးဖြစ်တာကြောင့် အားလပ်တဲ့အချိန်တိုင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ သူဟာ သူ့ရဲ့ဟီးရိုး Wayne Rooney လိုဘဲ တခါတရံမှာ ကစားကြမ်းတတ်တယ်လို့ ဆိုပါတယ်။

“ကျနော်က ဘောလုံးစကန်ကတည်းက Rooney ကိုကြိုက်တယ်။ သူ့ကို ကြိုက်တော့ သူနဲ့ တူနဲ့အချက်က ကျနော်လည်း အဲလိုပဲ aggressive ဖြစ်တယ် စိတ်က။ ကွင်းထဲမှာရောက်ရင် နိုင်ချင်တယ်။ နိုင်ချင်တဲ့အတွက် အားအရမ်းသုံးတယ်။ ကိုယ့်မှာရှိသလောက် လိုက်ကစားတယ်ပေါ့နော် ဘာညာမသိဘူး။”

ဧပြီလတုန်းက မြန်မာအမျိုးသမီးအသင်းက AFC အိုလံပစ် ခြေစစ်ပွဲ ကွာတားဖိုင်နယ်အထိ တက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံက ဘောလုံးအသင်းတွေထက်၊ အထူးသဖြင့် အမျိုးသမီးအသင်းတွေထက် အင်္ဂလန်က Premier League ပွဲတွေကိုသာ အာရုံစိုက်ကြတဲ့ မြန်မာပရိတ်သတ်အတွက် အဲဒီအောင်မြင်က စိတ်မလှုပ်ရှားစေခဲ့ပါဘူး။ သူတို့ရဲ့ ဘောလုံးပွဲတွေကို ပရိတ်သတ် တယောက်၊ နှစ်ယောက်ဘဲလာပေမယ့်လည်း သူ့အနေနဲ့ စိတ်မကောင်းမဖြစ်မိဘူးလို့ မစန်းသော်သော်က ပြောပါတယ်။

Your browser doesn’t support HTML5

မြန်မာအမျိုးသမီး ဘောလုံးလက်ရွေးစင်တဦး ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု


Your browser doesn’t support HTML5

မြန်မာအမျိုးသမီးဘောလုံးသမားနဲ့ စိန်ခေါ်မှုများ