အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၉- Hero Gold Cup အမျိုးသမီး ဘောလုံးပွဲ မှာ ဖေဖေါ်ဝါရီလ ၁၃ ရက် ပွဲစဉ်အတွင်း မြန်မာအမျိုးသမီးဘောလုံးအသင်းက အိန္ဒိယ အမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲကို တက်သွားပါပြီ။
Hero Gold Cup ဘောလုံးပွဲစဉ်မှာ အများက ထင်ကြေးပေးထားတဲ့ အစဉ်အလာရှိတဲ့ အီရန်နဲ့ အိန္ဒိယ ဘောလုံးအသင်းတွေအစား မြန်မာနဲ့ နီပေါလ် အမျိုးသမီးဘောလုံးနှစ်သင်း ဟာ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှာ ပြုလုပ်မယ့် နောက်ဆုံးဗိုလ်လုပွဲ တက်လာတာ ဖြစ်ပါတယ်။ ဧပြီလမှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ် ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အခုလို နိုင်ငံတကာဘောလုံးပြိုင်ပွဲတွေမှာ မြန်မာအမျိုးသမီး ဘောလုံးအသင်း အလားအလာ ဘယ်လိုရှိနေလဲ။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
မနေ့က အိန္ဒိယနိုင်ငံ အရှေ့ဘက် Odisha ဒေသ Bhubaneswar မြို့ Kalinga အားကစား ကွင်းမှာ မြန်မာနဲ့ အိန္ဒိယ အမျိုးသမီးဘောလုံးအသင်း နှစ်သင်း ယှဉ်ပြိုင်ကစားရာမှာ ပွဲစပြီး စက္ကန့် ၄၇ စက္ကန့်အကြာမှာ မြန်မာအသင်းရဲ့ နံပါတ် (၁၉) က ပထမဆုံး ဂိုး သွင်းခဲ့တာဖြစ်ပါတယ်။
မြန်မာရဲ့ ဒုတိယဂိုးကိုတော့ နံပါတ် (၇) က ပန်နတီဂိုးအဖြစ် သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ နှစ်သင်းစလုံး အကြိတ်အနယ် ကစားခဲ့ပေမယ့် မြန်မာဘက်က ပွဲစဉ်အစမှာ ဖိပြီး ကစားနိုင်တာ တွေ့ရပါတယ်။ အခုလို မြန်မာ အမျိုးသမီးဘောလုံးအသင်းက အိမ်ရှင် အိန္ဒိယ အမျိုးသမီးဘောလုံးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုမှာနေထိုင်တဲ့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ကိုယဉ်ထွေးက အခုလို သုံးသပ်ပါတယ်။
“သူတို့မြန်မာအမျိုးသမီးဘောလုံးအသင်းက ဒီပွဲမတိုင်ခင်ကနေပြီးတော့ မြန်မာပြည်မှာ ကန့်သွင်းပြီးတော့ လေ့ကျင့်လာတာ တော်တော်ကြာလာခဲ့ပြီ။ ဘာကြောင့်လည်း ဆိုတော့ Hero Gold Cup ကို ပြိုင်ဖို့ အတွက်ရယ်၊ နောက်တခုက ၂၀၂၀ မှာ အိုလံပစ်မှာ ပြိုင်ပြီးတော့ ခြေစစ်ပွဲ ပြိုင်ပွဲဝင်ဖို့အတွက် ဆိုပြီး ခြေစစ်ပွဲတွေ ကစားပြီးတော့ မြန်မာပြည်မှာရှိတဲ့ အသင်းတွေနဲ့ ကစားလာခဲ့တာ။ ကျနော်လည်း ဘောလုံးသမား အနေနဲ့တော့ ဘယ်အသင်း ကစားကစား ကိုယ့်ဗမာလို့ နာမည်ပါလာပြီဆို နိုင်စေချင်တယ်။ ဒါကြောင့်မို့ ကျနော်စောင့်ကြည့်လာတဲ့အခါမှာ ပထမ အီရန်ကို နိုင်ခဲ့တယ်၊ ခု ဒုတိယ အကြိမ် အိမ်ရှင်ဖြစ်တဲ့ အိန္ဒိယကိုလည်း ၂ ဂိုး ဂိုးမရှိ နိုင်ခဲ့တယ်ဆိုတော့ မြန်မာ့ ခြေစွမ်းက နည်းနည်းလေးပေါ့ ခြေစွမ်းတက်လာတယ်လို့ ပြောရမယ်။ နောက်တခုက Hero Gold Cup ကလည်း ဘာကို အထောက်အကူပြုလဲဆိုတော့ ၂၀၂၀ အိုလံပစ် ကို ကစားဖို့ ခြေစစ်ပွဲဝင်ဖို့အတွက် မြန်မာအသင်းဝင်ဖို့အတွက်ကိုလည်း သူက အထောက် အကူဖြစ်တယ်။”
ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့မှာ ကျင်းပမယ့် နောက်ဆုံးဗိုလ်လုပွဲမှာ နီပေါလ်နဲ့ မြန်မာ တွေ့ကြမှာဖြစ်ပါတယ်။ ဒါကြောင့် နီပေါလ် အမျိုးသမီးဘောလုံးအသင်းရဲ့ အလားအလာ အပေါ်မှာရော ကိုယဉ်ထွေး အမြင် ဘယ်လိုရှိလဲ။
“သူတို့ကလည်း ခု Hero Gold Cup နာမည်လေးတလုံးနဲ့နေခဲ့တာ။ ဘာကြောင့်လည်း ဆိုတော့ နီပေါလ်ဆိုတာ အဲ့လောက်ကြီးလူတွေက နာမည်ကြားတာနဲ့ နီပေါလ် အဲ့လောက်ကြီး မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ လူတွေက တွက်ထား တာ အိန္ဒိယရှိမယ်၊ အီရန်တွက်ထားမယ်။ ကျနော်တို့ မြန်မာအမျိုးသမီးအသင်းတောင် အဲ့လောက်မတွက်ထားဘူး။ ဒါပေမဲ့လည်း ကျနော် ရွက်ပုံးသီးတွေ ထပြီးကြွေတဲ့အခါကျရင် အဲ့ကြွေလာတဲ့အလုံးတွေက ဘယ်လောက်လှလဲဆိုတာ လူတွေသိသလိုပဲ။ နီပေါလ်လည်း သူတို့အသင်းများနဲ့ မထင်မှတ်တဲ့အထဲကနေပြီးတော့ ထိုးထွက်လာခဲ့တဲ့ အသင်းတသင်း သူ့ခြေစွမ်းလည်း မသေးလှဘူး၊ သူတို့လည်း အောက်ခြေကနေ ခွပ်ပြီး ကစားလာခဲ့တဲ့ အသင်းပဲပေါ့။
ကျနော်တို့ ပြောမယ်ဆိုရင်တော့ အောက်ကနေပြီးတော့ ခံတိုက်လာပြီးတက်လာတဲ့ အသင်းတသင်းဆိုတော့လည်း သူကိုတော့ ထည့်တွက်လို့တော့မရဘူး။ သူလည်း ဘာပဲဖြစ်ဖြစ် ကောင်းတယ်လို့ပြောလို့ရတဲ့ အသင်းထဲမှာပါတယ်ပေါ့ဗျာ။ အိန္ဒိယလို အသင်းမျိုးတွေ အီရန်လို အသင်းမျိုးတွေကိုတောင် ခံကစားလာနိုင်ခဲ့တယ်ဆိုတော့ ကောင်းတဲ့ အသင်းထဲမှာပါတယ်။ ဒါကြောင့်မို့ မြန်မာနဲ့ နီပေါအသင်းကတော့ ကြည့်ကောင်းမယ့် ပွဲလေးတပွဲပေါ့ဗျာ။ သူ့ကြေ ကိုယ်ကြေကစားတဲ့ အခါ သူ့ခြေစွမ်းကလည်း မနိမ့်လောက်ဘူးထင်တဲ့အတွက် ဒီ Hero Gold Cup မှာတော့ မြန်မာ အသင်းဗိုလ်စွဲမယ်လို့ ကျနော်မျှော်လင့်တယ်ပေါ့နော်။”
ဗိုလ်လုပွဲမှာ နီပေါလ်အသင်းကို နိုင်ခဲ့မယ်ဆိုရင် မြန်မာအသင်းအနေနဲ့ ဧပြီလမှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ် ခြေစစ်ပွဲမှာ ပိုပြီး အလားအလာကောင်းနိုင်တယ်လို့ ကိုယဉ်ထွေးက ပြောပါတယ်။
“ဧပြီလမှာ လာမယ့် ၂၀၂၀ ခြေစစ်ပွဲမှာလည်း မြန်မာရယ်၊ အိန္ဒိယရယ်၊ အင်ဒိုနီးရှားရယ်၊ နီပေါလ်ရယ် ပြန်တွေ့ကြမှာ ဆိုတော့ မြန်မာအသင်းက ဒီနီပေါလ်ကို နိုင်နိုင်မှ ၂၀၂၀ ခြေစစ်ပွဲ ကိုလည်း အောင်မြင်နိုင်မယ့် အခြေအနေလေးရှိတာတွေ့ရတယ်ခင်ဗျ။ ဒါကြောင့်မို့ ကျနော်ကတော့ ဒီ Hero Gold Cup မှာ မြန်မာရပါစေလို့ပဲ ဆုတောင်းတယ်။ ဒါမှလည်း ကျနော်တို့ ခုနလိုပဲ ကျနော်တို့ မကြားခဲ့တဲ့ မြန်မာနိုင်ပြီ၊ ဒို့ဗမာနိုင်ပြီ။ ဆိုတဲ့ အသံလေးလည်း ပြန်ကြားရမှာပေါ့လေ။ ဒါကြောင့်မို့ ကျနော်မျှော်လင့်တယ်။ နီပေါလ်ကိုလည်း နိုင်စေချင်တဲ့ ဆန္ဒတော့ရှိတယ်။ ဗမာ တယောက်အနေနဲ့ နိုင်ပါစေ လို့လည်း ဆုတောင်းခဲ့ပါတယ်။”
Hero Gold Cup ၂၀၁၉ ပွဲစဉ်တွေကို ဖေဖေါ်ဝါရီလ (၉) ရက်နေ့မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပြီး အိမ်ရှင် အိန္ဒိယ၊ အီရန်၊ မြန်မာနဲ့ နီပေါလ် အသင်း လေးသင်းတို့ ခြောက်ရက်ကြာ ပတ်လည်ကစားခဲ့ကြပြီးနောက် နီပေါလ်က အိန္ဒိယနဲ့ အီရန်ကို အနိုင်ဂိုးသွင်းပြီး ၆ မှတ် ရထားသလို၊ မြန်မာကလည်း အီရန်နဲ့ အိန္ဒိယကို အနိုင်ဂိုးသွင်းပြီး ၆ မှတ်ရထားတဲ့အတွက် ဗိုလ်လုပွဲမှာ ဒီနှစ်သင်းတွေ့ကြမှာဖြစ်ပါတယ်။