မြန်မာနိုင်ငံမှာ မကြုံစဖူးပြင်းထန်တဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် ဧပြီလလယ်မှာ နေပြည်တော်တဝိုက် အိမ်ခြေ ၂၀၀ လောက်ပျက်စီးပြီး ၈ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ သဘာဝဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ကတော့ ပြင်းထန်တဲ့မုန်တိုင်းနဲ့ ရာသီဥတုဖေါက်ပြန်မှုတွေဟာ သဘာဝဝန်းကျင်ပြောင်းလဲမှုတွေကြောင့် ပေါ်လာတာဖြစ်သလို ဒီလို ဥတုရာသီဖေါက်ပြန်တာကလည်း သဘာဝဝန်းကျင်ကို ထိခိုက်စေတယ်လို့ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြပေးထားပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေက ဆိုးဝါးလာတယ်လို့ ပြောလို့ရပါသလား။
ဒေါ်အေးအေးးကြည်။ ။ ဟုတ်ကဲ့။ ရာသီဥတုအခြေနေကတော့ မြန်မာပြည်က ဆိုးဝါးလာတယ်။ ကမ္ဘာကြီးကဆိုးဝါးလာသလို မြန်မာပြည်ကလည်း ဆိုးဝါးလာတာပါ။ ဒါပေမယ့် တချက်က ဘာလဲဆိုတော့ ကမ္ဘာ့နိုင်ငံတွေက ဒီဆိုးဝါးလာတဲ့ရာသီဥတုနဲ့ပတ်သက်ပြီးတော့ လိုက်လျောညီထွေအောင် ပြင်ဆင်မှု ကလေးတွေလုပ်ကြတယ်။ မြန်မာပြည်မှာက မလုပ်တဲ့အပြင် ပိုဆိုးစေတဲ့အခြေအနေတွေကလည်း ပိုပြီးတော့ များပြားလာတယ်လို့ မြင်ပါတယ်။
ဒေါ်ခင်မျိုးသက်။ ။ ဆိုတော့... အဓိက,က သဘာဝ ပတ်ဝန်းကျင်ကြောင့်လို့ သုံးသပ်ကြပါတယ်။ ဒီလို ရာသီဥတုတွေ ဆိုးလာတာကို။ သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာတယောက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနေအထားကို နည်းနည်း ပြောပြပေးပါ။ ဘာကြောင့် ဒီလို စိုးရိမ်စရာ အခြေအနေတွေဖြစ် လာတယ်ဆိုတာ။
ဒေါ်အေးအေးကြည်။ ။ ဟုတ်ကဲ့၊ သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်တယ်ဆိုတာက သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဝါးတာ ဖြစ်စေတာပေါ့နော်၊ သဘာဝအနေအထားအရ သဘာဝပတ်ဝန်းကျင်မှာ သဘာဝဟန်ချက်ဆိုတာ ရှိတယ်။ သဘာဝပတ်ဝန်းကျင်က သူ့အခြေနေနဲ့သူ ပြန်ထိန်းထားနိုင်တဲ့ ဟန်ချက်ဆိုတာရှိတယ်။ ဟန်ချက်ပျက်သွားတာ ပေါ့နော်။ ဘယ်လိုပျက်သလဲဆိုတော့ လူတွေမလုပ်ဘဲ သဘာဝအလျှောက် ဖြစ်တာလည်းရှိတယ်။ လူတွေလုပ်လို့ ဟန်ချက်ပျက်သွားတာလည်း ရှိတယ်။
အခု မြန်မာပြည် အခြေအနေပြောမယ်ဆိုရင် ဒီလို လေပြင်းမုန်တိုင်းတွေကျနေတယ်ဆိုတာ ဖြစ်စေတဲ့အကြောင်းတွေ အတော်များများ ရှိတယ်။ ဥပမာဆိုရင် - ကမ္ဘာကြီး ပူနွေးလာတယ်။ မြန်မာပြည်မှာ လုပ်နေတာတွေကလည်း ပိုပူနွေးအောင် ဖြစ်စေတယ်။ အဲဒါတင် မကသေးဘူး။ နောက်ပြီးတော့တခါ မြန်မာပြည်မှာ အထူးသဖြင့် မြေပြင်အခြေနေပေါ့။ အခုဖြစ်တဲ့နေရာမှာဆို အရင်က တောတွေ တောင်တွေရှိမယ် အခု မရှိတော့ဘူး။ မရှိတော့တဲ့အခါမှာ အဲဒါကလည်း အကြောင်းတခုပဲ သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးစေတာ။
တောတောင်ရေမြေက အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သစ်ပင်တွေ၊ ဥပမာဆိုရင် သစ်တော ပြုန်းသွားမယ်။ သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ထားတာဖြစ်တယ်။ သစ်တောပြုန်းရင် ဒီကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လေထုတဲ ပြန့်သွားမယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်က ဖန်လုံအိမ် ဓါတ်ငွေ့တခု ဖြစ်တယ်။ ပူနွေးစေတယ်။ အဲဒီလို ပူနွေးလာရင် ပင်လယ်သမုဒ္ဒရာတွေက ပူနွေးမယ်။ ပူနွေးလို့ရှိရင် ဆိုင်ကလုံးတို့၊ တော်နေးဒိုး- လေဆင်နှာမောင်းတို့၊ တိုင်ဖုန်းတို့က ပိုများလာတာပေါ့။
ဒေါ်ခင်မျိုးသက်။ ။ အပူချိန်တွေ မြင့်တက်လာတာနဲ့ မြန်မာနိုင်ငံက ရာသီဥတုပြင်းထန်တာနဲ့ ဆက်စပ်ပြီး ရှင်းပြပေးပါ။
ဒေါ်အေးအေးကြည်။ ။ အပူချိန်တွေ မြင့်လာတယ်ဆိုရင် အပူချိန်များလာတာနဲ့အမျှ ဒေသတခုရဲ့ ရာသီဥတုက ပြောင်းလာတာပေါ့။ အငွေ့ပျံနှုန်းက များလာမယ်၊ များလာတဲ့အခါကျလို့ရှိရင် လေရဲ့သဘာဝ.. အငွေ့ပျံပြီးလို့ရှိရင် မုန်တိုင်းတွေကဖြစ်တာပိုများလာပြီးအဲလိုဖြစ်တယ်။ မြန်မာပြည်အနေနဲ့ကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ ပိုပိုပူပူလာတာက တောတောင် ပြုန်းရုံတင်မကသေးဘူး။
ကုန်ထုတ်လုပ်ငန်းတွေက သူတို့ဆီက ညစ်ညမ်းမှုပေါင်းများစွာကို ၊ လေထဲရောက်တာတွေကို တနေ့တခြားသာ တိုးလာတာပဲ ရှိတယ်။ လျော့တဲ့ဘက်က မရှိဘူး။ အဲဒီတော့ လေထုညစ်ညမ်းတယ်ဆိုတာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထွက်နေတယ်ဆိုတာ ဖန်လုံအိမ်ဓါတ်ငွေ့တွေက ထွက်နေတာလေ။ ဖန်လုံအိမ်ဓါတ်ငွေ့ရဲ့ သဘောက သူက နေရောင်ခြည်ကို ဖမ်းလိုက်တာ၊ ဒါကြောင့် ပိုပူလာတာ။ ဒါကြောင့် ပူခြင်းဟာ ဖန်လုံအိမ်ဓါတ်ငွေ့တွေများနေလို့။
အဲဒီတော့ .. မန်မာပြည်အနေနဲ့ဆိုရင် အိမ်နီးချင်းက တရုတ်နဲ့အိန္ဒိယရှိတယ်။ သူတို့က ထုတ်လုပ်နေတာ ဖန်လုံအိမ်ဓါတ်ငွေ့တွေက များပြီးသား။ ကိုယ်က အိမ်နီးချင်းဆိုတော့ သူတို့ဆီကလည်း ယူရသေးတယ်။ ကိုယ့်ဆီကလည်း ထပ်ပြီး ထုတ်လုပ်နေသေးတယ်။ ထုတ်လုပ်တဲ့အခါကျတော့ ရာသီဥတုတွေ ပြင်းထန်ပြီးတော့ မုန်တိုင်းတွေဖြစ်ကုန်ရော။
..ဂေဟစနစ်မှာဆိုရင် မျိုးစိတ်တွေလည်း အကုန်ပျောက်သွားတယ်။ အဲလိုဆိုတော့ အဲဒီမျိုးစိတ်တွေကိုမှီနေတဲ့ နောက်လူတွေကလည်း၊ သဘာဝအခြေအနေတွေကလည်း ပျောက်သွားတယ်။ အကောင်တွေကလည်း ပျောက်သွားတယ်။ အဲလိုဖြစ်တယ်။ အဲဒီတော့ အထူးသဖြင့် ပင်လယ်တွေဆိုလည်း ဒီအတိုင်းပဲ။ ပင်လယ်တွေဆိုရင်လည်း သူက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုပ်ယူရတာ။ အဲဒီတော့ စုပ်ယူပါများရင်လည်း ပင်လယ်က အက်ဆစ်ဓါတ်ဖြစ်ပြီးတော့ သန္တာကျောက်တန်းတွေ၊ ကမ်းရိုးတန်းတွေမှာ ပြဿနာဖြစ်ပြန်ရော။
ဒေါ်ခင်မျိုးသက်။ ။ ဒီကြားထဲမှာလည်း သစ်တောတွေကလည်းပြုန်းတော့၊ ထိန်းသိမ်းမှုမရှိတော့ ပိုဆိုးလာတာပေါ့။
ဒေါ်အေးအေးကြည်။ ။ ဟုတ်ကဲ့၊ သစ်တောပြုန်းတဲ့အခါမှာလည်း သစ်တောပြုန်းတာ အရမ်းဆိုးတယ်။ သစ်တောပြုန်းတဲ့အခါကျတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေလည်း စုပ်ထားနိုင်ခွင့်မရှိဘူး။ ဘာလို့လဲဆိုတော့ သစ်ပင်တွေက စုပ်ထားတာကိုး။ နောက်တချက်ကလည်း လေမုန်တိုင်းတွေလည်း ပိုပြင်းထန်လာတယ်။ (သစ်တောပြုန်းတော့) လေကာဖို့လည်း မရှိဘူးလေ။ တောအုပ်တွေဘာတွေက ကာထားရမှာ။ ဟုတ်တယ်မို့လား၊ အရင်တုန်းက ဒီအရပ်မှာလေတိုက်လို့မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လေကို ဖြိခွင်းသလိုဖြစ်သွားတာကိုး။ သစ်တောတွေ၊ တောင်တွေက ...နော်။ ရှိသင့်ရှိထိုက်တဲ့တောင်တွေက နည်းမျိုးစုံနဲ့ သတ္တုတွေလိုချင်လို့တူးကြ- အဲဒါတွေက တောကပြုန်း၊ တောပြုန်း..တောင်ပြုန်းပေ့ါနော်-အကုန်လုံး။
ဒေါ်ခင်မျိုးသက်။ ။ အခြေနေပိုဆိုးသွားတာပေ့ါ။
ဒေါ်အေးအေးကြည်။ ။ ဆိုးတယ်။ တနေ့တခြားဆိုးနေတယ်။ တနေ့တနေ့ ဆိုးတဲ့ဘက်ပဲရောက်နေတာ။
ဒေါ်ခင်မျိုးသက်။ ။ ဒါတွေကို ထိန်းသိမ်းဖို့ လိုအပ်နေတာပေ့ါ။
ဒေါ်အေးအေးကြည်။ ။ လိုအပ်တာပေ့ါ။ အများကြီးလိုတာပေ့ါ။ ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်း စိုက်ပျိုးရေးဖြစ်ဖြစ်။ မွေးမြူရေးဖြစ်ဖြစ် အကုန်လုံးက ဒီစားကျက်တွေ၊ လယ်ယာတွေမှာလည်း မလုပ်တာရယ်၊ ကုန်ထုတ်တဲ့လုပ်ငန်းမှာလည်း ဓါတ်ငွေ့တွေများလာတယ်ပေ့ါနော်။ အဲဒါတွေက ဗမာပြည်အတွက် တော်တော်ဆိုးဝါးတယ်ပေ့ါနော်။ မိုင်းတူးကြတာတွေက တိုင်းပြည်ရဲ့ ပထဝီဝင်အနေအထားကို ပြောင်းလဲစေတာပေ့ါနော်၊ အခုဆို မြန်မာပြည်...တောင်ကုန်းတွေကလည်း မရှိတော့ဘူး။ အဲဒိတော့ လေတွေက အငွေ့ပျံတဲ့နှုန်းက မြန်တယ်၊ မြန်တဲ့အခါကျတော့ ပြင်းထန်တဲ့မုန်တိုင်းတွေဖြစ်တယ်။ အဲဒီတော့ မိုးလေဝသအခြေအနေပါ ပြောင်းသွားတာပေါ့နော်။ ပညာပေးမှုလည်းအားနည်းတယ်၊ အစိုးရရဲ့ထောက်ပံ့မှုကလည်း အားနည်းနေတယ်။ အဲဒီတော့ အကုန်လုံးက စုသွားတာပေ့ါနော်၊ အဲလိုပြောရမယ်။
ဒေါ်ခင်မျိုးသက်။ ။ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိအောင်၊ ထိန်းသိမ်းမှုရှိအောင် အဓိက ဘာတွေလုပ်ဖို့ လိုပါလဲ။
ဒေါ်အေးအေးကြည်။ ။ အဓိက,ကတော့ လူတယောက်ချင်းစီအတွက် ပြောရရင် ပလပ်စတစ်သုံးတာကအစ မလိုအပ်တာတွေ မသုံးဖို့လိုတယ်၊ နောက်ပြီးတော့ အစားအသောက်ထုတ်ဝေရေးကလည်း ကိုယ်တန်သလောက်ပဲစားမယ်၊ အလဟဿမဖြစ်စေဘူး၊ ထုတ်လုပ်ရေးပိုင်းမှာဆိုလို့ရှိရင်လည်း အကုန်လုံးကို စစ်စစ်စီစီနဲ့ ဘာပဲလုပ်လုပ်ပေ့ါနော်၊ ကာဗွန်အခြေခံနည်းအောင် လုပ်မယ်ဆိုတာမျိုး အိမ်တိုင်းအိမ်တိုင်းမှာ စဉ်းစားဖို့လိုတယ်၊ အုပ်ချုပ်မှုစနစ်အနေနဲ့ဆိုလို့ရှိရင်လည်း နေရာတိုင်းမှာ အုပ်ချုပ်သူများအနေနဲ့ကလည်း တိုင်းပြည်ရဲ့ပူနွေးမှုပေ့ါနော်၊ ရာသီဥတုပြောင်းမှုကို ဘယ်လိုတွေ သက်ရောက်သလဲဆိုတာ လေးလေးနက်နက်စဉ်းစားဖို့ လိုတယ်။ ကုန်ထုတ်စနစ်မှာဆိုလို့ရှိရင်လည်း 'ဒီစက်တွေက ဟောင်းနပြီလား၊ ထိန်းချုပ်ဖို့လိုသလား၊' အဲဒီစနစ်တွေကိုလည်း အကုန်ကြည့်ဖို့လိုတယ်။ နှစ်ခုပေါင်းမှရမယ်ပေ့ါ၊ လူတွေချည့်ပဲ လုပ်လို့တော့ မရဘူး။ တချို့ဟာဆိုလို့ရှိရင် ငွေအားဖြင့် ပံ့ပိုးရမှ ဖြစ်ရတယ်။ ပေါ်လစီအားဖြင့် ပံ့ပိုးရမှာရှိတယ်၊ စည်းမျဉ်းဥပဒေပိုင်းအားဖြင့် ပံ့ပိုးရမှာတွေ ရှိတယ်။ အဲဒီတော့ အဲဒီအပိုင်းတွေ လျော့လျဲသွားလို့ရှိရင် ဘယ်လိုမှ မထိန်းနိုင်ပါဘူး။
သဘာဝ,ဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဋကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
Your browser doesn’t support HTML5