ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောနယ်က ဒေသခံတွေဟာ နယ်မြေလုံခြုံရေး အခြေအနေကို စိတ်မချတာကြောင့် ဘူးသီးတောင် ကနေတဆင့် စစ်တွေကို တိမ်းရှောင် လာနေကြပါတယ်။ စစ်တွေမြို့ကို ရောက်ရှိနေသူ ဘယ်လောက် ရှိမယ် အတိအကျ မသိရသေးပေမဲ့ ကူညီရေး အဖွဲ့တခုက ကောက်ယူထားတဲ့ စာရင်းအရ အနည်းဆုံး ၂၅၀ ကျော် ရှိနေပါတယ်။ ဒီသတင်းကိုတော့ စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က အခုလို သတင်းပေးပို့ ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသဖက် အထူးသဖြင့် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် ဒေသမှာ အကြမ်းဖက် တိုက်ခိုက်တာတွေဟာ ဒီလ ၂၅ ရက်နေ့က စတင်ခဲ့ပြီး ဒေသခံတွေ အထူးသဖြင့် မောင်တောနယ်ခံတွေဟာ ဗုံးဖောက်ခွဲ တိုက်ခိုက်တာ၊ သေနတ်နဲ့ ပစ်ခတ်တာ၊ မီးရှို့မှုတွေ ဖြစ်ပွားနေတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။
လတ်တလော စစ်တွေမြို့ ပဌာန်းကျောင်းတိုက်ကို တိမ်းရှောင်လာသူ တဦးက သူတို့ဒေသမှာ ဖြစ်ပွားနေတဲ့အခြေအနေကို အခုလို ပြောပါတယ်။
“ သောကြာနေ့ကတော့ သေနတ်တွေ ပစ်ကြတယ် မလား။ သေနတ်ဖောက်လိုက် ဟိုဟာဖောက်လိုက် ဆိုတော့ ကျမတို့က ဗိမာန်(သာသနာ့ ဗိမာန်ကျောင်းတိုက်) သွားအိပ်ရပါတယ်။ ကျမတို့ အိမ်က ဘယ်လို ဖြစ်လည်းဆို ကုလားအိမ်နဲ့ တော်တော်ကို နီးစပ်ပါတယ်။ ဗိမာန်မှာ စုလိုက် မနက်မိုးလင်း ချက်ပြုတ်စားလိုက်၊ ဟိုက သေနတ်ဖောက်လိုက် ဒီက ဖောက်လိုက်၊ ဟိုရွာက မီးရှို့ ဒီက မီးရှို့ဆိုရင် ကိုယ်တို့အိမ်က လုံခြုံနေသေးတယ်လေ။ ကျမတို့ အိမ်ရှေ့မှာက တပ်က လူတွေရှိပါတယ်။ ချက်ကြတယ်၊ ပြုတ်ကြတယ်၊ စားကြတယ်။ ညမှာဆို ဗိမာန်မှာ သွားပြီး အိပ်ပါတယ်။ ဒီလိုနေရင်းနဲ့ ၂ ည ၃ ည ရှိတော့ ကုလားတွေက မီးရှို့တယ်လေ။ မနေ့ကစပြီး မီးရှို့တော့ ဘယ်လိုမှ နေလို့ မရတော့ဘူး။ ကားရှိတာနဲ့ အန်တီတို့က ထွက်ပြေးလာတာ ဒီကို။”
သူတို့ဟာ မိသားစုဝင် ၅ ယောက် တိမ်းရှောင်လာတာ ဖြစ်ပြီး မောင်တောကနေ ဘူးသီးတောင်ကို ကားလမ်း၊ ဘူးသီးတောင် ကနေ ရေလမ်းနဲ့ စစ်တွေကို ရောက်လာတာ ဖြစ်ပါတယ်။
ပဌာန်းကျောင်းမှာ ရောက်ရှိနေသူ မောင်တောမြို့နယ် ငါးခူရမှာ နေထိုင်သူ တဦးကတော့ စစ်တွေကို ဆေးကုလာရင်း အကြမ်းဖက် တိုက်ခိုက်တာကြောင့် နေရပ်မပြန်နိုင် ဖြစ်ရကြောင်း ပြောပါတယ်။
“ ဗိုက်အောင့်တာနဲ့ အစာအိမ် ရောဂါဖြစ်လို့ ဆေးရုံလာကုရင်းနဲ့ ကျမပြန်တဲ့ အချိန်မှာ ပြန်လို့ မရတော့ဘူး။ တိုက်ပွဲတွေဖြစ်တာနဲ့ ။ ဘူးသီးတောင်ကနေ ပြန်ပြေးလာတာပါ။ အခုနေတာ ငါးခူရ လောင်းတုံ မှာပါ။အခုလည်း အကြမ်းဖက်တဲ့ ကုလားတွေနဲ့ အမတို့မှာ ဘယ်လိုမှ ရှာစားလို့လည်း မရဘူး။ တော်တေ်ာ စိတ်ညစ်ရတယ်။ အစားအသောက်လည်း ငတ်တယ်ပေါ့နော်။ ငါးသွားရှာတော့လည်း သတ်တယ်။ ဖားသွားရှာတော့လည်း သတ်တယ်။ ဘယ်လိုမှ လုပ်ကိုင်စားလို့ မရဘူး ဖြစ်နေပါတယ်။ အဲဒီနေရာမှာ သူတို့တွေက သတ်ဖြတ်နေတာ မြင်တော့ အမတို့လည်း မနေချင်တော့ဘူး။”
အခုလို မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေ ကနေ စစ်တွေမြို့ကို တိမ်းရှောင်လာသူတွေဟာ တနေ့ တနေ့ကို အနည်းဆုံး ၄- ၅ ရာလောက် ရှိနေပါတယ်။
စစ်တွေမြို့က အနောက်တံခါး ဒေသ ကူညီစောင့်ရှောက်ရေး အဖွဲ့က ဦးအောင်ဌေးကတော့ လက်ရှိ ကူညီဆောင်ရွက်နေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“ ဒီကိုရောက်တာ ကျနော်တို့ စာရင်းပြုစုထားတဲ့ အရဆိုရင် ၂၇၅ ယောက် ရှိပြီခင်ဗျ။ လောလောဆယ် ကျနော်တို့ စစ်တွေမှာ စခန်း၂ ခု ဖွင့်ပြီး ထားထားပါတယ်။ အဲဒီစခန်း၂ ခုက နာဇီရပ်ကွက်ဆိုတဲ့ အရင် သချိုင်းဟောင်း လုပ်ခဲ့တဲ့ နေရာမှာ ဘုန်းကြီးကျောင်း တကျောင်ရှိတယ်။ အဲဒီကျောင်း နာမည်က မဟာဇေယျသိပဌာန်းကျောင်းလို့ ခေါ်တယ်။ အဲဒီကျောင်းမှာ လက်ရှိ ၁၂၀ ထားထားပါတယ်။ ဒီဖက်မှာ ဓမ္မာရာမကျောင်းမှာ ၁၅၅ ဦး လက်ခံထားရှိပါတယ ်ခင်ဗျ။”
လက်ရှိမှာ မောင်တော၊ ဘူးသီးတောင် ဖက်က တိမ်းရှောင်လာသူတွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ ဖြန့်ခွဲထားဖို့ ပြင်ဆင်နေပြီး ဝါတွင်းကာလ ဖြစ်တာကြောင့် တိမ်းရှောင်လာသူတွေ နေထိုင်ရေး အဆင်ပြေအောင် အစိုးရက ယာယီခိုလှုံရေး စခန်းတွေ ဖွင့်လှစ်ပေးဖို့လည်း ပြင်ဆင်နေကြောင်း ပြောပါတယ်။
“ ကျနော်တို့ကတော့ အဓိက တောင်းဆိုထားတာပေါ့ အစိုးရကို။ IDP စခန်းပေါ့ အမိုးအကာလုံတဲ့ နေရာလေးတွေ လုပ်ပေးဖို့တော့ တိုင်ပင်ထားတာ ရှိပါတယ်။”
စစ်တွေမြို့ပေါ်မှာ အခြား ကူညီရေး အဖွဲ့တွေကလည်း တိမ်းရှောင်လာသူတွေကို ကူညီနေတာ ရှိသလို တချို့တွေကလည်း ဆွေမျိုးသားချင်း နီးစပ်ရာ မိတ်ဆွေတွေ အိမ်မှာ ခိုလှုံနေတာတွေ ရှိပါတယ်။
ပြည်နယ် အစိုးရ တာဝန်ရှိသူကတော့ စစ်တွေမြို့ ပေါ် ရောက်လာသူတွေကို ကူညီဖို့ ဆောင်ရွက်နေပေမဲ့ စာရင်း အတိအကျ ကောက်ယူ မရသေးကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ တိုက်ခိုက်မှု ဖြစ်ပွားချိန်ကလည်း မောင်တော၊ ဘူးသီးတောင်ဖက်ကနေ တိမ်းရှောင်လာသူတွေ ရှိခဲ့ပြီး အခြေအနေ ငြိမ်သက်သွားချိန်မှာ နေရပ် ပြန်တာတွေလည်း ရှိခဲ့ပါတယ်။
Your browser doesn’t support HTML5