စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာမှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မွေးကင်းစကလေးငယ် တဦးအဝင် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ နောက်ထပ် ဗုံးကြဲတိုက်ခိုက်ခံရမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ စစ်ကိုင်းဒေသ နောက်ဆုံးအခြေအနေတွေကို ကိုခင်မောင်စိုးမင်းက ပြောပြမှာပါ။
စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို သြဂုတ် ၁၁ ရက် မနက် ၄ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာတော် ၁ ပါး အပါအဝင် အသက် ၈ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့ ကလေးငယ်ရဲ့ မိခင်နဲ့ အဖွား စုစုပေါင်း ၄ ဦး သေဆုံးခဲ့တာလို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။
စစ်ကိုင်းဘက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် မြေပြင်ကပါ စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ချိန်မှာ အရပ်သား တဦးကို သတ်ဖြတ်သွားခဲ့တယ်လို့လည်း ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။
“ဘုန်းကြီးကျောင်းကို ကြဲတာ ဗုံး ၂ လုံး ချသွားတယ်။ ဗုံးကြဲတာက ၄ ယောက်ပေါ့။ ကျောင်းက သံဃာတပါးရယ် သားအမိ ၂ ယောက် ၈ လသားအရွယ် ကလေး ၁ ယောက် သူ့အမေရယ် သူ့အဖွားရယ် အမျိုးသမီး ၂ ယောက် ကလေး ၁ ယောက် သံဃာတပါးပေါ့။ ဗုံးကြဲတာက အဲ့မှာက မြစ်အရှေ့ဘက်က စဉ့်ကိုင်(ကျေးရွာ)တို့ဘာတို့ဘက်က စစ်ရှောင်တွေရှိတယ်လေ။ အဲ့စစ်ရှောင်တွေက ဘုန်းကြီးကျောင်းထဲနေကြတာ။ တော်တော်များများလည်း အနောက်ဖက်ကို ပြေးတဲ့ စစ်ရှောင်တွေထဲကလည်း အဖမ်းခံရတဲ့သူတွေထဲက ရွာသား ၁ ယောက်ကတော့ သတ်သွားတယ်။ ကျန်တဲ့သူတွေ တော်တော်များများ ဖမ်းသွားပြီးတော့မှ ပဲ့သူကြီး(ကျေးရွာ) ကိုရောက်သွားပြီ။ ပြည်သူ ၅ ယောက်ကျထားတယ်ပေါ့”
စစ်တပ်က ဗုံးကြဲတိုက်ခိုက်ချိန်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဘုန်းကြီးကျောင်းဟာလည်း အရပ်သားတွေ စစ်ဘေးရှောင်နေတဲ့ နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေကိုတော့ ဆေးကုသမှုပေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဗုံးကြဲပြီးနောက် မြေပြင်ကနေပါ စစ်ကြောင်း ၂ ကြောင်း ၂ ကြောင်းခွဲပြီး နယ်မြေရှင်းလာတဲ့အတွက် အရပ်သား ၁၀ ဦးထက် မနည်းဖမ်းဆီးခံထားရပြီး ဖမ်းဆီးသွားသူတွေကို စစ်တပ်လက်ရှိ တပ်စွဲနေတဲ့ စစ်ကိုင်းမြို့နဲ့ ဝက်လက်မြို့အ စပ်က ပဲ့သူကြီးကျေးရွာကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုအခြေအနေနဲ့ စစ်ကိုင်းမှာ နယ်မြေရှင်းလင်းလုပ်နေတာတွေနဲ့ပတ်သက်လို့ အခုချိန်ထိစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဆက်စပ်ဖတ်ရှုစရာ
ခင်ဦးနဲ့ ကနီမြို့နယ်တွေမှာ စစ်ရေးတင်းမာစစ်ကိုင်းနဲ့ကရင်နီဒေသတွင်း စစ်ကောင်စီကျူးလွန်မှု တိုးမြင့်လာတိုက်ပွဲပြင်းထန်လာတဲ့ ရှမ်း ကယား အခြေအနေအခုလို စစ်ဘေးတိမ်းရှောင်နေတဲ့ နေရာတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတဲ့အတွက် နောက်ထပ် ဗုံးကြဲတိုက်ခိုက်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။ စစ်ဘေးရှောင်တဦးက သူတို့စိုးရိမ်ချက်တွေကို အခုလို ပြောပြပါတယ်။
“ဘာမှတိုက်ပွဲမဖြစ်ဘူး သတ်သတ်ကို ၄ နာရီ ၁၅ လောက်ကြဲသွားတာ။ အပေါ်ကကြဲသွားတာဆိုတော့ စိုးရိမ် ကြောက်ကြရတာပေါ့။ သူတို့ကြဲရင်တော့ ထပ်ပြေးရမှာပဲလေ ကျွန်တော်တို့က ဘာမှမရှိတာကို သူတို့ပြုသမျှခံရအုံးမှာပေါ့။”
တလိုင်းကျေးရွာဟာ စစ်ကိုင်းမြို့ ဝက်လက်မြို့ မတ္တရာမြို့ ၃ မြို့ နယ်မြေ ထိစပ်တဲ့အနီးက ကျေးရွာတရွာဖြစ်ပြီး စစ်တပ်က မကြာခဏ နယ်မြေရှင်းလင်းရေးလုပ်သလို ကာကွယ်ရေး တပ်ဖွဲ့တွေ ခိုအောင်းနိုင်တဲ့ နေရာလို့ ယူဆပြီး လေကြောင်းချီတက် တိုက်ခိုက်တာတွေပါ ခံခဲ့ရဖူးပါတယ်။ အခုလို လေကြောင်းက တိုက်ခိုက်တာတွေအပြင် မြေပင်ကနေပါ နယ်မြေရှင်းတာတွေပါရှိတဲ့ နေအိမ် ၂၀၀ ကျော် နီးပါး မီးရှို့ခံထားရတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။ဒါ့အပြင် စစ်တပ်က မြေပြင်က စစ်ကြော င်းထိုးနေတဲ့အတွက် တလိုင်းကျေးရွာအပါအဝင် အနီးအနားက ကျေးရွာ ၅ ရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။
၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၄၈၀ကျော်ရှိခဲ့ကြောင်း မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5