သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခင်ဦးနဲ့ ကနီမြို့နယ်တွေမှာ စစ်ရေးတင်းမာ


စစ်ဘေးရှောင်နေကြရတဲ့ ကနီဒေသခံများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
စစ်ဘေးရှောင်နေကြရတဲ့ ကနီဒေသခံများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ မနေ့ ဗုဒ္ဓဟူးနေ့က စစ်တပ်ရဲ့ နယ်မြေရှင်းမှုတွေအတွင်း ကျေးရွာအများအပြားက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးငယ်တဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူတချို့ ရှိနေပါတယ်။ ကနီမြို့နယ်မှာလည်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ရေးတင်းမာနေပါတယ်။ ခင်ဦးနဲ့ကနီမြို့နယ်တွေက နောက်ဆုံး အခြေအနေတွေကို မအိသန့်စင်က စုစည်း တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် ကျေးရွာ ၇ ရွာလောက်က ဒေသခံအများအပြား တိမ်းရှောင်နေကြရပါတယ်။ သြဂုတ်လ ၉ ရက်မနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေ မရမ်းအင်းကျေးရွာကို ပစ်ခတ်ဝင်ရောက်လာလာတဲ့အတွက် အသက် ၁၀ နှစ်အရွယ် ကလေးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒေသခံတွေ တိမ်းရှောင်နေရတဲ့အခြေအနေကို စစ်ဘေးရှောင်ကူညီနေသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကိုးပင်ရယ်၊ ဖိုကုန်းရယ်၊ ကိုးပင်လေ့ကျင့်လေး တပ်ရယ်၊ ဖိုကုန်း ပျူရွာက ပျူတွေရယ်၊ အားလုံးအင်အား ၆၀ လောက်ပါမယ်။ သူတို့ကနေပြီးတော့ မနက်စောကြီး ရသန်း (ကျေးရွာ) ကိုဝင်တယ်။ အားလုံးပေါင်း ၇ ရွာပေါ့။ လူဦးရေကတော့ အားလုံးပေါင်း ၅,၀၀၀ ကျော်မှာပေါ့နော်။ ကျွဲတွေ‌ရော၊ နွားတွေရော၊ ထော်လာဂျီတွေရော၊ ခြေလျင်ရော အားလုံး ပြေးကြရတာပေါ့။ မနက်လင်းတဲ့အခါကျတော့ အင်းပတ်ရွာ ဘူတာဘက်ကနေ တက်လာတာပေါ့။ တက်လာတဲ့အခါကျတော့ လက်နက်ကြီးတွေနဲ့ရမ်းပစ်ပြီးတော့ မရမ်းအင်းရွာဘက်ကျတယ်။ မရမ်းအင်းရွာက အသက် ၁၀ နှစ်အရွယ် ကလေးလေးအပါအဝင် အားလုံးပေါင်း ၄ ဦး ထိခိုက် ဒဏ်ရာရသွားတယ်။”

ခင်ဦးမြို့နယ်ထဲကို ရွှေဘိုမြို့က စစ်တပ်အပြင် ရေဦးမြို့မှာ တပ်စွဲထားတဲ့ စစ်တပ်ကပါ စစ်ကြောင်း ၂ ကြောင်းတပြိုင်တည်း ဝင်ရောက်ပြီး နယ်မြေ ရှင်းလင်းရေး လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

ဒါက ခင်ဦးမြို့နယ်ထဲက အခြေအနေပါ။ စစ်ကိုင်းတိုင်းထဲမှာပဲ ကနီမြို့နယ်မှာ ဆိုရင်လည်း စစ်တပ်ဟာ စစ်သင်္ဘာတွေအပါအ၀င် ကုန်တင်သင်္ဘော ၁၃ စီးနဲ့ ချင်းတွင်း မြစ်ကနေ ဆန်တက်လာတာ ဖြစ်ပါတယ်။ စစ်သင်္ဘောတွေဆန်တက်လာပြီးကနီမြို့နယ်ထဲရောက်ချိန်မှာတော့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်ရေး တင်းမာနေပါတယ်။

တိုက်ပွဲနဲ့ပတ်သက်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“၆ ရက်နေ့ ညနေ ၃ နာရီလောက်က ဆန်လာတာဟာ စေသူ (ကျေးရွာ) နားလေးမှာ အိပ်တယ်။ မနေ့က (သြဂုတ်လ ၈ ရက်) မနက်ခင်းက ဆန်တက်လာတာပါ အိုင်တောင် (ကျေးရွာ) ‌ရွှေစေး (ကျေးရွာ) နားလေးမှာ အိပ်တယ်။ ကနီကို ရောက်ရှိနေပြီပေါ့၊ ဆိပ်ကမ်းမှာ ကပ်ထားတယ်။”

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေ ရှိတဲ့အထိ ဖြစ်ပွားခဲ့ပြီး မြစ်ကမ်းနဘေးမှာရှိတဲ့ ဒေသခံတွေဟာ သင်္ဘောတွေနဲ့ လွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ စစ်တပ်ဟာ လက်နက် ရိက္ခာတွေ ပို့ဆောင်ဖို့အတွက် ချင်းတွင်းနဲ့ ဧရာဝတီမြစ် တို့ကို သုံးစွဲနေတာဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ဆိုသလို တိုက်ပွဲ‌တွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG