စက်တင်ဘာလ ၁၈ ရက်နေ့ဟာ ၁၉၈၈ ခုနှစ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီအရေး အတွက် ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လူထု လှုပ်ရှားမှုကြီးကို မြန်မာစစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းတဲ့ ၃၁ နှစ်မြောက်နေ့ မှာ ဒီ လူထုလှုပ်ရှားမှုကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံ၊ သင်ခန်းစာ ယူသင့်တာတွေနဲ့ သူတို့ရဲ့ အနာဂတ် မျှော်လင့်ချက်တချို့ကို စုစည်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ရှစ်လေးလုံး ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီးဟာ ခေတ်သစ် မြန်မာ့သမိုင်းမှာ အထင်ရှားဆုံး နိုင်ငံရေးပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တဲ့ လူထု လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ အဲဒီ လူထုလှုပ်ရှားမှုကြီးကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တာ ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ၃၁ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။
လူထုရဲ့ အကြမ်းမဖက်တဲ့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ တိုင်းပြည်ကို ၂၆ နှစ်ကြာ အုပ်ချုပ်လာခဲ့တဲ့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီအစိုးရတခုနဲ့ အစားထိုးအုပ်ချုပ်ဖို့ ကြိုးပမ်းမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် တက်ကြွတဲ့ လူငယ်တဦးအနေနဲ့ အဲဒီအချိန်က မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရှစ်လေးလုံးအရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး လက်ရှိမှာ ညီမျှခြင်း-မြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါတယ်။
“ကျနော်တို့ အဲဒီတုန်းကတော့ လူငယ်စိတ်ထားနဲ့ပေါ့နော်၊ ဒီ အာဏာသိမ်းမှုကို ကျနော်တို့ လုံး၀ သည်းညည်း မခံနိုင်ဘူး။ သူတို့က ကိုယ့်ရှေ့မှာ ပထမဦးဆုံး ရက်ရက်စက်စက် သွေးချောင်းစီးမတတ် သတ်ဖြတ်တာ မြင်ရတဲ့အခါမှာ စိတ်ဓါတ်တွေက ကျနော်တို့ တော်တော်ကြီးကို ပြင်းထန်ခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းကတော့ ကျနော်တို့က ဘာလဲဆိုတော့၊ မုန်းတီးမှုကို အခြေခံတာ။ မုန်းတီးမှုကို အခြေခံပြီး ဒီ စစ်အာဏာရှင်အစိုးရကို တိုက်ထုတ်မယ်ဆိုတဲ့ စိတ်ဓါတ်။ ဒါပေမယ့် ၃၁ နှစ် ပြန်ပြီးတော့ စဉ်းစားတဲ့အခါမှာ ကျနော်တို့ ဘာမြင်လာလဲဆိုတော့ ဒီ အစိုးရအပြောင်းအလဲတခုနဲ့ ကျနော်တို့ ဘယ်လိုမှ ဒီမိုကရေစီကို မသွားနိုင်ဘူး။ အစိုးရ စနစ်တွေလည်း ပြောင်းဖို့လိုအပ်သလို ပြည်သူ လူထုကလည်း ဒီ အာဏာရှင်စနစ်ကို လုံး၀ လက်မခံဘဲနဲ့ စိတ်ဓါတ်တွေရှိဖို့ လိုအပ်တယ်ဆိုတာကို ပိုပြီးတော့ မြင်လာတယ်။”
ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီးအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ရဟန်းရှင်လူ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြတာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေရောက်အောင် ပြုပြင် ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ဖို့ ဖြစ်လာတယ်ဆိုတာ မျိုးဆက်သစ်တွေ သိဖို့လိုအပ်ကြောင်း ရှစ်လေးလုံးအရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုက ကိုမြအေးကလည်း ပြောပါတယ်။
“၈၈ လူထုအရေးတော်ပုံကြီး ဒုံးဆို ဖြစ်လိုက်ပြီးတော့မှ ချက်ခြင်းမီးကို ရေနဲ့ငြိမ်းသတ်လိုက်သလို ပြီးသွားတဲ့ကိစ္စမျိုး မဟုတ်ဘူးလေ။ ကျနော်မြင်တာလေ။ ၈၈ လူထုအရေးတော်ပုံကြီးမှာ ပေတရာလမ်းမပေါ်မှာ စွန့်လွတ်သွားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ သွေးတွေ၊ ရဟန်းရှင်လူ သံဃာပြည်သူတွေရဲ့ သွေးတွေ များစွာရှိတယ်ဗျ။ နောက်တချက်ကဘာလဲဆိုတော့ တောထဲ၊ တောင်ထဲရောက်ပြီး ဘဝပျက်သွားတဲ့သူတွေ၊ တိုက်ပွဲမှာကျတဲ့လူတွေ များစွာရှိတယ်။ ထောင်နံရံလေးဘက်ကြားထဲရောက်ပြီး ဘဝပျက်တဲ့ မိသားစုတွေ၊ တကွဲတပြားဖြစ်သွားတဲ့ မိသားစုတွေ အများကြီးရှိတယ်။ တနိုင်ငံလုံးမှာဖြစ်တာ၊ ဒါက။ အဲဒီတော့ အဲဒီလိုမျိုး ပေးဆပ်ခဲ့တဲ့ ကြီးကျယ်တဲ့၊ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အလွန်ကို ကြီးကျယ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့သမိုင်း ဖြတ်သန်းမှုကိုတော့ နောက်လူတွေက သိဖို့လိုတယ်။”
အဲဒီလို အသက်ပေါင်း ထောင်နဲ့ချီဆုံးရှုံးခဲ့ရပေမယ့်လည်း ကနေ့အချိန် အဲဒီလူတွေအတွက် ဥပဒေနဲ့ကိုက်ညီတဲ့ လုပ်ဆောင်မှုတွေကို ဖော်ဆောင်မပေးနိုင်သေးဘူးလို့ ညီမျှခြင်း-မြန်မာရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါတယ်။
“အခုချိန်ထိ ကျနော်တို့ ရှစ်လေးလုံးနဲ့ စက်တင်ဘာ အာဏာသိမ်းတဲ့အချိန်မှာ သေဆုံးသူတွေအတွက် Justice လို့ခေါ်တဲ့၊ ဒီ တရားဥပဒေကို ကျနော်တို့ မဖော်ဆောင်နိုင်ခဲ့သေးဘူး။ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်မှန်က ဘာတွေလဲ၊ ဘယ်လောက်သေဆုံးခဲ့လဲ၊ သူတို့ရဲ့ ထိခိုက်နစ်နာမှုကို နောက်ထပ်တက်လာတဲ့ ဒီမိုကရေစီအစိုးရက ဘယ်လောက်အထိ အသိအမှတ်ပြုပြီးတော့ ပြန်လည်ပေးဆပ်မှုတွေ ရှိမလဲ။ အဲဒါ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ ရှင်းရှင်းပြောမယ်ဗျာ၊ ၈၈ မှာ လမ်းပေါ်မှာ သေဆုံးခဲ့တဲ့သူ ဘယ်လောက်အထိလဲဆိုတဲ့ စာရင်းတောင်မှ ကျနော်တို့ မထွက်လာသေးဘူး။”
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာလည်း ရှစ်လေးလုံးအရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ နိုင်ငံရေးပါတီဖြစ်တာနဲ့အညီ ရှစ်လေးလုံးနဲ့ဆိုင်တဲ့ သမိုင်းအစစ်အမှန်တွေ ပေါ်ပေါက်လာရေးအပါအဝင် နောင် မျိုးဆက်သစ် လူငယ်တွေ ရှစ်လေးလုံးအတွင်း ပေးဆပ်ခဲ့ကြတာတွေကို ပြန်ပြောင်းအမှတ်ရစေနိုင်မယ့် ပြတိုက်၊ အထိမ်းအမှတ်တွေကို ဦးဆောင် လုပ်ပေးဖို့ လိုအပ်တယ်လို့ ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစုက ကိုမြအေးက ပြောပါတယ်။
“အမျိုးသားဒီုမကိရေစီအဖွဲ့ချုပ်ကလည်း ရှစ်လေးလုံးကြီးက မွေးဖွားပေးလိုက်တဲ့ နိုင်ငံရေးပါတီတရပ်ဖြစ်သလို၊ ရှစ်လေးလုံးမှာလည်း လူထုအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့လူတွေလည်း ဖြစ်ပါတယ်။ ကျနော်မြင်တာလေ။ အဲဒီတော့ ရှစ်လေးလုံးသမိုင်းဆိုတာက တအုပ်စု၊ တဖွဲ့တစည်းပိုင် မဟုတ်ဘူးလေ။ မြန်မာနိုင်ငံ တနံတလျှားလုံးဖြစ်လာခဲ့တဲ့ကိစ္စဆိုတော့ ဒီသမိုင်းနဲ့ပတ်သက်ပြီး ကျနော်တို့က အထွတ်အမြတ် ထားရမယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ဆိုင်ရာ သမိုင်းကိုလည်း မှန်မှန်ကန်ကန် မျှမျှတတ ပြုစုဖို့လည်း အစိုးရက ဦးဆောင်သင့်တယ်လို့ ကျနော်မြင်တယ်။”
အစောပိုင်းကာလတွေက စစ်တပ်က အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြည်တွင်း ပြည်ပမှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေက ကန့်ကွက် ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပေမယ့်လည်း အခုနောက်ပိုင်း ရှစ်လေးလုံးအရေးတော်ပုံမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့သူတွေရော၊ နောက်ပိုင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ ပါဝင်လာကြတဲ့ မျိုးဆက်သစ်လူငယ်တွေကပါ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကို ကန့်ကွက်ဆန္ဒပြတာတွေ၊ အခမ်းအနားတွေ ကျင်းပလေ့မရှိတော့တာကြောင့် ဒီကိစ္စဟာ ကနေ့ခေတ် လူငယ်ထုအကြားမှာ တဖြည်းဖြည်းနဲ့ မှေးမှိန်း ကွယ်ပြောက်စ ပြုလာနေတာပါ။
ဒါကြောင့်လည်း ရှစ်လေးလုံး အရေးတော်ပုံအတွင်း ဒီမိုကရေစီရေးအတွက် အသက်ပေးလှုသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းရဲ့ ပေးဆပ်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ မှားယွင်းခဲ့တဲ့ အတိတ်ကဖြစ်ရပ်တွေကို သမိုင်းသင်္ခန်းစာတခုအဖြစ် မျိုးဆက်သစ် လူငယ်တွေ လေ့လာ သိရှိနိုင်ရေးအတွက်ပါ ရည်ရွယ်ပြီး ရှစ်လေးလုံးအရေးတော်ပုံနဲ့သက်ဆိုင်တဲ့ သမိုင်းပြတိုက်၊ အထိမ်းအမှတ် ကျောက်တိုင်တွေကို အစိုးရက ဦးဆောင်ပြီး တည်ဆောက်ပေးဖို့ ရှစ်လေးလုံး အရေးတော်ပုံ မှာ ပါဝင်ခဲ့ကြသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
...............
{Unicode}
Your browser doesn’t support HTML5