ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၃၁နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာ ဒီကနေ့ တရားဝင်ကျင်းပခွင့်ရရှိပေမဲ့ တကယ့်ရှစ်လေးလုံး တောင်းဆိုသံတွေကို အကောင်အထည်ပေါ်ဖို့အတွက် ရှေ့ဆက်ရမယ့်ခရီး အများကြီးကျန်နေပါသေးတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ စစ်အာဏာရှင်အစိုးရတရပ်ကို ဖြုတ်ချနိုင်ခဲ့ပေမဲ့၊ စစ်အာဏာရှင်စနစ်က အခုထိပျောက်ကွယ်သွားခြင်းမရှိသေးဘူးလို့ လူ့အခွင့်အရေးဦးဆောင်လှုပ်ရှာသူကလည်း သုံးသပ်ပါတယ်။ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာပြုလုပ်တဲ့ အခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးထားပါတယ်။
ဒါကတော့ တချိန်က သမိုင်းဝင် ဒီမိုကရေစီအရေး လူထုအုံကြွမှုကြီးဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၁နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန် မဟာဗန္ဓုလပန်းခြံထဲမှာ ကျင်းပနေတာပါ။ အများနဲ့ဆိုင်တဲ့နေရာမှာ ဒီလိုဆင်နွဲတာဟာဟာ နှစ်သုံးဆယ်ထဲမှာ ပထမဆုံးဖြစ်ပြီး ဒီလှုပ်ရှားမှုထဲ ပါဝင်ခဲ့သူတွေ ရာနဲ့ချီပါဝင်ခဲ့တာပါ။ ဒီပွဲက သူတို့ရဲ့လှုပ်ရှားမှုတွေကို ပြန်သတိရစေပြီး အခုထိ သူတို့ရဲ့အိပ်မက်တွေ မပြည့်သေးဘူးလို့ ၈၈လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကပြောပါတယ်။
“ ကျနော်တို့လွန်ခဲ့တဲ့ ၃၁နှစ်က လမ်းလုံးပြည့်၊ မြို့လုံးပြည့် ပြည်သူတွေငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတယ်။ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့ကြတယ်။ ညအချိန်မှာ ဒီရှေ့မှာပဲမြို့တော်ခန်းမရှေ့မှာ လက်နက်နဲ့အကြမ်းဖက်ဖြိုခွဲတာ ခံခဲ့ရပြီးတော့ ကစဉ့်ကလျားနဲ့ပြေးခဲ့၊ လွှားခဲ့ကြရတယ်။ အဲဒီမြင်ကွင်းတွေကို ကျနော်တို့ ပြန်ပြီးတော့ မြင်ယောင်ပါတယ်။ အခုဒီနေ့ဒီအချိန်မှာတော့ အခုဒါတရားဝင်အခမ်းအနားတွေ ကျင်းပခွင့်ရလာတယ်ဆိုပေမဲ့ တကယ့်ရှစ်လေးလုံး တောင်းဆိုသံတွေကို အကောင်အထည်ပေါ်ဖို့အတွက် ကျနော်တို့ရှေ့ဆက်ရမယ့်ခရီး အများကြီးကျန်သေးတယ်လို့ မြင်ပါတယ်။”
ရှစ်လေးလုံးလှုပ်ရှားမှုကတည်းက ပြည်သူတွေကတောင်းခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အပြည့်အဝမရသေးသလို နိုင်ငံရေးအကျဉ်းသားတွေကို အချိန်မရွေးဖမ်းဆီးနိုင်တဲ့ ဆက်သွယ်ရေးဥပဒေ၊ ငြိမ်းစုစီဥပဒေတွေ ပြီးတော့ ပြည်တွင်းစစ်ပွဲတွေအတွက်လည်း စိုးရိမ်မိတယ်လို့ ၈၈လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတဦးဖြစ်သလို ကျောင်းသားတပ်မတော် ABSDF ရဲ့ တပ်သားတဦးဖြစ်တဲ့ ညီညွှတ်ခြင်းမြန်မာအဖွဲ့ အမှုဆောင်ဒါရိုက် ဦးအောင်မျိုးမင်းကပြောပါတယ်။
“ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၂နှစ် ဒီလိုမျိုးနေ့ ဒီလိုမျိုးအချိန် ဒီနေရာမှာ ကျနော်တို့တတိုင်းပြည်လုံးက စစ်အာဏာရှင်ကျဆင်းရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တောင်းဆိုခဲ့ကြတယ်။ အခု ၃၁နှစ် ဒီနေ့မနက်မှာ ကျနော်ပြန်စဉ်းစားတဲ့အခါမှာ စစ်အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ပေမဲ့၊ စစ်အာဏာရှင်စနစ်က အခုထိမပျောက်သေးဘူး။ ပြည်သူ့အစိုးရအနေနဲ့တိုင်းပြည်ကို သူတို့ဖြစ်ချင်သလို အကောင်အထည်ဖော်ဖို့အတွက် အခက်အခဲတွေ အများကြီးရှိနေတုန်းပဲ။ အပြစ်အခတ်ရပ်စဲရေးကတဖက် တိုက်ပွဲတွေကတဖက် အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ဒေသမှာ အပြစ်မဲ့ ပြည်သူတွေ မတရားအဖမ်းခံထိတာတွေ သေဆုံးတာတွေရှိနေသမျှကာလပတ်လုံး ပြီးခဲ့တဲ့ ၃၁နှစ်က တောင်းဆိုခဲ့တဲ့ စစ်မှန်သော ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အဝမရသေးဘူးလို့ ကျနော်တွက်ဆလိုပါတယ်။”
ဒီပွဲကို မနက် ၉ နာရီခွဲမှာစပြီး တေးရေးနိုင်မြန်မာနဲ့အဖွဲ့က ဂုဏ်ပြုသီချင်းတွေ ဆိုခဲ့ကြပါတယ်။ ကျောင်းသားတွေဦးဆောင်ပြီး ၂၆နှစ်လောက် တပါတီစနစ်နဲ့အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖြုတ်ချနိုင်ခဲ့တဲ့ ၁၉၈၈ သြဂုတ်လ ၈ရက်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း ပြခန်းနဲ့ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃၁နှစ် သြဂုတ်လ ၈ ရက်နေ့ညမှာပဲ အခု အခမ်းအနားကျင်းပတဲ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြသူတွေကို လုံခြုံရေးအာဏာပိုင်တွေက ပစ်ခတ်နှိမ်နင်းခဲ့ပြီး၊ နောက်ရက်တွေမှာလည်း ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာတွေ ဖြစ်ခဲ့ပါတယ်။ သေဆုံးသူတွေအတော်များများရှိပေမယ့်လည်း အခုအချိန်အထိတော့ အဲဒီအချိန် သေဆုံး ဒဏ်ရာရသူတွေ ဘယ်လောက်ရှိလဲဆိုတာကိုတော့ အတိအကျ စာရင်းပြုစုနိုင်ခြင်းမရှိသေးပါဘူး။