ကိုဗစ်ကာလ ထိုင်းမှာ အလုပ်လက်မဲ့ဖြစ်တဲ့ မြန်မာအလုပ်သမားတွေပြဿနာ ဖြေရှင်းပေးဖို့ တင်ပြ

အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးကို သွားရောက်တောင်းဆိုနေတဲ့ မြန်မာအလုပ်သမားများ။ (ဇူလိုင် ၃၁၊ ၂၀၂၀။ ဓာတ်ပုံ - AAC)

(Zawgyi / Unicode)

COVID-19 အရေးပေါ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်တာ ၄ လနီးပါးရှိနေပြီ ဖြစ်တာကြောင့် မြန်မာအလုပ်သမား ၁၅၀ ကျော်ဟာ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်က အလုပ်သမား ကာကွယ်ရေးရုံးကို သွားပြီး အလုပ်ရှင် အလုပ်သမား ပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

SEE ALSO: ထိုင်းပြန်ဝင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကိုဗစ်စောင့်ကြည့်မယ်

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်က ခရီးဆောင်အိတ်တွေချုပ်တဲ့ စက်ရုံက မြန်မာအလုပ်သမား ၁၅၀ ကျော်ဟာ COVID-19 အရေးပေါ်ကာလမှာ အလုပ်ရပ်နားတာ ၄ လနီးပါးရှိပြီ ဖြစ်တာကြောင့် ဒီစက်ရုံအနေနဲ့ သူတို့ကို ဘယ်အချိန်အထိ အလုပ်တွေ နားထားဦးမလဲဆိုတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ဇူလိုင်လ ၃၁ ရက်နေ့က အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံးကို သွားရောက်ပြီး တောင်းဆိုခဲ့ကြကြောင်း ထိုင်းအခြေစိုက် အလုပ်သမားကူညီရေးအဖွဲ့ AAC ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက အခုလိုပြောပါတယ်။

“၂၀၁၉ အောက်တိုဘာနဲ့ သြဂုတ်လအတွင်းမှာ ပို့ခဲ့တဲ့ အလုပ်သမားတွေ၊ တနှစ်မပြည့်သေးဘူး။ အခု ၂၀၂၀ ထဲမှာ ကိုဗစ်ကာလနဲ့ တိုးတယ်။ ကိုဗစ်ကာလပြီးရင် ပုံမှန်အလုပ်ပေးမယ်၊ အခုတော့ အစိုးရထောက်ပံ့ကြေးနဲ့ နေပေးပါလို့ ပြောတယ်၊ ခွင့်တောင်းတယ်။ အလုပ်သမားတွေကလည်း ကျေနပ်တယ်၊ နေလိုက်တယ်၊ သတ်မှတ်ကာလက ၃ လဆိုတော့ ၃ လအတွင်းမှာ သူတို့ ထောက်ပံ့ပေးတဲ့ငွေနဲ့ အခန်းခ၊ မီးခ၊ ရေခ ပေးနေရတယ်။ ကျနော်တို့ ကိုဗစ်ကာလ နည်းနည်းအလုပ်လုပ်ခွင့်ရမလားဆိုတော့ နောက်ထပ်တလ ထပ်တိုးတယ်။ အခု ၄ လနီးပါးရှိပြီ။ ဒါကို အလုပ် ဘယ်လောက်ဝင်ရမှာလဲ မေးတော့ သူ့နိုင်ငံ သူ့စီးပွားရေး အဆင်ပြေတဲ့နေ့မှ အလုပ်ဝင်ရမယ်လို့ ပြောတဲ့အတွက် အလုပ်သမားတွေက အလုပ်သမား ကာကွယ်ရေးရုံးကို သွားကြတယ်။ အလုပ်ရှင်နဲ့ ပြေလည်အောင် ညှိပေးဖို့ပေါ့။”

SEE ALSO: လူကုန်ကူးပွဲစားတွေ ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားအများအပြား ထိုင်းမှာ ဖမ်းမိ

COVID-19 အရေးပေါ်ကာလမှာ အစိုးရထောက်ပံ့ပေးငွေ တလကို ဘတ်ငွေ ၅,၀၀၀ ကျော် ရရှိခဲ့ပေမယ့် အလုပ်ရှင်ကို ပြန်ပေးရတဲ့ အခန်းငှားခ၊ ရေခ၊ မီးခနဲ့တင် ကုန်သွားတာမို့ မြန်မာအလုပ်သမားတွေဟာ စားသောက်ရေးပါ ခက်ခဲလာခဲ့တာပါ။ အခုကတော့ ထောက်ပံ့ကြေး ထပ်ပေးတာမျိုးလည်း မရှိတော့သလို အလုပ်ကလည်း ဘယ်အချိန်မှာ ပြန်လုပ်ရမယ် မသိတာကြောင့် တခြားအလုပ်တွေကို ပြောင်းရွှေ့တာမျိုးတွေကို ခွင့်ပြုပေးနိုင်ဖို့ သွားရောက်တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အလုပ်က တကယ်ယူဦးမှာလား၊ နားဦးမှာလား၊ အလုပ်မရှိတော့ဘူးဆိုရင် ဆက်ပြီး နားရဦးမယ်ဆိုရင် အလုပ်သမားတွေက မခံနိုင်တော့ဘူး။ တခြားအလုပ်ရှင်ကို ပြောင်းလုပ်ချင်တယ်။ အလုပ်ရှင်က အပြင်သွားခွင့် မပေးဘူး။ အစိုးရ ထောက်ပံ့ကြေးကတော့ ၃ လစာတော့ ရပြီးပြီ။ ဒါပေမယ့် နောက်ဆုံးတလစာ မပေးတော့ဘူး။ ဒီတော့ အလုပ်ဆက်ခိုင်းဦးမှာလား ဆိုတာ သိချင်လို့ အလုပ်သမား ကာကွယ်ရေးရုံးကို သွားတော့ လာမယ့် တနင်္လာနေ့မှာ အလုပ်ရုံကို လာစစ်မယ်၊ အလုပ်ရှင် အလုပ်သမား စကားပြောမယ်လို့ ဆိုတယ်။”

COVID-19 အရေးပေါ်ကာလမှာ စက်ရုံအတော်များများ ပိတ်သိမ်းလိုက်ရပြီး နိုင်ငံခြားသား အလုပ်သမားတွေ အပါအဝင် အလုပ်လက်မဲ့ဦးရေ ၈ သန်းထက်မနည်း ရှိနေတာပါ။ ဒီကာလအတွင်းမှာ မြန်မာနိုင်ငံသား ၅၀,၀၀၀ ကျော်လောက် နေရပ်ပြန်ခဲ့ပြီး အခုလို အဆင်မပြေဖြစ်နေတဲ့ အလုပ်သမားတွေလည်း အများအပြား ရှိနေတာပါ။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်ကာလ ထိုင်းမှာ အလုပ်လက်မဲ့ဖြစ်တဲ့ မြန်မာအလုပ်သမားတွေပြဿနာ ဖြေရှင်းပေးဖို့ တင်ပြ

---------------------------------

(Unicode)





SEE ALSO: ကန့်သတ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်မှုချိုးဖောက်တဲ့ ထိုင်းနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရ



SEE ALSO: ထိုင်းနယ်စပ်မှာ တရားမဝင် ဝင်ရောက်သူ အများအပြား ထပ်မံဖမ်းဆီးခံရ
