(Zawgyi/Unicode)
မြန်မာစစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး ဖမ်းဆီးထားတဲ့ သတင်းထောက်တွေ အပေါ် တရားစွဲဆိုထားတာ အားလုံးကို ချက်ချင်းပြန်ရုပ်သိမ်းပေါ်ဖို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
မြန်မာသတင်းသမားတွေဟာ သူတို့အပေါ် ခြိမ်းခြောက်မှုတွေ အကြပ်ကိုင်မှုတွေနဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေကို ခုထိ ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒါဟာ ရဲနဲ့ စစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဖုံးကွယ်နိုင်ဖို့နဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖိနှိပ်ဖို့နဲ့ မြန်မာစစ်အာဏာပိုင်တွေရဲ့ ကြိုးစားမှုဖြစ်ကြောင်း ထင်ရှားနေတယ်လို့ AI လူ့အခွင့်ရေးအဖွဲ့က ကြာသပတေးနေ့မှာ ပြောပါတယ်။
တရားရင်ဆိုင်ဖို့ ဖမ်းခံနေရသူတွေ၊ အာမခံနဲ့ပြန်လွတ်လာသူ ဒါမှမဟုတ် ဖမ်းဝရမ်း အထုတ်ခံထားရသူ တွေ အပါအဝင် သတင်းထောက်အားလုံးဟာ သူတို့အလုပ်ကို သူတို့လုပ်နေတာ ဖြစ်ပြီး သူတို့ရဲ့ရပိုင်ခွင့်ကို ငြိမ်းချမ်းစွာ ကျင့်သုံးနေကြသူတွေ ဖြစ်တဲ့ အတွက် သူတို့အားလုံး အပေါ် စွဲဆိုထားတာတွေကို ရုပ်သိမ်းဖို့ AI အဖွဲ့ တောင်းဆိုတာ ဖြစ်ပါတယ်။
လူထုမတည်ငြိမ်အောင် လုပ်နေတဲ့ သတင်းထောက်တွေကိုသာ အာဏာပိုင်တွေက ဖမ်းဆီးတာ ဖြစ်ကြောင်း မြန်မာစစ်တပ်က ပြောဆိုထားတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကပြုစုထားတဲ့ စာရင်းအရ စစ်တပ်က အရပ်သားအစိုးရအဖွဲ့ကို ဖြုတ်ချပြီးအာဏာသိမ်းခဲ့ချိန်ကနေ အခုအချိန် အထိ သတင်းထောက် ၈၈ ယောက် အဖမ်းခံရပြီး ဒီအထဲက ထက်ဝက်ကျော်ဟာ အခုထိ အထိန်းသိမ်းခံနေရဆဲပဲလို့လည်း AI က ပြောပါတယ်။
အဖမ်းခံနေရသူတွေထဲမှာ Frontier Myanmar မဂ္ဂဇင်းအယ်ဒီတာ အမေရိကန် နိုင်ငံသား Danny Fenster လည်းပါဝင်ပြီး သူဟာ တနင်္လာနေ့က မလေးရှားနိုင်ငံကို သွားမယ့် လေယာဉ်ပေါ် မတက်ခင် မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံခဲ့ရပြီး ရန်ကုန်အင်းစိန်အကျဉ်းထောင်မှာ အထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
.............
(Unicode)