နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းတွေနဲ့အတူ ရန်ကုန်မြို့က စက်ရုံလုပ်ငန်းခွင်တွေ ပုံမှန်လည်ပတ်နိုင်ဖို့ ခက်ခဲလာတာကြောင့် အလုပ်သမားတွေ ဝင်ငွေကျဆင်းလာပြီး လက်ရှိ ကုန်ဈေးနှုန်းနဲ့ မမျှမတ အခက်ကြုံနေကြရပါတယ်။ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း စစ်အာဏာသိမ်းနောက်ဆက်တွဲအခြေအနေမှာ သူတို့ရဲ့အခြေခံရပိုင်ခွင့်တွေလည်း ဆုံးရှုံးလာနေတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး အကျပ်အတည်းရှိရာကနေ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေ ပိုပြီးဆုံးရှုံးလာရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ အနည်းဆုံးအခကြေးငွေကို အရင်က ၄,၈၀၀ ကျပ် သတ်မှတ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ၅,၈၀၀ ကျပ်အဖြစ် အလုပ်သမားရေးဌာနက ပြင်ဆင် တိုးမြှင့်သတ်မှတ်ထားပါတယ်။
ဒါပေမယ့်လည်း အခုနောက်ပိုင်း လုပ်ငန်းပုံမှန် မလည်ပတ်နိုင်လို့ ပိတ်သိမ်းလိုက်ရတဲ့ စက်ရုံတွေ ပိုများလာသလို ရှိနေတဲ့ စက်ရုံတွေကလည်း အလုပ်သမားတွေကို ဥပဒေပြဌာန်းချက်အတိုင်း လုပ်ခလစာ အပြည့်အဝမပေးနိုင်ကြဘူးလို့ လှိုင်သာယာမြို့နယ်က စက်ရုံလုပ်သားတဦးက ပြောပါတယ်။
"စက်ရုံကတော့ လောလောဆယ်မှာ အော်ဒါနည်းနည်း ပါးတာပေါ့နော်။ အော်ဒါမရတဲ့ အခါကျတော့ သူတို့က လိုင်းတွေကို အော်ဒါအပြည့် မချပေးနိုင်ဘူး။ ဥပမာ ၁၄ လိုင်း အပြည့်ရှိတယ်ဆိုရင် ၁၄ လိုင်းလုံးမှာ အော်ဒါအပြည့် မချနိုင်ဘူး။ တအော်ဒါလောက်ကို မျှချုပ်ရတာမျိုးရှိတယ်။ အဲလိုကျတော့ အော်ဒါနည်းတဲ့အတွက် အိုတီ (OT-Overtime) မခေါ်ဘူးပေါ့။ လိုင်းမျှပြီးတော့ ခေါ်တာမျိုးရှိတယ်။ အဲလိုမျိုးဆိုတော့ အလုပ်သမားတွေအတွက်က အိုတီနည်းသွားတဲ့အတွက် လစာနည်းသွားတယ်။ နောက်တခုက သူတို့ပိတ်မယ်ဆိုရင် ဒေးကြေးအပြည့်မပေးတဲ့အတွက်ကြောင့် ၂ ရက်ပိတ်မယ်ဆို တရက်ကို ၂,၈၀၀ စီ အနှုတ်ခံရတယ်။ လစာနည်းသွားတာပေါ့။"
အလုပ်ဖွင့်ရက်မှာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်ပိတ်ထားမယ်ဆို အလုပ်သမားတွေကို သတ်မှတ်ထားတဲ့အတိုင်း အနည်းဆုံးအခကြေးငွေ တနေ့တာ ၅,၈၀၀ ကျပ် ပေးရမှာပါ။ ဒါပေမဲ့ အလုပ်သမားတွေကို တနေ့တာ ၃,၀၀၀ ကျပ်သာ ပေးတာမျိုး ကြုံနေရတယ်လို့ ပြောပါတယ်။
စက်ရုံတချို့မှာ အရင်က အလုပ်ချိန် ၈ နာရီအပြည့်အတွက် လုပ်အားခ အပြည့်အဝ မရတာမျိုးအပြင် စက်ရုံက တနေ့တာ သတ်မှတ်ထားတဲ့ နှုန်းထားမပြည့်မီရင် အချိန်ပိုဆင်းခိုင်းပြီး အခမဲ့ စေခိုင်းတာမျိုး ရှိခဲ့ပါတယ်။ အခုတခါမှာတော့ လုပ်ငန်းတွေ ပုံမှန်မလည်ပတ်နိုင်လို့ အလုပ်ပိတ်ထားတဲ့ရက်တွေမှာလည်း ဥပဒေမှာပါရှိတဲ့အတိုင်း လုပ်ခအပြည့်မပေးတဲ့ အခြေအနေတွေကို ကြုံတွေ့နေရတာပါ။
"အော်ဒါ အနေအထားကတော့ သိပ်မကောင်းဘူး။ အခု စက်ရုံတော်တော်များများက ပိတ်တာများနေပြီ။ ကျနော်တို့ စက်ရုံဆိုရင်လည်း အော်ဒါမကောင်းဘူး။ သူများဆီကနေ တဆင့်ခံယူချုပ် ရတာတွေချည်းပဲ။ အခြေအနေကတော့ ပိုပြီးတော့ ဆိုးသွားတာပဲ ဖြစ်လာမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကုန်စျေးနှုန်းက ကျသွားတာမဟုတ်ဘူး၊ တက် တက်နေတာလေ။ ဒေးကြေးကို အတည်မတိုးနိုင်ဘူးဆိုရင် အလုပ်သမားတွေက အဆင်ပြေမှာ မဟုတ်ဘူး။ အတည်တိုးနိုင်ရင်တော့ အဆင်ပြေမယ်။ ဥပမာ ၁၀,၀၀၀ ၊ ၇,၅၀၀ ၊ ၈,၀၀၀ အဲလိုမျိုး တိုးလိုက်မှသာလျှင် အလုပ်သမားတွေ တော်တော်များများက အဆင်ပြေမှာ။ ဒီတိုင်းဆို အဆင်ပြေမှာ မဟုတ်ဘူး။ ကုန်စျေးနှုန်းက တက်နေတာ။ အလုပ်သမားဘက်က ကျတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အလုပ်သမားဘက်က တက်မလာဘူး။ အခြေအနေတွေကတော့ ပိုပဲဆိုးသွားမှာပဲ။"
ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတဦး ပြောပြသွားတာပါ။ အခုလို လုပ်ခလစာကျဆင်းနည်းပါးလာချိန်မှာပဲ တဘက်မှာ ကုန်ဈေးနှုန်းအဆမတန်ကြီးလာတဲ့ ဒဏ်ကိုလည်း အလုပ်သမားတွေက ပိုတိုးခံကြရပါတယ်။ စက်ရုံတချို့ ပိတ်သိမ်းလိုက်ချိန်မှာ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ လုပ်သားတွေဟာလည်း နစ်နာကြေး မရကြပါဘူး။ အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့် ခေါင်းပုံဖြတ်ခံရတာတွေဟာ ကိုဗစ်ကပ်ဘေးနဲ့ အာဏာသိမ်းကာလ မတိုင်ခင်ကတည်းက အခြေခံလုပ်သား အများစုရှိတဲ့ လုပ်ငန်းခွင်တွေမှာ ကြုံတွေ့နေရတာပါ။ ကိုဗစ်ကပ်ရောဂါဘေးကနေ နာလန်ပြန်မထူနိုင်ချိန် အာဏာသိမ်းမှု ထပ်ပြီးကြုံတွေ့ရလို့ နောက်ဆက်တွဲ မတည်ငြိမ်မှုတွေနဲ့ လူမှုစီးပွား အကျပ်အတည်းတွေဟာ အောက်ခြေစက်ရုံအလုပ်ရုံလုပ်သားတွေအတွက် ပိုပြီး ထိခိုက်စေတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။
Your browser doesn’t support HTML5