အရှိုချင်း စစ်ဘေးရှောင်တို့ အခက်ကြုံ

မှတ်တမ်း ဓာတ်ပုံ - ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ

ရခိုင်ပြည်နယ် အမ်းမြို့ပေါ်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင် အရှိုချင်းလူမျိုး ၃၀၀ လောက်ဟာ စားနပ်ရိက္ခာနဲ့ ဆေးကုသရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေကြရပြီး လုံခြုံရေး အခြေအနေအရ နေရပ်မပြန်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ကျေးရွာသစ်မှာ နေရာချထားပေးဖို့ကို လိုလားနေကြပါတယ်။ ရခိုင်ပြည်နယ် အစိုးရကတော့ စားနပ်ရိက္ခာအတွက် ကူညီထောက်ပံ့ပေမဲ့ ရွာသစ်တည်ထောင်ပေးဖို့ အတွက်ကတော့ စောသေးတယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမ်းမြို့နယ်အတွင်းမှာ ဒီလ အစောပိုင်းတည်းက တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဒါးလက်၊ မက်လမောင်းနဲ့ ကဇုကိုင်း ကျေးရွာအုပ်စုက အရှိုချင်း ရွာသားတွေဟာ မကွေးတိုင်း ဒေသကြီးဘက်နဲ့ အမ်းမြို့ပေါ်တွေကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

လောလောဆည်မှာ အမ်းမြို့ပေါ်ကို အရှိုချင်း ရွာသား ၅၀၀ နီးပါးလောက်ရောက်ရှိနေပြီး ၃၀၀နီးပါးလောက်ဟာ ယာယီစစ်ရှောင်စခန်းအဖြစ် ဖွင့်လှစ်ထား မြို့နယ်အားကစားခန်းမမှာ နေထိုင်နေကြသလို ကျန် ၂၀၀လောက်ကတော့ နီးစပ်ရာ ဆွေမျိုးတွေထံမှာ နေထိုင်နေကြတာပါ။

လက်ရှိ စစ်ရှောင်စခန်းမှာ တွေ့ကြုံနေရတဲ့ အခက်အခဲကို ဒါးလက်ချောင်းရွာဟောင်းက တိမ်းရှောင်လာတဲ့ ဦးလှမင်းထွန်းက အခုလို ပြောပါတယ်။

“ အခက်အခဲကတော့ အမျိုးမျိုးပါပဲ။ အဓိက ကတော့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး အခြေအနေ အဲဒီ ၂ ခုပါပဲ။ ကျန်းမာရေးကတော့ ဒီက ပြည်သူ့ဆေးရုံမှာပဲ ဖြစ်သလို ကုသရပါတယ်။ ဒီက တာဝန်ခံနဲ့ညှိနှိုင်းပြီးတော့လေ။ အဓိက လူအများစုနဲ့ နေရတယ်ဆိုတော့ ကလေးတွေ ဝမ်းလျော ဝမ်းပျက်ဖြစ်ပါတယ် အများအားဖြင့်။ ကျနော်တို့ ကိုယ့်ရွာကိုယ် ပြန်ဖို့အခြေအနေတော့ မရှိတော့ဘူးခင်ဗျ။ ဖြစ်နိုင်လို့ရှိရင် အမ်းမြို့နယ်ထဲမှာပဲ ကျနော်တို့ လုံခြုံရေး တပ်နဲ့ နီးစပ်တဲ့နေရာတစ်ခုမှာ ကျနော်တို့ နေရာတစ်ခုလောက်လိုချင်ပါတယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆို ကျနော်တို့ ကိုယ့်ရွာကို ပြန်လို့ ရှိရင် လုပ်စားရမယ့် နေရာတွေလည်း အဆင်မပြေတော့ဘူးလေ။ ပြီးရင် ကျနော်တို့မှာ မွေးစားထားတဲ့ တိရိစ္ဆာန်တွေလည်း ဒီအချိန်လောက်ဆို လူမရှိဘူးဆို အကုန် ပျက်စီးတော့မှာ။ အဓိကက အဲဒီလုံခြုံရေးကြောင့်ပါပဲ။ ”

ဒေသခံအများစုဟာ တောင်ယာစိုက်ပျိုးရေး အပြင် ဝါးခုတ်၊ ဖျာရက်နဲ့ အနီးအနားက မြစ်ချောင်းတွေကို အမှီပြု နေထိုင်စားသောက် နေကြရတာဖြစ်ကြောင်း ပြောပါတယ်။ တိုက်ပွဲရှောင် ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးသန်းချိုက လတ်တလော ကူညီထောက်ပံ့နေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ စားနပ်ရိက္ခာကတော့ ဆန်တစ်ခုပဲ ရပ်ကွက်တွေက စေတနာရှင် အသင်းအဖွဲ့တွေက လာပြီး လှူဒါန်း ထားတာပဲ ရှိပါတယ်။ ကျနော်တို့ အဲဒါနဲ့ ကျွေးနေတာ။ အ လှူရှင်တွေ လာ လှူထားတဲ့ဆန်က ၅ရက်စာပဲ။ ၅ရက်စာကုန်ရင်တော့ ကျနော်တို့မှာ မရှိတော့ဘူးဆိုတော့ မြို့နယ်အုပ်ချုပ်ရေးမှုးက အဲဒါ ကုန်ရင်တော့ သူ့ဆီမှာ လာထုတ်ပါလို့တော့ ပြောထားပါတယ်။ နောက် အသီးအရွက်ကျတော့လည်း စေတနာရှင် ကိုင်းရှင်တွေကနေ သူတို့ လာလှုတယ်။ သူတို့ လာမလှုတဲ့အချိန်ကျရင် ကျနော်တို့ အသီးအရွက်တွေ ဝယ်ကျွေးရပါတယ်။ ကျန်းမာရေးအထောက်အကူပြုမှာ ကလေးတွေက ခန ခန ဆေးရုံတင်ရပါတယ်။ ဆေးရုံက ဆရာဝန်ကြီးကိုယ်တိုင်ကလာပြီးတော့ လိုအပ်တဲ့ ဆေးတွေတော့ ပံ့ပိုးပေးတယ်။ ဒါပေမဲ့ ဆေးရုံတက်တဲ့အချိန်မှာ တစ်ကယ်လိုအပ်တဲ့ ဆေးဝါးတွေကို ဝယ်ရတဲ့အချိန်မှာ အလှုရှင်လည်း မရှိတော့ အဲဒါတွေက ကျနော်တို့မှာ တော်တော် အခက်အခဲ တွေ့ပါတယ်။”

နောက်ထပ်လိုအပ်တာကတော့ အနွေးထည်နဲ့ စောင်တွေ ဖြစ်ကြောင်း ဦးသန်းချိုက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက စစ်ရှောင်တွေအခက်အခဲနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေကြောင်း၊ အမြဲတမ်းနေထိုင်ဖို့ အတွက်တော့ စီစဉ်ဖို့ စောသေးကြောင်း အခုလို ပြောပါတယ်။

“ ရောက်လာတဲ့ သူတွေကို ကျနော်တို့ ဒီ အထူးသဖြင့် လူကယ်ပြန် ဝန်ကြီးဌာနက နေပြီးရင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး တွေက တဆင့် ကျနော်တို့ ဆန်ရိက္ခာပေးတယ်။ ဒေသကို မပြန်နိုင်ဆိုရင်တော့ အစိုးရက တစ်နည်းတစ်ဖုံစီစဉ်ပေးရမှာပေါ့။ ဒါက ကိုယ့်ပြည်သူတွေပဲလေ။ သူတို့ မလုံခြုံတော့ အသက်ဘေး အန္တရာယ်ကြောင့် ထွက်လာတာ။ တစ်ကယ်လို့ ငြိမ်းချမ်းသွားရင်တော့ သူတို့ ကိုယ့်နေရာကိုယ် ပြန်ချင်ကြမှာပဲလေ နော။ အမြဲတမ်းအခြေချ နေထိုင်ဖို့ ဆိုတာ ခုမှ ဖြစ်စဆိုတော့ ပြောဖို့ နည်းနည်း စောသေးတယ်လို့ထင်တယ်။ အဲဒါတော့ ”

စစ်ရှောင်တွေထဲမှာ ကျောင်းနေအရွယ် ကလေးငယ် ၁၀၀ကျော်လောက် ပါဝင်နေပြီး သူတို့တွေကို ဒီကနေ့မှာပဲ ပညာဆက်လက်သင်ယူဖို့ ကျောင်း ၅ကျောင်းမှာ ကျောင်းအပ်ခွင့် ပြုထားပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အမ်းမြို့နယ်အတွင်းက ရွာသား ၁၀၀ကျော်ကတော့ မကွေးတိုင်းဒေသကြီး မင်းဘူး၊ ငဖဲ၊ သရက်နဲ့ မင်းတုံးမြို့နယ်ဘက်တွေကို တိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။

Your browser doesn’t support HTML5

အရှိုချင်း စစ်ဘေးရှောင်တို့ အခက်ကြုံ

(Unicode)












