(Zawgyi/ Unicode)
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ စစ်ရေးတင်းမာနေဆဲရခိုင်ပြည်နယ်မှာစစ်ဘေးရှောင်ဦးရေ တစ်သိန်း ခြောက်ထောင်ကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) က သတင်းထုတ်ပြန် ပါတယ်။ တိုက်ပွဲဧရိယာ ကျယ်ပြန့် လာနေသလို စစ်ရှောင် အရေအတွက် ပါ တိုးလာနေတယ်လို့ လည်း REC တာဝန်ရှိသူ တွေက ပြောပါတယ်။ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် မနှစ်က စစ်ရှောင်ဦးရေတသိန်းလောက်ရှိရာကနေ ဒီနှစ်သစ်မှာ စစ် ရှောင်ဦးရေထပ်မံတိုးပွားလာကြောင်း ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး (REC)မှ ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က အခုလိုပြောပါတယ်။
“လက်ရှိကျွန်တော်တို့တွေ့ရှိသလောက်ဆိုရင် တသိန်းကျော်ပြီးဆိုတော့ နောက်တခုကဧရိယာကလဲ ပိုပြီးတော့ အမ်းတို့ မြေပုံဘက်ကိုလဲ ကျွန်တော်တို့ဒီ ဒုက္ခသည်တွေကလဲ တိုးလာတဲ့အခါကျတော့ ပဋိပက္ခရဲ့ရှေ့ဆက်မှုအခြေအနေ အပေါ် မှာ မူတည်ပြီးတော့ ဒေသခံတွေရဲ့စိုးရိမ်မှုတွေက များရင်များလာသလို ဒုက္ခသည်ဦးရေက တိုးလာနိုင်တဲ့ အနေအထား မှာရှိတယ်။”
ရခိုင် မင်းပြားဒေသ တိုက်ပွဲ ပြင်းထန်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။
ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော် မြောက်ဦး၊ မင်းပြား မြေပုံမြို့၊ အမ်း ရသေ့တောင် မောင်တော စစ်တွေနဲ့ ပေါက်တောမြို့နယ်စတဲ့ မြို့နယ် ၁ဝ ခုမှာ စစ်ဘေးရှောင်ဦးရေ ၁၀၆၆၁၄ ဦး ခိုလှုံလျက်ရှိနေကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီစစ်ရှောင်တွေရဲ့ နေထိုင်စားသောက်ရေးအခြေအနေကိုတော့ ဦးရွှေဘော်စိန်က အခုလို ဆက်ပြောပါတယ်။
“လက်ရှိစစ်ရှောင်စားသောက်နေထိုင်ရေးအခြေအနေက (၃)မျိုးပုံစံမျိုးနဲ့ကျွန်တော်တို့တွေ့ရတယ်။ ပထမတမျိုးက အစိုးရက တရားဝင်အသိမှတ်ပြုထားတဲ့ စစ်ဘေးရှောင်စခန်း ဆိုပြီးတော့ ရှိနေတယ်။ အဲဒီနေရာမှာကျတော့ သူတို့က လာပြီးတော့ ICRC တို့ WFP တို့က တလကို လူတယောက်က ဆန်ဘယ်လောက်နှုန်းဆိုပြီးတော့ ထောက်ပံ့ပေးတာ ရှိတယ်။ တချို့ကကျတော့ အရေအတွက် အားဖြင့်ရှိတယ်။ ဒါပေမဲ့သူတို့ကိုကျတော့ အစိုးရကအသိမှတ်မပြုဘူး။ နောက်ပြီးတော့သူတို့ဟာသူတို့ မိမိရဲ့နယ်မြေအလိုက် သင့်တော်တဲ့နေရာမှာ သူတို့ခိုလှုံနေကြတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အဲဒီနေရာကိုမရောက်ဘူး။ နောက်တချို့က အိမ်ထောင်စုအစု(၁၀)ရှိတယ် အစု(၂၀)ရှိတယ်။ သူတို့ဟာ သူတို့ သင့်တော်တဲ့နေရာမှာ စုစည်းပြီးတော့နေထိုင်ကြတယ်။ နီးစပ်ရာ နီးစပ်ကြောင်း ခိုလှုံပြီး နေထိုင်ကြတယ်။ အဲဒီတော့ အားလုံးတပြေးညီတော့ အထောက်ပံ့တွေတော့မရကြဘူး။”
ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အတွင်းမှာလဲ လုံခြုံရေးကင်းမဲ့ လာတဲ့အခြေအနေ ရှိလာပါတယ်။
ဒီလ ၉ရက်နေ့မှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် မဲလမောင်းကျေးရွာအနီးမှာ နှစ်ဘက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့လို့ ရွာသား(၄၀၀)ကျော် အမ်းမြို့မှာ စစ်ရှောင်နေရဆဲလို့ အနီးနားရွာဖြစ်တဲ့ ကဇူးကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်သောင်းကပြောပါတယ်။
“ကျွန်တော်တို့ ကဇူးကိုင်းအုပ်စုဖက်ကတော့ အုန်းတည်ချောင်းဆိုတဲ့ရွာက ကဇူးကိုင်းမှာပေါ့ သူတို့သားချင်းတွေရှိတဲ့ နေရာမှာ ရောက်နေတယ် ပြီးတော့ အမ်းစစ်ဘေးရှောင်စခန်းကို ရောက်နေတယ်။ အမ်းမှာ(၄၀၀)လောက်ရှိတယ် လို့ပြောတယ်ခင်ဗျ။ သူတို့ကနေရပ်မပြန်နိုင်သေးဘူး။ ဒလက်အုပ်စုက မဲလမောင်းအုပ်စုကဖြစ်လိမ့်မယ်။”
ဒါ့အပြင် မဲလမောင်းကျေးရွာအုပ်စုက ရွာသား(၁၀၀)ကျော်ဟာ မကွေးတိုင်းဒေသကြီး မင်းတုံး၊ ငဖဲနဲ့ သရက်စတဲ့ မြို့နယ်ဘက်မှာတိမ်းရှောင်နေရတာလဲရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်း (၁)နှစ်ကျော်အထိ ကြာမြင့်နေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် အရေအတွက်လည်း မြင့်မား လာနေတာပါ။ ဒီလိုတိုက်ပွဲတွေကြာရှည်လာမယ်ဆိုရင် ဒေသခံတွေအတွက် ထိခိုက်မှုတွေရှိလာမယ်လို့ ရခိုင်တိုင်းရင်း သားမျိုးနွယ် များ အစည်းအရုံး(REC)မှ ဥက္ကဋ္ဌ ဦးရွှေဘော်စိန်ကပြောပါတယ်။
“ဒီငြိမ်းချမ်းမှုတွေမရသေးဘူး။ ဒီလိုပုံစံမျိုးသာခရီးဆက်သွားမယ်ဆိုလို့ရှိရင်တော့ ပြည်သူလူထုတွေရဲ့အာမခံမှု ၊ ဒေသခံ တွေရဲ့လုံခြုံမှုတွေက လုံးဝမရှိဘူး။ မြို့ပေါ်မှာလည်း ပိုပြီးတော့ လုံခြုံမှုမရှိသလို ဖြစ်နေတဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဆက် သွားရမလဲဆိုတဲ့ဟာကို ဒေသခံတွေက တော်တော်ကို စဉ်းစားစရာဖြစ်နေတယ်။ နှစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းက နှစ်ဘက်အားပြိုင်မှုက ပိုများလာပြီးဆိုလို့ရှိရင် ဒီထက်ပိုပြီးဆိုးဝါးနိုင်တဲ့အနေအထားတွေ ဖြစ်လာနိုင်တယ်။ အဲဒီလို အခြေ အနေမျိုးမှာ ဖွံ့ဖြိုးရေး လုပ်ငန်းကအစ ကုန်လုံးက ရပ်ဆိုင်းလုနီးပါးဖြစ်လာတဲ့အခါကျလို့ရှိရင် ကျန်းမာရေးရော စီးပွားရေး ရော ပြဿနာတွေကတက်လာမယ်။”
ရခိုင်ပြည်နယ်အတွင်းAAအဖွဲ့တည်ရှိမှုကို တပ်မတော်ကလက်မခံသလို AAရခိုင်လက်နက်ကိုင် အဖွဲ့ကလဲ ရခိုင်ပြည် နယ်အတွင်းအခြေချရေးကို အဓိကရည်မှန်းချက်ဖြစ်နေတာကြောင့် မတူကွဲပြားတဲ့ သဘောထားတွေရှိနေလို့ ပဋိပက္ခ အေးငြိမ်းဖို့ခက်ခဲတဲ့အခြေအနေမှာရှိနေတာပါ။
လာမယ့် ဖေဖေါ်ဝါရီလလယ်နောက်ပိုင်းမှာ မြန်မာအစိုးရြငိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ AAအပါအဝင် NCAအပစ်ရပ် စာချုပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းနှစ်ဘက်တိုက်ပွဲဖြစ်ပွားမှု လျော့ပါးလာတဲ့ အခြေအနေရှိနေပေမဲ့ မြန်မာစစ်တပ်ဘက် က ဒေသအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကတော့ ရှိနေဆဲလို့ဒေသခံတွေကပြောပါတယ်။
.....................
(Unicode)