မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘယ်လောက်တိုးတက်နေပြီလဲ

၂၀၁၀ ခုနှစ် မြန်မာနှစ်ဆန်းတရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားအနီးရှိ ငါးကန်မှာ လူအများ ငါးလွှတ်ခဲ့တာကြောင့် ရေကန်တွင်း ပလတ်စတစ်များပြန့်ကြဲနေတဲ့ မြင်ကွင်း။ (ဧပြီ ၁၇၊ ၂၀၁၀)

[Zawgyi/Unicode]

ဒီကနေ့ကတော့ ကုလသမဂ္ဂ သတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ၊ ပြည်သူတွေဘက်ကရော ဘယ်လောက်ထိ စိတ်ဝင်စားမှု ရှိလာသလဲဆိုတာတွေကို စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောပြပေးမှာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြပေးပါမယ်။

မမေခ။ ။ လက်ရှိမှာ ပြည်သူတွေဘက်က သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ဂရုပြုထိန်းသိမ်းလာတာ တွေ့ရပါသလဲ။

ဦးဝင်းမျိုးသူ။ ။ ရာသီဥတုပြောင်းလဲခြင်း၊ နောက် ပတ်ဝန်းကျင်ထိခိုက်ခြင်းတွေပေါ်မှာ ရှိတဲ့ အမြင်သဘောထားပေါ့နော် ... သိရှိနေတဲ့ သူတို့ရဲ့ ဗဟုသုတပေါ့နော် ... ဒါတွေက မြင့်တက်လာတယ်၊ ဘယ်သူမဆိုသွားမေးလိုက်ရင် သစ်တောတွေ ပျက်တဲ့အတွက် ရာသီဥတုကို ထိခိုက်တယ်၊ နောက် ရေအရင်းမြစ်ကို ထိခိုက်တယ်၊ ရေတွေကြီးတယ်ဆိုတာလောက်ကတော့ လူတိုင်းလိုလို ကလေးက အစ ပြောနိုင်လာတာဖြစ်တဲ့အတွက် ဒီအပိုင်းမှာတော့ မဆိုးဘူးပြောနိုင်ပါတယ်။ သို့ပေမဲ့ အားလုံးသိသင့်သိထိုက်တာတွေကတော့သိဖို့ အများကြီးရှိနေပါသေးတယ်။

မမေခ။ ။ လက်ရှိမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ဆုံးဖြစ်တဲ့ ပလတ်စတစ်သုံးစွဲမှုပိုင်းက အိမ်နီးချင်းနိုင်ငံ တော်တော်များများလျှော့ချလာချိန်မှာ မြန်မာနိုင်ငံမှာ ဒီပလတ်စတစ် သုံးစွဲမှုက လျှော့ချနိုင်တာ မရှိသေးဘူး။ ဒါကဘာကြောင့်လဲ အသိပညာပေးတာ အားနည်းနေပါလား။ သုံးစွဲမှုအပေါ်ဆရာဘယ်လို သုံးသပ်ပါလဲ။

ဦးဝင်းမျိုးသူ။ ။ ဒီပလတ်စတစ်နဲ့ ပတ်သတ်တဲ့ လူထုရဲ့အမြင်သဘောထားကတော့ ပျမ်းမျှလူတွေကြားထဲမှာတော့ ဒါကို ငါတို့ လိုက်နာဆင်ခြေမယ်ဆိုတဲ့ အလေ့အကျင့်တွေကတော်တော်လေး အားနည်းနေတယ်။ ကျနော်တို့ နယ်တွေသွားရင် လမ်းတွေပေါ်မှာ စွန့်ပစ်ထားတဲ့ ပလက်စတစ်တွေ ပြန့်ကြဲနေတာ၊ ရေမြောင်းတွေ ပိတ်နေတာ၊ မြစ်ချောင်းတွေထဲစီးနေတာ၊ တချို့ဆို ဒါတွေကို မီးရှို့တာ အန္တရာယ်ရှိတဲ့ အဆိပ်ဓါတ်ငွေ့တွေကို သတိမထားမိတာ သတိမပြုမိတာ၊ ဂရုမစိုက်ဘဲ လုပ်နေတာတွေက တော်တော်လေးတွေ့နေရတယ်။ ဒီအပေါ်မှာ ကျနော်တို့ တော်တော်လေးပြုပြင်ယူရဦးမယ် ထင်ပါတယ်။

SEE ALSO: မြန်မာနှင့် ဥတုရာသီပြောင်းလဲမှု အန္တရာယ်

မမေခ။ ။ လက်ရှိအစိုးရဘက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်တာမှာ ဘယ်လောက်လောက်ထိ သတိထားလုပ်ဆောင်တာ၊ ဒီအပေါ်သေချာဂရုတစိုက် လုပ်ဆောင်တာမျိုးတွေရှိပါသလဲ။

ဦးဝင်းမျိုးသူ။ ။ ကိုလံဘီယာ တက္ကသိုလ်ကနေထုတ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ ပတ်သတ်လို့ ထောင်စု နှစ်အတွက် လေ့လာတဲ့ ပရော်ဖက်ဆာတွေရဲ့ အစီရင်ခံစာထုတ်ပြန်ချက်တခု ရက်ပိုင်းတွင်းထွက်ခဲ့တာ ရှိပါတယ်။ တကယ်တိုးတက်မှုရှိတဲ့အောင် လုပ်ဆောင်နိုင်တာက လုပ်ငန်း ၁ ခု၊ ၂ ခုပဲ ရှိပါတယ်။ ကျန်တာက လုပ်ဆောင်ဆဲ အများစုကတော့ တိုးတက်မှုမရှိတာ၊ တချို့ဆို ကျဆုံးတာတွေရှိတယ်လို့ ပြောထားတာရှိပါတယ်။ ဒီတော့ လုပ်တော့လုပ်နေတယ်။ ထိရောက်မှု မရှိဘုူးပြောရမှာပါ။

မမေခ။ ။ လက်ရှိသဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေမှာ အစိုးရကိုင်တွယ်မှုပိုင်း အားနည်းတယ်လို့ ဝေဖန်မှုတွေ ရှိနေတယ်။ ဘယ်လိုကြောင့်အားနည်းတာလဲ ဒီအပေါ်ဘယ်လို ပြုပြင်ပြောင်းလဲရမလဲ။

ဦးဝင်းမျိုးသူ။ ။ ခံယူချက်ကနေအရင်စရမယ်ထင်ပါတယ်။ သွားမေးရင်တော့ နိုင်ငံရေးခေါင်းဆောင်အကုန်လုံး ဌာနဆိုင်ရာတွေအကုန် ဒါပဲပြောတယ်။ တကယ်လက်တွေ့ကျရင် စီးပွားရေးထိမှာ စိုးလို့ ဘယ်လိုမူဝါဒတွေပဲ ချထားချထား သဘာဝပတ်ဝန်းကျင်ကို နောက်ကို ပစ်ပယ်လိုက်တာပါပဲ။ စီးပွားရေးဖွံဖြိုးလိုရင်တော့ ပတ်ဝန်းကျင် ထိမှာပဲဆိုတဲ့ ခံယူချက်ကို ပြင်ရမှာပါ။ ညီတူစိတ်ထားထားဖို့ အရေးကြီးဆုံးပါပဲ။ ညီတူစိတ်ထား မထားတော့ အရေးရယ်၊ အကြောင်းရယ် စီးပွားရေးဘက်ကို ဘက်လိုက်တာ ရှိနေတာပေါ့ဗျာ။

SEE ALSO: ဧရာဝတီမြစ်ထဲ ပလပ်စတစ်အမှိုက် နေ့စဉ် တန် ၁၀၀ ကျော် မျောဝင်

မမေခ။ ။ လက်ရှိမြန်မာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ဘယ်လိုစိန်ခေါ်မှုက အကြီးမားဆုံး စိန်ခေါ်မှုပါလဲ။

ဦးဝင်းမျိုးသူ။ ။ စိန်ခေါ်ချက်အကြီးဆုံးအနေနဲ့ ပြောပါဆိုရင် ကျနော်တို့ ရင်ဆိုင်ရတာက သစ်တောပြုန်းတီးခြင်းလို့ ပြောချင်ပါတယ်။ ဒါကို အလေးထားဆောင်ရွက်ဖို့ တိုက်တွန်းချင်ပါတယ်။

မမေခ။ ။ ဒီလိုစိန်ခေါ်ချက်တွေကို ကျမတို့ ဘယ်လို အဖြေရှာ ဖြေရှင်းသင့်ပါလဲ ဆရာ။

ဦးဝင်းမျိုးသူ။ ။ သစ်တောရေးရာကိစ္စတွေ အထူးသဖြင့် မြေယာစီမံခန့်ခွဲရေးကိစ္စတွေလည်းပါတာပေါ့။ မြေယာစီမံခန့်ခွဲတာနဲ့ သစ်တောပြုန်းတာ ဆက်စပ်နေတော့လေ။ အဲဒီစီမံခန့်ခွဲမှုမှာ လူထုက ဆုံးဖြတ်နိုင်တဲ့ အနေအထားကို ပါလာမှသာလျှင် ဒီအပိုင်းကို အောက်ခြေမှာ ထိရောက်တဲ့ သစ်တောထိန်းသိမ်းတာတွေ ဖြစ်လာမှာဖြစ်တယ်။ လက်ရှိအနေအထားမှာက တကယ့်လူထုကို ထဲထဲဝင်ဝင် ပါဝင်ခွင့်မပေးထားပါဘူးဗျ။ အဲဒါကိုပဲ အဓိကထားပြင်ရမှာပါ။

Your browser doesn’t support HTML5

မြန်မာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘယ်လောက်တိုးတက်နေပြီလဲ

[Unicode Version]






SEE ALSO: ရာသီဥတုပြောင်းလဲမှု ဆွီဒင်ဆယ်ကျော်သက် ကမ္ဘာ့ခေါင်းဆောင်တွေကို စိန်ခေါ်








