သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးတုန်းပျောက်ကွယ်မယ့် ဇီဝမျိုးစိတ်တွေကို ထိန်းသိမ်းဖို့


The Tenasserim Mountain bent-toed gecko is one of two new species of gecko discovered during a biodiversity survey in little-studied areas of Myanmar by Smithsonian and Fauna & Flora International scientists.
The Tenasserim Mountain bent-toed gecko is one of two new species of gecko discovered during a biodiversity survey in little-studied areas of Myanmar by Smithsonian and Fauna & Flora International scientists.

မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဇီဝမျိုးစိတ်ပေါင်းက ကမ္ဘာတလွှားမှာ တသန်းလောက် ရှိနေပြီး မြန်မာနိုင်ငံမှာတော့ ၃ ရာကျော်ရှိနေပါတယ်။ ဒီအန္တရာယ်ဟာ လူသားတွေကြောင့် ဖြစ်လာရတယ်ဆိုတာနဲ့ ဘယ်လိုကာကွယ်နိုင်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။

တိုက်ရိုက် လင့်ခ်

မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဇီဝမျိုးစိတ်ပေါင်းက ကမ္ဘာတလွှားမှာ တသန်းလောက် ရှိနေပြီး မြန်မာနိုင်ငံမှာတော့ ၃ ရာကျော်ရှိနေပါတယ်။ ဒီအန္တရာယ်ဟာ လူသားတွေကြောင့် ဖြစ်လာရတယ်ဆိုတာနဲ့ ဘယ်လိုကာကွယ်နိုင်တယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။


လက်ရှိကမ္ဘာပေါ်မှာ အပင်နဲ့ သတ္တဝါ မျိုးစိတ်ပေါင်း ၈ သန်းရှိနေပြီး လူတွေရဲ့ အပြုအမူကြောင့် မျိုးတုန်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ် ပေါင်းက ၁ သန်းလောက် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ (၇) ကြိမ်မြောက် IPBES (Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services) ဇီဝမျိုးကွဲနဲ့ ဂေဟစနစ်ဆိုင်ရာ သိပ္ပံ-မူဝါဒ ရေးရာ နိုင်ငံတကာညီလာခံမှာ ၂၀၁၉ မေလ ၆ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ သတိပေးလိုက်ပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ အပင်နဲ့သတ္တဝါ မျိုးစိတ်တွေ အခုလို အစုလိုက်အပြုံလိုက် မျိုးတုန်းမယ့် ဖြစ်ရပ်ဟာ လူ့သမိုင်းမှာ တခါမှ မကြုံဘူးသေးတဲ့ အခြေအနေမျိုးလို့ နိုင်ငံတကာ သုတေသီ ၄၅၀ ရေးသားတဲ့ စာမျက်နှာ ၁,၈၀၀ ပါ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။ မျိုးတုန်းမယ့်နှုန်းဟာလည်း လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ဆယ်သန်းလောက်ကနဲ့ ယှဉ်ရင် အဆပေါင်း ထောင်ချီပြီး မြန်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်လာတာဟာ လူသားတွေကြောင့် ဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာကိုပါ ညစ်ညမ်းစေတဲ့ စွန့်ပစ်ပစ္စည်းတွေကို လက်လွတ်စံပယ်လွှင့်ပစ်တာ၊ ငါးအလွန်အကျွံဖမ်းတာ၊ တရားမဲ့သစ်ခုတ်တာ၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးတွေအတွက် မြေယာချဲ့ထွင်တာတွေလို လူသားတွေရဲ့ လုပ်ရပ်ကြောင့် ပြင်းထန်တဲ့ ဥတုရာသီ ပြောင်းလဲမှုတွေကို လက်တွေ့ခံစားနေရတာပါ။ ဒါ့ကြောင့် အပင်တွေ သတ္တဝါတွေတင်မကပဲ သူတို့ရဲ့ ဇီဝဂေဟစနစ်တွေ၊ ပင်လယ်သမုဒ္ဒရာနဲ့ မြေပြင်တွေ၊ ဝေဟင်တွေ အပါအဝင် သဘာဝပတ်ဝန်းကျင်ပါ ဆုတ်ယုတ်ပျက်စီး လာနေပြီး သဘာဝ တောရိုင်းတိရိစ္ဆာန်နဲ့ အပင်တွေ မျိုးတုန်းမယ့် အန္တရာယ် ကာကွယ်ရေးကို ချက်ချင်း အရေးယူ လုပ်ဆောင်ဖို့ IPBES အကြီးအကဲ Robert Watson ကပြောပါတယ်။

Robert Watson ။ ။“ကျနော်တို့ရဲ့ ဌာနေသစ်တောတွေ စိမ့်မြေတွေ ပြုန်းတီး၊ ပျောက်ကွယ်ကုန်တာဟာ ဇီဝမျိုးကွဲတွေ အပေါ်သက်ရောက်မှု သိပ်ကိုကြီးမားတဲ့အတွက် ဒီပြဿနာကို ဥတုရာသီပြဿနာ နည်းတူ အရေးတကြီး ရှေ့တန်းတင်ဖြေရှင်းဖို့ လိုပါတယ်။ ဒါဟာ သဘာဝဝန်းကျင်ဆိုင်ရာ ပြဿနာသက်သက် မဟုတ်ပဲ စီးပွါးရေး၊ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ လူမှုရေး၊ လူ့ကျင့်ဝတ်နဲ့ သိက္ခာပိုင်းဆိုင်ရာ ပြဿနာလည်း ဖြစ်နေတာမို့ ခုချက်ချင်းအရေးယူ လုပ်ဆောင်ဖို့ အချိန်ရောက်နေပါပြီ”

သက္ကရာဇ် ၁၉၀၀ လောက်ကစပြီး ကမ္ဘာမြေပြင်မှာ ရှင်သန်ပေါက်ဖွားကြတဲ့ မျိုးစိတ်တွေထဲက အနဲဆုံး ရာခိုင်နှုန်း၂၀ လောက်နဲ့ ကုန်းနေ-ရေနေသတ္တဝါမျိုးစိတ်တွေရဲ့ ရာနှုန်း ၄၀ ကျော်ဟာ မျိုးတုန်း ပျောက်ကွယ် ခဲ့ရသလို၊ ရေနေသတ္တဝါ ၃ ပုံ ၁ ပုံကျော်လည်း မျိုးတုန်းမယ့် အန္တရယ်နဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

အာရှဒေသ တလွှားမှာ မျိုးတုန်း ပျောက်ကွယ်လုနီး မျိုးစိတ်ပေါင်း ၅ ထောင်ကျော်ရှိတဲ့ ထဲက မဲခေါင်ဒေသမှာ ပျောက်ကွယ်လု မျိုးစိတ်ပေါင်း ၅၀၀ လောက် ရှိနေသလို မြန်မာနိုင်ငံ တနိုင်ငံထဲမှာတင် မျိုးစိတ်ပေါင်း ၃၃၁ အတွက် အန္တရာယ်ရှိနေတယ်လို့ ဆွစ်ဇာလန်အခြေစိုက် IUCN သဘာဝ တော်ရိုင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မတ်လထဲမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို အပင်တွေ သတ္တဝါတွေ မျိုးတုန်းကွယ်ပျောက်မယ့် အန္တရာယ်ကို ကာကွယ်ဖို့ သူတို့မှီတင်း နေထိုင်တဲ့ ရေ၊ မြေ၊ လေ အနေထားတွေ မပျောက်ကွယ်အောင် လူတွေကပဲ လုပ်ဆောင်ပေးရမှာ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။

ဒေါ်အေးအေးကြည်။ ။“အဓိကကတော့ သတ္တဝါတွေ မှီတင်းနေထိုင်တဲ့ ရေ- မြေ- လေ အနေထား တွေ မပျောက်ပြယ်ဘူး ဆိုလို့ရှိရင် သတ္တဝါတွေက ဆက်လက် တည်ရှိနေမှာပါ။ သူတို့ လိုအပ်တဲ့ အခြေနေမှာ မရတော့ဘူး ဆိုရင် သူတို့က သဘာဝရဲ့ သဘောတရား အရ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ အဲဒါ့ကြောင့် သဘာဝ ပတ်ဝန်းကျင်၊ အင်ဂျင်နီယာတွေ၊ ရုက္ခဗေဒ၊ ဇီဝဗေဒ ပညာရှင်တွေ သူတို့အားလုံးဟာ တကယ့်တကယ်တော့ သူ့အပိုင်းနဲ့သူ တယောက်စီချင်းဟာ သဘာဝ ဝန်းကျင် ထိန်းသိမ်းရေးမှာ လိုအပ်ပါတယ်။ အားလုံး ပူးပေါင်း ပြီးတော့ ရေတိုမကြည့်ပဲနဲ့ ရေရှည်ကို ဘယ်လိုလုပ်ကြမယ် ဆိုတာကို စပြီးတော့ လုပ်သင့်ပါတယ်။”

ရေရှည်အတွက် ဇီဝမျိုးစိတ်တွေ အစုလိုက်အပြုံလိုက် မျိုးတုန်းမယ့် အန္တရာယ်ကို ဖြေရှင်းဖို့ လူမှုအဖွဲ့အစည်းအလိုက် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

လွန်ကဲတဲ့ ဥတုရာသီဒဏ်ကို ထူးထူးကဲကဲ ခံစားနေရတဲ့ မြန်မာနိုင်ငံမှာဆို အခုအချိန်ဟာ မီးနီပြ အချက်ပေးတဲ့ အချိန်မျိုး ရောက်နေပြီလို့ ဆိုပါတယ်။ မြေအောက်ရေကို အဆမတန် ထုတ်သုံးနေသလို ရေချိုရေတွေမှာ ဆားငန်ရေတွေ ဝင်နေပြီး မြေပေါ်ရေတွေကလည်း လုပ်ငန်းကြောင့်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ညစ်ညမ်းနေတဲ့အတွက် သောက်သုံးရေ ပြဿနာ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

ဒေါ်အေးအေးကြည်။ ။“လူဦးရေက များလာတာနဲ့အမျှ သောက်ရေသုံးရေ လိုအပ်ချက်ကလည်း များလာတယ်။ အလွယ်တကူ မြစ်ချောင်းထဲက ရေကို မရတဲ့ အခါမှာ မြေအောက်ရေကို တူးပြီး သုံးနေတယ်။ မြေအောက်ရေက ဘာနဲ့တူသလဲ ဆိုတော့ ဘဏ်တိုက်ထဲကနေ ငွေကို ထုတ်သုံးသလို ပါပဲ။ အဲဒီအခါမှာ မြေကျွံတာတွေ ဖြစ်မယ်။ ဒါတင်မကသေးဘူး၊ ရန်ကုန်မြို့မှာ တောင်မှ အခုဆိုလို့ ရှိရင် မြို့လယ်ခေါင် တချို့နေရာတွေမှာ ဆားငန်ရေစိမ့်ဝင်တာ တွေ့ရတယ်။ ရေချိုက သဘာဝ ပျက်သွားတာပေါ့။ ရာသီဥတုကလည်း ပူပြင်းတဲ့အတွက်ကြောင့်လည်း မြစ်တွေ ချောင်းတွေက ခန်းလာတယ်။ ရှိတဲ့ မြစ်တွေ ချောင်းတွေ ထဲမှာလည်း စီးပွါးရေး လုပ်ငန်းတွေက နဲနဲ များလာတော့ အဲဒီက အညစ်အကြေးတွေကလည်း ဒီအတိုင်းပဲ စွန့်ချလိုက်တယ်။ လူတွေ အရင်က စိတ်ချ လက်ချ သောက်နိုင်တဲ့ရေတွေက မသောက်နိုင်တော့ဘူး။ သောက်ရင်လည်း အန္တရာယ် ဖြစ်နိုင်တယ်။ ရေက တဖြေးဖြေးနဲ့ ရှားလာတယ်။ အဲဒီတော့ ရေအရင်းအမြစ်ကိုလည်း ထိန်းသိမ်းရမယ်။ ရေအရေအတွက် ကိုလည်း ထိန်းသိမ်းရမယ်။ ဧရာဝတီမြစ်ကြီး ဆိုတာ အရင်ကနဲ့ မတူတော့ဘူး။ ဒါကို လူတွေ သိပါတယ်။

လူတွေက ကိုယ့်ရပ်ကွက်ထဲမှာ ရေပိုက်ကလေးကနေ ရေစိမ့်ပြီး ပေါက်နေတာကအစ၊ ဒီလို ရေစိမ့် ပေါက်နေတာ လေးက တနေ့ထဲမှာတင် ဂါလံပေါင်း များစွာ ဖြစ်သွားနိုင်တယ်။ အဲဒီရေတွေဟာ အလဟဿ ဖြစ်ကုန်တယ်။ အဲဒီလိုမျိုးဆိုတော့ အဖက်ဖက်ကနေပြီးတော့ စစ်စစ် စီစီနဲ့ လုပ်မှပဲ ရေရှားပြီး ပြဿနာ ဖြစ်တာ လေးတွေ၊ ရေငတ်ကြတာ၊ ရေကြောင့် ခိုက်ရန်ဖြစ်ရတာ အဲဒါမျိုးတွေကို ရှောင်နိုင်မယ်။”

ဒါ့အပြင် ရေ မြေတောတောင် တွေကို အရေးတကြီး ထိန်းသိမ်းကြရေးအတွက် ပြည်သူတွေကို အသိပညာဖြန့်ဖြူးပေးဖို့ ဂရုတစိုက် လုပ်ဆောင်ဖို့ လိုတယ်လို့ပြောပါတယ်။

ဒေါ်အေးအေးကြည်။ ။“ငါးတွေ ဘာတွေကို ပေါင်းသတ်ဆေးနဲ့ ဖမ်းတာမျိုး၊ သစ်ပင်ပန်းပင်တွေမှာ သုံးရမယ့် ပေါင်းသတ်ဆေးကို ငါးဖမ်းဖို့ လုပ်တယ် ဆိုရင် ဒါက ပညာပေးအပိုင်းမှာ အရမ်းကို အားနဲ နေတာပြတယ်ပေါ့နော်။ ဓါတုပစ္စည်းတွေကို မသုံးစွဲသင့်တဲ့ အတိုင်းအတာနဲ့ လယ်တွေယာတွေ မှာ သုံးစွဲလိုက်ရင်လည်း သတ္တဝါတွေကိုပါ ထိခိုက်တာပဲ။ တခုနဲ့ တခုက ဂေဟ စံနစ်က ဆက်စပ်နေ တယ်။

မြန်မာပြည်မှာက အဲဒီလိုပဲ ပညာပေးအပိုင်းက အရမ်းအားနဲ နေတဲ့ အခါကျတော့ တောင်သူ တွေနဲ့ မွေးမြူရေးသမားနဲ့ အကုန်လုံးကြားမှာ သူတို့မှာက လိုချင်သိချင်ရင် ဘယ်နားသွား မေးရမှန်း မသိဘူးဖြစ်နေတယ်။ အဲဒီအခါမှာ ကွာဟမှုတွေက ရှိနေတာပေါ့။ ဥပမာ တောင်သူတွေ ထဲမှာ ပိုးသတ်ဆေး သုံးရင်တောင် အဲဒီပိုးသတ်ဆေးက တကယ်လို့ အရေပြားထဲ ဝင်သွားလို့ ရှိရင် ပြဿနာ ဖြစ်တယ်ဆိုတာ မသိလို့ သေသွားတာ မျိုးလည်း ရှိတယ်။ ဒါတွေက လက်တွေ့ အဖြစ်တွေ ပေါ့။ အဲဒီတော့ ပညာပေး ပိုင်းလည်း လိုတယ်။ ပညာပေးဆိုတာ ဒီအတိုင်း ပေးလို့ မရဘူူး။ ပညာပေး ဌာန ကိုရှိနေရမယ်။ အစိုးရကပဲ ဦးစီးရမှာပဲ။ သဘာဝဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရ ပညာပေး ဌာန ကို ရှိနေရမယ်။ ဒါကို အမြဲတမ်း လုပ်နေရမယ်။ ဒီ ပညာပေးအတွက် ဘတ်ဂျက်ကို ထားထားရမယ်။ နောက်တပိုင်းက တကယ်လို့ ဖေါက်ဖျက် ရင်လည်း ထိထိရောက်ရောက် အရေးယူတဲ့ တရားဥပဒေမဏ္ဍိုင်က လိုက်ဖို့ လိုတယ်။”

သဘာဝဝန်းကျင် အင်ဂျင်နီယာ ဒေါ်အေးအေးကြည်ပါ။

XS
SM
MD
LG