စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ညမထွက်ရအမိန့်နဲ့ လူစီတန်းလှည့်လည်မှုတွေ မလုပ်ဖို့ သတိပေးထားမြစ်ထားပေမယ့်၊ အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကလည်း ဆက်ပြီးရှိနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မအင်ကြင်းနိုင်က ပြောပြမှာပါ။
စစ်ကိုင်းတိုင်းထဲ စစ်အုပ်ချုပ်ရေး Martial Law အာဏာ ကျင့်သုံးဖို့ ထုတ်ပြန်ထားတဲ့ မြို့နယ် ၁၁ ခုထဲ ဆားလင်းကြီးမြို့နယ်လည်း ပါဝင်ပါတယ်။ အခုလို စစ်အုပ်ချုပ်ရေး သတ်မှတ်ပြီးတဲ့နောက် ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှု ပိုများလာသလို၊ ပစ်ခတ်သံတွေကိုလည်း အရင်ထက်ပိုပြီး ကြားလာတယ်လို့ အဲဒီနယ်မြေမှာ ရှိနေတဲ့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။
"အခု အခြေအနေက တော်တော်ဆိုးနေတာပေါ့နော်။ မနေ့ကလည်း စစ်ကြောင်းတွေထိုးတယ်။ ဆားလင်းကြီးက Martial Law ထုတ်လိုက်တော့ ပိုဆိုးသွားတာပေါ့။ စစ်ကြောင်းက ဖိမယ့်ပုံစံမျိုး ဖြစ်နေတယ်။ မနေ့ညကလည်း ပစ်ကြခတ်ကြတာ ဖြစ်တယ်။ အခြေအနေကတော့ ဆိုးသွားဖို့ရှိတယ်ဗျ၊ အခု အနေအထားနဲ့ ဆိုရင်တော့။ အခုဟာက စစ်ကြောင်းတွေက ခဏခဏထိုးနေတော့ ဒေသခံတွေမှာက ဆုံးရှုံးစရာက မရှိတော့ဘူးဗျ။ သူတို့ အသက်တွေပဲ ကျန်တော့တာလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အိမ်လည်းမရှိတော့ဘူး၊ မီးရှို့ခံပြီးကြပြီ။ သူတို့အသက် မဆုံးရှုံးအောင်လို့ပဲ ဖြစ်သလို ကာကွယ်နေရတာပေါ့။"
ဆားလင်းကြီးမြို့နယ်ထဲမှာ မီးရှို့ခံလိုက်ရတဲ့ ကျေးရွာပေါင်း ၁၇ ရွာရှိပြီး၊ အိမ်ခြေပေါင်းက ၈၀၀ ကျော်အထိ ရှိနေတာပါ။ မီးဘေးသင့်ရွာတွေမှာ ဒေသခံတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေ ရှိပေမယ့် တချို့ရွာတွေကိုတော့ နယ်မြေအခြေအနေကြောင့် သွားရောက်ကူညီဖို့ ခက်နေပါတယ်။ မီးဘေးသင့်သူတွေအတွက် ဆေးဝါး၊ စောင်၊ ခြင်ထောင်၊ အနွေးထည်နဲ့ စားသောက်ကုန်တွေကို ကူညီပေးနေပြီး တဲအိမ်ပြန်ဆောက် ပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ S&C တာဝန်ခံက ပြောပါတယ်။
"အဓိကတော့ စားနပ်ရိက္ခာ၊ နေအိမ်တွေလိုတယ်။ နေအိမ်ကတော့ ကျနော်တို့ကလည်း နယ်ပေါင်းစုံကို လိုက်ဆောက်နေရတာ ဆိုတော့ ကျနော်တို့ တဖွဲ့တည်းနဲ့လည်း အကုန်လုံးလိုက်လုပ် မပေးနိုင်ဘူးပေါ့နော်။ လိုက်လုပ် မပေးနိုင်ဘူးဆိုတာ ဘဏ္ဍာရေးပိုင်းပေါ့နော်။ ကျနော်တို့လည်း အများကြီး မတတ်နိုင်တော့ ရှိတာလေးနဲ့ပဲ သင့်တင့်လျောက်ပတ်အောင် ပံ့ပိုးပေးနေတာပေါ့။ အဲဒီဘက်ဆိုရင်လည်း အိမ်ဆောက် မပေးနိုင်ပေမယ့် အခုလောလောဆယ်တော့ စားသောက်ကုန်တွေတော့ ဖြန့်ဝေပေးပြီးပြီ။ ဆားလင်းကြီးထဲက ရွာ ၅ ရွာ၊ အိမ်ထောင်စု ၂၄၄ စုကို ထောက်ပံ့ပေးပြီးပြီပေါ့။"
ရွာထဲကို စစ်ကြောင်းထိုးတာနဲ့ အနီးတဝိုက်မှာ ပစ်ခတ်တာတွေ ရှိလာရင်လည်း ပြေးစရာနေရာ မရှိလို့ ဘုန်းကြီးကျောင်းနဲ့ တောစပ်တွေမှာ ရှောင်နေရသလို၊ အိမ်ပြန် မဆောက်နိုင်သေးလို့ စုပြီး ဖြစ်သလိုနေ နေရတာလည်း ရှိနေတယ်လို့ ပြောပါတယ်။ စစ်အုပ်ချုပ်ရေး ထုတ်ထားတဲ့ကြားမှာပဲ ယင်းမာပင်၊ ဆားလင်းကြီးက ကျေးရွာပေါင်းစုံသပိတ် ရက်ပေါင်း ၇၀၀ ပြည့်ကိုလည်း ဒီကနေ့မှာ ပြုလုပ်နိုင်ခဲ့တယ်လို့ လူထုသပိတ် ဦးဆောင်သူ ကိုလွမ်းသူက ပြောပါတယ်။
"မြေပြင်မှာကတော့ သူတို့ Martial Law ထုတ်ထုတ်၊ မထုတ်ထုတ် လူထုတော်လှန်ရေး အင်အားစုတွေကတော့ ဆက်ပြီးတော့ အားစိုက်မြဲပေါ့လေ။ သူတို့ဘက်က လှုပ်ရှားမှုကလည်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်။ ၃ မြို့နယ်လုံးမှာလည်း အရင်ကထက် ထူးခြားတဲ့ စစ်ရေးလှုပ်ရှားမှုပေါ့၊ နယ်မြေစိုးမိုးမှုရအောင် ခပ်စိပ်စိပ်လုပ်လာတယ် ဆိုတာတော့ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။"
စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအာဏာ ထုတ်ပြန်ထားတာပါ။ အဲဒီထဲမှာ မပါတဲ့ ကနီမြို့နယ်မှာတော့ မြစ်ကမ်းဘေးရွာ အတော်များများက ရွာတွေ မီးရှို့ခံလိုက်ရလို့ နေအိမ်တွေ မရှိသလောက် ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်တွေလည်း အဲဒီဘက်တွေမှာ စတည်းချ နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Your browser doesn’t support HTML5
{Unicode}