သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ပုလဲနဲ့ကနီမှာ တိုက်ပွဲတွေဆက်ဖြစ် 


စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့
စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရာမှာ၊ ကာကွယ်ရေးအဖွဲ့တွေဘက်က အကျအဆုံးတွေရှိသလို အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။ ကနီမြို့မှာလည်း မြန်မာစစ်တပ်ရဲ့ စက်လှေတွေ ချင်းတွင်းမြစ်ကြောင်း တလျှောက်က ဆန်တက်လာတာကြောင့်၊ မြစ်ဘေး ကျေးရွာက ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းရဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုအောင်အောင် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီ ၃၁ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး အဖွဲ့တွေဘက်က ၆ ဦး အထိ ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ရင်း အမောဖောက်ပြီး အသက် ၄၀ အရွယ် ဒေသခံတဦးလည်း သေဆုံးခဲ့ရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယယ်။

“သူတို့စစ်ကြောင်းထိုးလာလို့ နယ်မြေခံ PDF ကာကွယ်ရေးအဖွဲ့တွေနဲ့ တွေ့ကြတာပေါ့နော်။ ညောင်ပင်သာ (ကျေးရွာ) နားလေးမှာ မနေ့က တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ အဲ့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ ကိုယ့်ဘက်ကလည်း အထိနာမှုရှိတယ် သူတို့ဘက်ကလည်း အထိနာမှုရှိတယ် အဲ့လိုတော့ရှိတယ်။ ပြည်သူတွေကတော့ ပြေးရင်းလွှားရင်း အမောဆို့ပြီးသေသွားတာက အရှေ့မင်းမက ပြည်သူ တယောက်ခင်ဗျ။ အသက် ၄၀ ကျော် ယောက်ကျားလေး တယောက်။ ပစ်ခတ်ရင်း ဖြစ်သွားတာက ကျွန်တော်တို့ ရဲဘော်တွေဘက်က ၆ ယောက်လောက် ကျမယ်ထင်တယ်။”

တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ်တွေဟာ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပေမယ့်၊ တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးဘူးလို့လည်း ပြောပါတယ်။ တိုက်ပွဲကြောင့် အနီးအနားက ကျေးရွာ ၁၃ ရွာထက်မနည်းက ဒေသခံ သောင်းနဲ့ချီဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး မြန်မာစစ်တပ်သွားရာလမ်းတလျှောက်က ကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။

ပုလဲနယ်မှာ ဇန်နဝါရီလအတွင်း မြန်မာစစ်တပ်နဲ့ စစ်တပ်ထောက်ခံအားပေးတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ နေရာတော်တော်များကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာမှာ မြို့ပေါ်မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် စစ်ရေးတင်းမာနေပါတယ်။

ကနီဘက်မှာဆိုရင်လည်း ချင်းတွင်းမြစ်အတိုင်း မြန်မာ စစ်တပ်ရဲ့ စက်လှေတွေ ဆန်တက်လာတဲ့အတွက် မြစ်ဘေးက ကျေးရွာတွေက ဒေသခံအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရ လူသားစာနာကူညီမှုဝန်ကြီးဌာန ကနီမြို့ တာဝန်ခံက အခုလို ပြောပါတယ်။

“ဒေသခံတွေ ထွက်ပြေးနေရတာ အခုဆိုရင် မြစ်ကြောင်းတလျှောက်မှာ ၁ သောင်း ဝန်းကျင်လောက် ရှိပါတယ်။ အခုက ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ နယ်စပ်မှာ ဖြစ်တဲ့အတွက် ယင်းမာပင်မြို့နယ်ကော ကနီမြို့နယ်ကောဆိုတော့ ကျေးရွာပေါင်း ၈ ရွာလောက်ရှိတယ်။ စားဝတ်နေရေးကတော့ အဆင်ပြေတယ်တော့ မဟုတ်ပါဘူး ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကူညီနေပြီးတော့ လိုအပ်ချက်တွေတော့ ရှိနေပါတယ်။”

စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ အထက်ပိုင်းကို သွားလာဖို့အတွက် စစ်ကောင်စီဘက်က ချင်းတွင်းမြစ်ကြောင်းကို အဓိက အားထား အသုံးပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် မြစ်ဘေးက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်သလို ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။

[Unicode]










XS
SM
MD
LG