ဒီမိုကရေစီနဲ့ဖက်ဒရယ်လမ်းစဉ်ဟာ ဗိုလ်ချုပ်အောင်ဆန်းကြောင့်မပျောက်ပျက်တာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဖယ် လိုက်မယ်ဆိုရင် ဒီမိုကရေစီဝါဒနဲ့ဖက်ဒရယ်လမ်းစဉ်ဟာ ပျက်စီးသွားနိုင်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က မွန်ပြည်နယ်လွှတ်တော်တွင်းမှာ မနေ့ကပြောသွားပါတယ်။ သံလွင်တံတား ချောင်းဆုံကို ဗိုလ်ချုပ်အောင်ဆန်းတံတား အဖြစ်နာမည်ပြောင်းပေးဖို့ ပြည်သူ့လွှတ်တော်ကဆုံးဖြတ်ခဲ့တာကို ကန့်ကွက်ဆန္ဒပြတာတွေဖြစ်ပြီးတဲ့နောက် မွန်ပြည်နယ် လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌက အဲဒီလိုပြောသွားတာပါ။ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ကြားမှာ တော့ ဦးဝင်းမြင့်ရဲ့ အမြင်ကို သဘောမတူသူတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်ဟာ မနေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကိုရောက်သွားပြီး ညနေပိုင်းမှာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံ ပြောဆိုတာပါ။ အဲဒီတွေ့ဆုံပွဲအခြေအနေကိုတော့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးကအခုလိုပြောပါတယ်။
“အခုကတော့ ဝန်ကြီချုပ်အပြောင်းအလဲဖြစ်သွားတဲ့အတွက် ဆရာအေးစံကလည်း ဝန်ကြီးချုပ်ဖြစ်လာတဲ့အနေအထားမှာ ဒုတိယအကြိမ်လာပြီးတော့ တွေ့ဆုံကွင်းဆင်းခြင်းဖြစ်ပါတယ်။ နောက်တခုကတော့ သူပြောတဲ့ပြောကြားချက်တွေအဓိက များသောအားဖြင့် ဒီလွှတ်တော်လုပ်ငန်းနဲ့ အစိုးရကို ပြန်လည်ထိန်းကျောင်းတဲ့လုပ်ငန်း နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကျွံပြီးတော့ ဒီအစိုးရရဲ့ လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုးမဖြစ်အောင် နောက်ပြီးတော့ ကိုယ့်ရဲ့မဲဆန္ဒနယ် ပြည်သူလုထု ကိုယ်စားပြုခြင်းကို တကယ်ကို ထိထိရောက်ရောက်လုပ်ပေးနိုင်အောင် တကယ်ကို အဲဒီလိုပုံစံမျိုးနဲ့သွားသင့်တယ်ဆိုတာကို သူရှင်းပြတယ်။ နောက်ပြီးတော့ လက်ရှိဒီအစိုးရရဲ လမ်းစဉ်မူဝါဒတွေ သွားနေတဲ့ ပန်းတိုင်တွေဘယ်လိုလဲဆိုတာကို အဲဒါလေးတွေရှင်းပြတယ်ပေါ့ အဲဒီလောက်ပါပဲ။”
ဒီမိုကရေစီ၊ဖက်ဒရယ်လမ်းစဉ်နဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ကို ဆက်စပ်ပြောဆိုသွားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ရဲ့ ပြောကြားချက်ဟာ သူရဲ့ပုဂ္ဂိုလ်ရေးအမြင်ပြောဆိုချက်ဖြစ်နိုင်တယ်လို့ ဒေါက်တာအောင်နိုင်ဦးကအခုလိုပြောပါတယ်။
“သူပြောတဲ့ပြောကြားချက်ကတော့ သူ့အမြင်လည်း ပါတာပေါ့နော် နောက်တခုကတော့ လက်ရှိသူတို့ဦးဆောင်နေတဲ့ NLD ရဲ့လမ်းစဉ်မူဝါဒတွေလည်းပါတယ်ပေါ့နော်။ နောက်ပြီးတော့ လက်ရှိဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ခေတ်မှာ သွားရမယ်လမ်းကြောင်းတွေ အရ သူတို့ စိန်ခေါ်မှုအခက်အခဲတွေကို ပြောပြတာပေါ့နော်။ အဲဒီကြားထဲမှာဖြည့်ပြီးတော့ သူ့သဘောထားအမြင်တွေကိုလည်း ပြောသွားတာပေါ့နော်။ ကျနော်တို့ဘက်ကတော့ ထွေထွေထူးထူးဘာမှ မသုံးသပ်လိုပါဘူး။”
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ မင်းအောင်မွန်ကတော ဦးဝင်းမြင့်ပြောကြားချက်အပေါ် အခုလိုမြင် ပါတယ်။
“ဒါတွေက သူတို့ တခြားနေရာတွေမှာလည်း ပြောတာပဲ ပြည်တွင်းငြိမ်းချမ်းရေးတို့ တိုင်းရင်းသားစည်းလုံးရေးတို့ ပြောတော့ပြောတာပဲ ၊ ဒါပေမယ့် ဒီ တံတားနာမည်ပေးတဲ့ကိစ္စအပေါ်မှာ အသေးအမွားကိစ္စလုပ်ပြီးတော့ ဒီလိုမျိုး အနေအထားကို ကြည့်ရမယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးကို ပိုပြီးတော့မှ တန့်စေတယ်လို့ ကျနော်မြင်ပါတယ်။”
မွန်ပြည်နယ်အတွင်း မော်လမြိုင်နဲ့ချောင်းဆုံကိုဆက်သွယ်ထားတဲ့ သံလွင်တံတား ချောင်းဆုံကို ပြည်သူ့လွှတ်တော် ကနေ ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးဖို့ဆုံးဖြတ်ခဲ့တာနဲ့ပက်သက်ပြီး ဒေသခံပြည်သူတွေအကြားမှာကျေနပ်မှုမရှိခဲ့တဲ့ အတွက် မတ်လ(၁၉)ရက်နေ့မှာ မွန်ကရင် ပအိုဝ်ဒေသခံတိုင်းရင်းသားနှစ်သောင်းကျော်ကနေ ကန့်ကွက်ဆန္ဒပြခဲ့ကြ ပါတယ်။
ဆန္ဒပြအပြီး မတ်လ(၂၂)ရက်နေ့မှာပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကိုယ်တိုင် မွန်ပြည်နယ် ကိုရောက်လာတာဟာ ထူးခြားမှုတခုလို့လဲ လွှတ်တော် အသိုင်းဝိုင်းကြားမှာ ရှုမြင်နေကြပါတယ်။
မွန်လူငယ်ဖိုရမ်အကြံပေးအဖွဲ့ဝင် မင်းညာဏ်စိုက်ရာမာန်ကတော့ ဗိုလ်ချုပ်အောင်းဆန်းကိုဗန်းပြပြီး လုပ်ဆောင်ချက် ကြောင့် တိုင်းရင်းသားအချင်းချင်းအကြားသွေးကွဲစရာဖြစ်နေတယ်လို့ဆိုပါတယ်။
“ကျနော်တို့ ဒီမိုကရေစီ ကြိုးပမ်းနေတဲ့ကာလမှာ ဗိုလ်ချုပ်ကိုပဲ အားကိုးရမယ်၊ ဗိုလ်ချုပ်ကိုပဲ အသိအမှတ်ပြုရမယ် ဆိုပြီး သူတို့ထင်ရာ သူတို့လုပ်ပြီးတော့မှ အယုံသွင်းနေတာလို့ ကျနော်မြင်တယ်။ ဗိုလ်ချုပ်အောင်းဆန်းနာမည်ကို နာမည်ခံပြီးတော့မှ နိုင်ငံရေးအမြတ်ထုတ်တယ်လို့ ပြောလို့ရတယ် ဆိုလိုတာကတော့ အရာရာတိုင်းမှာ ဗိုလ်ချုပ်အောင်းဆန်းလုပ်ခဲ့တယ် အရာရာတိုင်းမှာ ဗိုလ်ချုပ်အောင်းဆန်းအရင်တုန်းက ပြုစုပျိုးထောင်ခဲ့တယ် ဒါနဲ့ ပတ်သက်ပြီးတော့ သူတို့ပြောတာဆိုတာက ကျနော်ထင်တယ် ကျနော်တို့ နောက်ပိုင်းကလူတွေဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ ဗမာတိုင်းရင်းသားအချင်းချင်းကြားမှာ ဗိုလ်ချုပ်အောင်းဆန်းကြောင့် အမြင်တွေတဖြေးဖြေးမတူလာတဲ့အခါကတော့ နောက်ပိုင်းဆိုရင်တော့ အချင်းချင်း ယုံကြည်မှုတွေ ပျက်ပြားနိုင်တယ်လို့ ကျနော်မြင်တယ်။”
ပြည်သူ့လွှတ်တော်ဥက္ကဌဦးဝင်းမြင့်ဟာ ၂၀၁၆ ဇွန်လ ၁၇ ရက်နေ့တုန်းကလဲ မွန်ပြည်နယ်ကိုလာခဲ့ပြီး လွှတ်တော်မှာ မေးခွန်းအဆိုမေးမြန်းတင်ပြရာမှာ ပြည်သူ့အကျိုးပြု မေးခွန်းအဆိုတွေကိုသာ မေးမြန်းကြဖို့ ကန့်သတ်ခဲ့တယ်လို့ဝေဖန်ပြောဆိုတာတွေရှိထားပါတယ်။ ဒါကြောင့်လဲ ပြည်နယ်လွှတ်တော်တခုဖြစ်တဲ့ မွန်ပြည်နယ် လွှတ်တော်ဟာ ပြည်သူ့လွှတ်တော် လက်အောက်ခံဖြစ်နေပြီလားဆိုပြီးတော့ လွှတ်တော်စောင့်ကြည့်သူတချို့ က မေးခွန်းထုတ်တာတွေလဲ ရှိလာနေပါတယ်။
Your browser doesn’t support HTML5