သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာလူများစုက တိုင်းရင်းသား လူနည်းစုတွေကို နားလည်ကြရဲ့လား


 ဆောက်လုပ်နေတဲ့ သံလွင်တံတား (ချောင်းဆုံ)- Tun Min Aung Facebook
ဆောက်လုပ်နေတဲ့ သံလွင်တံတား (ချောင်းဆုံ)- Tun Min Aung Facebook

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မော်လမြိုင် နဲ့ ချောင်းဆုံမြို့နယ် ဘီလူးကျွန်း ကို ဆက်သွယ်မယ့် သံလွင်တံတား တည်ဆောက်ရေး စီမံကိန်းရုံး တာဝန်ရှိသူတွေဟာ ပြည်နယ်အဆင့် အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေကို ဖိတ်ကြားစာ တစ်စောင် ပေးပို့ခဲ့ပါတယ်။ ဖိတ်ကြားစာကတော့ လက်ရှိ သူတို့ ဆောက်လုပ်နေတဲ့ သံလွင်တံတား (ချောင်းဆုံ) ကို ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ နာမည်ပေးမယ် ဆိုတဲ့အကြောင်း၊ အဲဒီအတွက် ဆိုင်းဘုတ်တင် အခန်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် တက်ရောက်ပေးဖို့ ဖိတ်ကြားတာ ဖြစ်ပါတယ်။ ခုလို မွန်ပြည်နယ်က တံတားကြီး တစ်စင်းကို မွန်အမျိုးသား လက္ခဏာပါတဲ့ နာမည် တစ်ခုခု မဟုတ်ပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည် မှည့်ခေါ်မယ် ဆိုတဲ့ သတင်း၊ သတင်းမီဒီယာတွေနဲ့ ပြည်သူတွေဆီ ပေါက်ကြားသွားပြီးနောက် လက်မခံ ကန့်ကွက်မယ် ဆိုတဲ့ အသံတွေ ထွက်ပေါ်လာပါတယ်။ ဒီလိုနဲ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ အရောက်မှာတော့ ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် သံလွင်တံတားကြီးကို ဗိုလ်ချုပ်အောင်ဆန်း တံတား လို့ နာမည်ပေးမယ့် ကိစ္စ ဆိုင်းငံ့ထားမယ် ဆိုတဲ့ အကြောင်း သတင်းထုတ်ပြန်တဲ့ အဆင့်ထိ ဖြစ်လာပါတယ်။ လတ်တလော ဒုတိယ အကြိမ်မြောက်၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့ နီးကပ်လာချိန်၊ အချိန်နီးကပ်လာတဲ့တိုင် အဆင်မပြေမှုတွေ၊ မရေရာ မသေခြာမှုတွေ များနေချိန် အခုလို တိုင်းရင်းသားရေးရာနဲ့ ပတ်သက်တဲ့ ပြသနာ တစ်ခု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ ဘာတွေများ လိုအပ်နေသလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ခုဆိုရင် ဒုတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပမယ်လို့ ရက်သတ်မှတ် ပြီးသွားပါပြီ။ ဒါပေမယ့် ဒီ ညီလာခံကို အားလုံး ပါဝင်တက်ရောက်ကြပါ့မလား ဆိုတာ မသေခြာ မရေရာသေးပါဘူး။ KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် ကောင်စီ ကတော့ အရင် ပထမ အကြိမ် ညီလာခံတုန်းကလို လေ့လာသူအဖြစ်ပဲ ဖိတ်ကြားမယ် ဆိုရင် ဒီတစ်ကြိမ် တက်တော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေငြာထားပါတယ်။ ညီလာခံကို တင်းပြည့်ကြပ်ပြည့် ကိုယ်စားလှယ် အဖြစ် တက်ရောက်ခွင့်ရဖို့ ဆိုတာကလည်း NCA တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်မှာ လက်မှတ်ရေးထိုးထားသူ ဖြစ်ဖို့ လိုနေပါတယ်။ ကေအိုင်အေ ခေါင်းဆောင်တဲ့ UNFC အဖွဲ့ဝင်တွေ သိပ်မကြာခင် အချိန်အတွင်း NCA စာချုပ်မှာ လက်မှတ်ထိုးလာပါ့မလား ဆိုတာကတော့ အတော့်ကို မျှော်လင့်စရာ မကောင်းတဲ့ ကိစ္စပါ။

ဒါတင်ပဲလား ဆိုတော့ မကသေးပါဘူး။ ပဋိပက္ခတွေ လျော့ချဖို့ ဆိုပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်ဟာ ကေအိုင်အို အဖွဲ့ကို တစ်ဖွဲ့ချင်း တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါကိုလည်း ကေအိုင်အို အဖွဲ့က ပယ်ချထားပါတယ်။ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကြုံရတာကလည်း နောက်ထပ် ပြသနာ တစ်ခုပါ။ အဲဒါကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးအလိုက် ညီလာခံတွေ ကျင်းပပေးဖို့ ကိစ္စပါ။ လက်ရှိမှာ ၂၁ရာစု ပင်လုံညီလာခံအတွက် အကြိုပြင်ဆင်တဲ့ အနေနဲ့ ကရင်လူမျိုး တစ်ခုကပဲ ညီလာခံ ကျင်းပပြီးစီးတာ ရှိပါတယ်။ ဒီအတွက် ချင်းအမျိုးသား တပ်ဦးက ချင်းပြည်နယ်မှာ လူမျိုးအလိုက် ညီလာခံတွေ မကျင်းပဖြစ်ဘူး ဆိုရင် ပင်လုံညီလာခံ တက် မတက် စဉ်းစားရဦးမယ် ဆိုပြီး ပြောဆိုလာပါတယ်။ အလားတူ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ALP ကလည်း ရခိုင်ပြည်နယ်မှာ လူမျိုးအလိုက် ညီလာခံတွေ ကျင်းပပေးဖို့ တောင်းဆိုနေပါတယ်။

တံတားနာမည်ပေးတဲ့ကိစ္စ ပြန်ကောက်ချင်ပါတယ်။ တကယ်တော့ တိုင်းရင်းသားဒေသမှာ တည်ဆောက်တဲ့ တံတားတွေ၊ မြို့သစ်တွေ၊ ပန်းခြံတွေ၊ အဆောက်အဦတွေကို တိုင်းရင်းသား အမှတ်သင်္ကေတ နာမည် မပေးပဲ ဗမာနာမည်တွေ ပေးနေတာ အခုတစ်ကြိမ် ပထမဦးဆုံး မဟုတ်ပါဘူး။ အရင် စစ်အစိုးရ အဆက်ဆက် လက်ထက်တွေ ကတည်းကပါ။ ကချင်ပြည်နယ်မှာ မြစ်ကြီးနားနဲ့ ဝိုင်းမော်ကို ဆက်သွယ်ထားတဲ့ တံတားကို ဗလမင်းထင် တံတား ဆိုပြီး နာမည်ပေးထားပါတယ်။ တခြားသော တံတား အစင်းပေါင်းများစွာမှာလည်း နဝဒေး တံတား၊ ဗန္ဓုလ တံတား၊ ဗိုလ်မြတ်ထွန်းတံတား၊ အနော်ရထာတံတား စသဖြင့် ပေးခဲ့ကြပါတယ်။ အရင် စစ်အာဏာရှင် ခေတ်အဆက်ဆက်က ဘာမှ ပြသနာ မတက်ခဲ့ပေမယ့် အခု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကောင်အထည် ဖော်နေတဲ့၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ် ပြည်ထောင်စု ကို သွားမယ်လို့ ကတိပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ အစိုးရသစ် လက်ထက်ကျမှ ကန့်ကွက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

တကယ်တော့ တိုင်းရင်းသား အချင်းချင်း တန်းတူရည်တူ ရှိရေး၊ တစ်ဦးကို တစ်ဦး အသိအမှတ်ပြုရေးကိစ္စမှာ တံတားနာမည်၊ မြို့နာမည်၊ လမ်းနာမည် မှည့်ခေါ်တဲ့နေရာမှာချည်းပဲ ပြသနာ ရှိတာ မဟုတ်ပါဘူး။

တကယ့်ကို လူသားဖြစ်တည်မှုမှာ အရေးကြီးတဲ့ နာမည် အခေါ်အဝေါ် သတ်မှတ်မှု၊ စာပေသင်ကြားခွင့် ဆိုင်ရာကိစ္စ စတာတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံမှာ ပြသနာတွေ အများကြီး ရှိနေပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံက ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း နဲ့ တိုင်းရင်းသား အားလုံးလိုလိုလောက်မှာ သက်ဆိုင်ရာ တိုင်းရင်းသား နာမည်မှည့်ခေါ်တဲ့ ဓလေ့၊ အစဉ်အလာ ရှိပြီးသားပါ။ ဗမာလို မောင်ဖြူ မောင်နီ မဟုတ်သလို၊ စောမောင်ဖြူ၊ မင်းမောင်ဖြူ၊ စိုင်းမောင်ဖြူ လို့ နာမည်ပေးလိုက်ရုံနဲ့လည်း တိုင်းရင်းသား နာမည် ဖြစ်မသွားပါဘူး။ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ အဲလို ကိုယ့်တိုင်းရင်းသား နာမည် မှည့်ခေါ်မှုဟာ မွေးစာရင်း သွင်းစဉ်ကတည်းက ပြသနာ တက်ပါတယ်။ တစ်ချို့ မွေးစာရင်း ပေးသွင်းရတဲ့ သားဖွားဆရာမတွေဟာ တိုင်းရင်းသား အခေါ်အဝေါ်တွေကို မကျွမ်းကျင်သလို၊ သိအောင်လည်း မကြိုးစားပဲ မွေးစာရင်းထဲမှာ ကြုံသလို၊ အဆင်ပြေသလို ထည့်သွင်းတာမျိုး မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိခဲ့ပါတယ်။ အလားတူ ကျောင်းနေအရွယ် ကျောင်းအပ်တော့လည်း တိုင်းရင်းသား ကလေးငယ်တွေဟာ တစ်ချို့ ကျောင်းတွေမှာ နာမည်ဖြည့်သွင်းဖို့ ကိစ္စ ပြသနာ တက်ရပါတယ်။ ကျောင်းအုပ် ဆရာ၊ ဆရာမ တစ်ချို့ဟာ တိုင်းရင်းသားတွေရဲ့ နာမည် အခေါ်ရ ခက်တယ် ဆိုပြီး ဗမာနာမည် ရေးသွင်းဖို့ ဖိအားပေးတာမျိုး လုပ်လေ့ရှိလို့ပါပဲ။

ဒါတင်မက ကျောင်းနေခွင့်ရလို့ ကျောင်းတက်ရပြီဆိုလည်း အဲဒီ တိုင်းရင်းသား ကလေးငယ်ဟာ အတန်းထဲမှာ လူနည်းစု ဖြစ်နေရင် သူ့မူရင်း တိုင်းရင်းသား နာမည် မခေါ်ကြပါဘူး။ ကရင်လေး၊ ချင်းလေး၊ ရှမ်းလေး စသဖြင့် ခေါ်တာမျိုး ခံရတတ်ပါတယ်။ ဒီလို မဖြစ်အောင် ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်တွေက လမ်းညွှန်ပေးတာမျိုး အလွန်နည်းပါတယ်။ နောက်တစ်ခါ မှတ်ပုံတင် လုပ်တဲ့အရွယ် မှတ်ပုံတင်ထဲ ရေးသွင်းတော့လည်း ဗမာထုံးစံ မောင် တပ်တာ၊ ဦးတပ်တာ၊ မ တပ်တာ၊ ဒေါ်တပ်တာ ခံရပြန်ပါတယ်။ ပြောရရင် တိုင်းရင်းသားတွေ ရဲ့ ဖြစ်တည်မှု ကို စစ်အာဏာရှင်တွေတင်မက အောက်ခြေက ဗမာ လူများစုကြီးကပါ နားမလည်တော့ ပြသနာတွေကို ဒီကနေ့အချိန်ထိ မဖြေရှင်းနိုင် ဖြစ်နေရတာပါ။

မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့၊ တိုင်းရင်းသား အချင်းချင်း တန်းတူညီမျှတဲ့ ချစ်ခင်ရင်းနှီးမှု တည်ဆောက်နိုင်ဖို့ ဆိုရင် အစိုးရခေါင်းဆောင်တွေ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ချည်းပဲ ညှိနှိုင်းနေလို့ မရပါဘူး။ အခြားသော အဆင့်အသီးသီးနဲ့ တိုင်းသူပြည်သားတွေ အားလုံးထဲမှာလည်း တစ်ဦးကို တစ်ဦးလေးစားဖို့၊ တစ်ဦးရဲ့ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းတွေကို တစ်ဦးက လေးစားသမှုရှိဖို့၊ အထူးသဖြင့် လူများစု ဗမာတိုင်းရင်းသားက အခြား လူနည်းစု တိုင်းရင်းသားတွေကို နားလည်ဖို့ အများကြီး ကြိုးစားအားထုတ်ကြရပါဦးမယ်။ ဒါမှသာ ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုတာဟာ အိပ်မက် သက်သက်၊ ပြောစကားသက်သက် မဟုတ်ပဲ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG