မွန်ပြည်နယ်မှာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ တံတားအမည်ပေးရေး ကိစ္စရဲ့ နောက်ကွယ် မှာ နိုင်ငံရေးပါတီတချို့က နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ သုံးသပ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ မော်လမြိုင်ကနေ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ မြစ်ကူးတံတား အမည်ကို သံလွင်တံတား(ချောင်းဆုံ)လို့ အမည်ပေးခဲ့ရာက ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းပေးဖို့ တလောကပဲ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဒေသခံ တိုင်းရင်းသားတွေက ကန့်ကွက်ဆန္ဒပြတာတွေ ရှိနေချိန်မှာပဲ မွန်ပြည်နယ်ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ သံလွင်မြစ်ခြားနေတဲ့ ဘီလူးကျွန်း ချောင်းဆုံမြို့ကို ဆက်သွယ်ဖို့ ၂၀၁၄ ခုနှစ်ထဲမှာ တံတားတခု စတင်တည် ဆောက်ခဲ့ပြီး သံလွင်တံတား(ချောင်းဆုံ)လို့အမည်ပေးခဲ့တာပါ။ တံတားတည်ဆောက်မှုကတော့ ခုဆိုရင် ရာခိုင်နှုန်းအတော်များများပြီးနေပြီး မကြာခင် တံတားဖွင့်ပွဲလုပ်ပြီးတာနဲ့ ဒီတံတားကို စတင်သုံးကြတော့မှာပါ။ တံတား စဆောက်ချိန်က တံတား အမည်ပေးတဲ့ ကိစ္စကို ကန့်ကွက် ဆန့်ကျင်တာမျိုးမရှိခဲ့ပဲ သံလွင်တံတား(ချောင်းဆုံ) ဆိုတဲ့အမည်ကနေ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းဖို့ လွှတ်တော်မှာ ဆွေးနွေးချိန်က စပြီး ဒေသခံ တိုင်းရင်းသားတွေရဲ့ ကန့်ကွက်မှုပေါ်လာတာဖြစ်ပါတယ်။ အဲဒီတံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းဖို့ ပြည်သူ့ လွှတ်တော်က မတ်လ ၁၄ ရက်က ဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။
ဒါကြောင့် သံလွင်တံတား(ချောင်းဆုံ)ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည် မပေးဖို့ ဒေသခံတိုင်းရင်းသား နှစ်သောင်းဝန်းကျင်က မော်လမြိုင်မြို့မှာ မတ်လ ၁၉ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြတောင်းဆိုမှုတွေဟာ လာမယ့်ဧပြီလထဲ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီကို အနိုင်ရရေး အတွက် ဒေသခံ တိုင်းရင်းသားပါတီတချို့က နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ သူ့အနေနဲ့ သုံးသပ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက VOA ကိုပြောပါတယ်။
“ချောင်းဆုံမှာ ကြားဖြတ်ရွေးကောက်ပွဲရှိတယ်လေ။ အဲဒီမှာ NLD ပါတီကလည်း ဝင်ပြိုင်ပါမယ်။ မွန်အမျိုးသားပါတီတွေဘက်ကလည်း ဝင်ပြိုင်ပါမယ်။ ပြည်ထောင်စု ကြံခိုင်ဖွံဖြိုးရေးပါတီဘက်ကလည်း ဝင်ပြိုင်ပါလိမ့်မယ်။ မွန်ဒေသလုံးဆိုင်ရာ ပါတီကလည်း ဝင်ပြိုင်ပါလိမ့်မယ်။ အဲဒီတော့ ပြသနာက အဲဒါပါပဲ။ တံတားကိစ္စကို ခုတုံး လုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ မကြိုးစားကြပါနဲ့ လို့ ပြောလိုပါတယ်။”
ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုတဲ့အမည်ဟာ ပြည်သူ့လွှတ်တော်မှာသာ အတည်ပြုရသေးပြီး အမျိုးသားလွှတ်တော်ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပြီးမှသာ ဒီနာမည်အတည်ဖြစ်မှာပါ။ မွန်ပြည်နယ် အစိုးရကတော့ ဖွဲ့စည်းပုံစည်းမျည်းအရ ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြု ဆုံးဖြတ်ပြီးရင်တော့ အဲဒီသတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
“ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အသိအမှတ်ပြုဖို့အတွက် ပြည်သူ့ လွှတ်တော်က အတည်ပြုထားပြီးသာ။ အဲဒီတော့ ပြည်ထောင်စုလွှတ်တော်ကို ထပ်ပြီး တင်ရမှာပေါ့နော်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတွေရဲ့ လုပ်ထုံး လုပ်နည်းတွေပါ။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်နယ်အစိုးရက အကောင်အထည်ဖေါ်ပေးရမှာပါ။”
တကယ်တော့ တံတားအမည်ဟာ အဓိကမကျပဲ ဒေသဖွံ့ဖြိုးရေးအတွက် အခုလို မြစ်ကူး တံတားတစင်း ပေါ်လာတာက အဓိက ဖြစ်တယ်လို့ ဒေါက်တာအေးဇံက ပြောပါတယ်။
“ ကျနော်တို့က ချောင်းဆုံနဲ့ မော်လမြိုင်တံတားက ချောင်းဆုံမြို့နယ်က သီးခြား ရပ်တည်နေတဲ့ မြို့နယ်တခု ဖြစ်နေတော့ ကျနော်တို့ တံတား တခုဆောက်ပြီးတော့ ချောင်းဆုံ မြို့နယ်ကို သွားလို့ လာလို့ရပါပြီ။ အရင်ကလို သင်္ဘောစီးပြီး သွားစရာမလိုတော့ပါဘူး။ ချောင်းဆုံမှာ ရှိတဲ့မွန်ယဉ်ကျေးမှုတွေ၊ လက်မှုလုပ်ငန်းတွေကအစ မွန်ပြည်နယ်ရဲ့ သဘာဝ ပတ်ဝန်းကျင်ကိုလာပြီး အထူးလေ့လာလို့ ရပါတယ်။ အဲဒါဆိုရင် ခရီးသွားလေ့လာရေး Ecotourism/ Culture tourism တွေ အကောင်ထည်ဖေါ် နိုင်ပါပြီ။ ပြည်နယ်အနေနဲ့ စီးပွားတိုးတက်တဲ့ လူမှုဘ၀ တိုးတက်ဖို့အတွက် တံတားတခုပေါ်ပေါက်လာတဲ့အတွက်ကြောင့် ကျနော်ဝမ်းမြောက် ဝမ်းသာဖြစ်ပါတယ်။ ကျနော်အနေနဲ့ကတော့ တံတား နာမည်က ပြသနာမဟုတ်ပါဘူး။ သွားလို့လာလို့ ရရင် တော်ပါပြီ။ ကျနော့်အနေနဲ့လည်း မတ်လ (၁၇) ရက်နေ့က ချောင်းဆုံကို သွားခဲ့ပါတယ်။ အဲဒီတုန်းက တံတားနာမည်ကိစ္စ ကျနော်ကို ဘယ်သူမှ စောဒက မတက်ပါဘူး။”
မွန်ပြည်နယ် မုဒုံမြို့မှာလည်း ဗိုလ်ချုပ်ကြေးရုပ် ဆက်လက်မထားရှိဖို့ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပြီခဲ့တဲ့ ရက်ပိုင်းကပဲ ပေါ်ပေါက်ခဲ့ပါတယ်။
မွန်ပြည်နယ်မှာ NLD ပါတီအပြင် တိုင်းရင်းသားပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တစညပါတီနဲ့ ကြံ့ခိုင်ရေး ပါတီတွေရှိပြီး လာမယ့်ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။