တရုတ်- မြန်မာနယ်စပ်ဒေသက ဖီမော်၊ ဂေါ်လန်နဲ့ ကန်ဖန်ဒေသအားလုံးကို ပူးပေါင်းတပ်တွေနဲ့အတူ သိမ်းယူနိုင်ခဲ့ပြီး ရာဂဏန်းရှိတဲ့ နယ်ခြားစောင့်တပ်တွေလည်း လာရောက်ပူးပေါင်းခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ပြောပါတယ်။ တချိန်တည်းမှာပဲ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နဲ့ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့တွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးပဋိပက္ခ နောက်ဆုံး အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။
ကချင် အထူးဒေသ (၁) ကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာလကုန်ပိုင်းမှာထိုးစစ်ဆင်ခဲ့ပြီး တလအကြာမှာကချင်အထူးဒေသ (၁) အခြေစိုက် နယ်ခြားစောင့်တပ်ရင်း ၃ ရင်းကို သိမ်းယူနိုင်ခဲ့သလို ချီဖွေ၊ ဆော့လော်၊ ပန်ဝါစတဲ့မြို့တွေကို ပါသိမ်းယူခဲ့တာပါ။
အခု အောက်တိုဘာလ ၂ ရက်နေ့က ဖီမော်မြို့ကိုသိမ်းယူခဲ့ပြီး အခုအခါ ဂေါ်လန်နဲ့ကန်ဖန်ကိုပါ သိမ်းယူလိုက်ကြောင်းKIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။
“ဟုတ်ကဲ့။ ဖီမော်လည်း ရပြီ။ ဖီမော်၊ ဂေါ်လန် ၊ ကန်ဖန် အဲဒီ ၃ နေရာ အားလုံးကို ပြန်ရပါပြီ။ မနေ့က ကန်ဖန်ကိုနောက်ဆုံး စစ်ကြောင်းတွေ ထိုးစစ်ဆင်တာ။ ဖီမော်၊ ဂေါ်လန်ဘက်က ပြည်သူ့စစ်၊ BGF တွေကတော့ ကန်ဖန်ဘက်မှာထွက်ပြေးပြီးမှ စုရုံးနေတယ်လို့ သတင်းရပါတယ်။ အဲဒီနေရာမှာ ကျနော်တို့ တပ်ပေါင်းစုတွေ ထိုးစစ်ဆင်လာတဲ့အခါမှာတော့ တချို့တွေကတော့ ထွက်ပြေးကြတယ်။ တချို့တွေကတော့ KIA တပ်ပေါင်းစုဆီမှာ ပူးပေါင်းသွားတယ်တဲ့။”
ကန်ဖန်ကိုဝင်ရောက်စဉ် တိုက်ပွဲဖြစ်တာမရှိသလို ဒေသခံတွေကလည်း KIA တပ်ပေါင်းစုကို ကြိုဆိုတာတွေ ရှိခဲ့ပါတယ်။ ဒေသတွင်းသတင်းတွေမှာတော့ ကန်ဖန်ကိုဝင်ရောက်စဉ် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖြစ်တဲ့ BGF အဖွဲ့ဝင်တွေ ၁၀၀ လောက် လက်နက်ချပူးပေါင်းခဲ့ကြောင်း ဖော်ပြပေမဲ့ ဗိုလ်မှူးကြီးနော်ဘူက အဲဒီစာရင်းကို အတိအကျမသိရကြောင်း ပြောပါတယ်။
လက်ရှိမှာတော့ ကချင်အထူးဒေသ (၁) တခုလုံးမှာ ပူးပေါင်းလာတဲ့ ပြည်သူ့စစ်နဲ့ BGF ၂၀၀ ခန့်ရှိနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူကအခုလို ပြောပါတယ်။
“အတိအကျတော့ မသိဘူး။ အထူးဒေသ (၁) က အားလုံးပေါင်းလိုက်ရင်တော့ တရာကျော်၊ နှစ်ရာနီးပါး လောက်တော့ရှိလောက်ပါပြီခင်ဗျ။”
KIA နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ဆင်ရေး တလတာအတွင်းမှာ အထူးဒေသ (၁) က နယ်မြေအားလုံး နီးပါးကို သိမ်းယူထားပြီး ကန်ပိုက်တီတမြို့သာ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။ လောလောဆယ် ကန်ပိုက်တီဘက်မှာ KIA ပူးပေါင်းတပ်တွေ ရောက်ရှိနေတဲ့သတင်း ရရှိထားပေမဲ့ တိုက်ပွဲဖြစ်တဲ့ သတင်းတော့မရကြောင်းနဲ့ ဒီရက်ပိုင်းမှာတော့ မိုးမောက်နဲ့ဗန်းမော်ကြားမှာ တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေဆဲရှိပေမဲ့ ဒီကနေ့ နောက်ဆုံးသတင်းကိုတော့ မရသေးကြောင်းလည်းပြောပါတယ်။
ရှမ်းမြောက်ဒေသ MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုတော့ တနင်္လာနေ့ ည သန်းခေါင်အကျော် ဒီကနေ့ အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းက အနည်းဆုံး နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုမှာ မယ်ဟန်ကျေးရွာဘက်မှာဖြစ်ပွားပြီး လူထိခိုက်တာ မကြားသိရကြောင်း လားရှိုးဒေသခံတဦးကပြောပါတယ်။
“ ဒီမနက် အစောကြီးပေါ့။ လူမထိဘူးနော်။ အဲဒီမှာက လူမနေတဲ့အိမ်ပေါ့။ လူမနေဘူးဆိုတာ စစ်ရှောင်သွားတဲ့ အိမ်ပေါ့။ မယ်ဟန်လေ။ သူတို့ တော်တော်များများ မယ်ဟန်ဘက်ကို မဲပြီးတော့ လုပ်နေတာဗျ။ ”
အောက်တိုဘာလ ၂၉ ရက်နေ့က လားရှိုးမြို့ကို မနက်ရောနေ့ခင်းမှာပါ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ အဲဒီနေ့တိုက်ခိုက်မှုမှာတော့ လူတယောက်ထိခိုက်ပြီး သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းက ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒီလ ၄ ရက်နေ့ကတော့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် မြောင်ဇီးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာကြောင့် လူနေအိမ်အများအပြား ထိခိုက်ခဲ့ကြောင်း TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ ကချင်နဲ့ ရှမ်းမြောက် ဒေသက တိုက်ပွဲသတင်းတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။