တအန်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးတွေမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့ အချုပ်ဆောင်တွေပေါ် စစ်ကောင်စီတပ်က လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်မှုအတွင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦး ရှိခဲ့ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
တအန်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)MDY −PDF ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်ဆောင်တွေပေါ် စစ်ကောင်စီတပ်က ညနေ ၄နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဘီလူးစစ်ကြောင်းက ဖမ်းထားတဲ့စစ်သုံ့ပန်းတွေနဲ့ အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး ဗုံးက အချုပ်ဆောင်ပေါ်ကျခဲ့လို့ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၈ ဦးနဲ့ သံသယရှိတာကြောင့် စစ်ဆေးမေးမြန်းနေသူ ၄ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူအခြေအနေကို မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အော်စမွန်က ဗွီအိုအေမြန်မာပိုင်းကိုအခုလိုပြောပြပါတယ်။
"မနေ့က သေဆုံးခဲ့တဲ့ စစ်သုံ့ပန်းတွေက ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ၈ ဦး အပါအဝင် စုံစမ်းစစ်ဆေးနေဆဲ သံသယ တရားခံ ၄ ဦးပါ အသက် ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မန္တလေးအနေနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားပေမယ့် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဖြစ်တဲ့အတွက် မလိုအပ်ဘဲ အသက်တွေ ဆုံးရှုံးခဲ့တာလည်းဖြစ်ပါတယ်။"
ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးတဲ့ စစ်သုံ့ပန်းတွေထဲ ဗိုလ်ကြီးအဆင့် တပ်ကြပ် ၊ ဒုတပ်ကြပ်အဆင့်တွေပါဝင်သလို စစ်တပ်ကိုထောက်ခံတဲ့ ပျူစောထီးတွေလည်း ပါဝင်ခဲ့ပြီး လေယာဉ်ဗုံးထိမှန်လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သုံ့ပန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဆေးကုသပေးနေပါတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ထားပါတယ်။
၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)MDY −PDF ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်သုံ့ပန် ဥပေဒေနဲ့ ထိန်းသိမ်းထားပေမယ့် စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာကြောင့် အခုလို စစ်သုံ့ပန်းတွေ သေဆုံးခဲ့တာလို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အခုချိန်အထိတော့ စစ်ကောင်စီဘက်က အခုလို နောင်ချိုမှာ စစ်သုံ့ပန်းတွေဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်ဆောင်တွေပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တချိန်တည်းမှာပဲ ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ အောက်တိုဘာ ၂၉ ရက် မနက် ၁၁ နာရီ ၅၀ မိနစ်မှာ ရပ်ကွက် ၁၁ ထဲက အောင်စေတနာလမ်းသွယ်ထဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပါဘူး။
စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို လေကြောင်းနဲ့ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေပြီး လားရှိုးမြို့ပေါ် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ နီးပါးရှိပြီလို့ လားရှိုး ပြန်လည်ထူထောင်ရေးရဲ့ စာရင်းအရ သိရပါတယ်။ ရှမ်းမြောက်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်တပ်ဘက်ကလေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေတယ်ဆိုတာကို ဒေသတွင်းရှမ်းသတင်းတွေမှာ ဖော်ပြနေပါတယ်။
Forum