ဂျပန်နဲ့ ဗီယက်နမ် လက်တွဲဆောင်ရွက်မယ့်အထဲ မြန်မာ့အရေးပါဝင်

ဂျပန်ဝန်ကြီးချုပ် Fumio Kishida. (အောက်တိုဘာ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံက ပဋိပက္ခ ပြဿနာတွေ ပြေလည်စေရေးအတွက် ဗီယက်နမ်နဲ့ ဂျပန် နှစ်နိုင်ငံကြား အတူလက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ဗီယက်နမ်ခရီးစဉ်အတွင်း အခုလို ပြောဆိုလိုက်တာပါ။

"မြန်မာနိုင်ငံတွင်း အခြေအနေနဲ့ ပတ်သက်လို့ ဗီယက်နမ်နဲ့ဂျပန် အတူပူးပေါင်း ဆောင်ရွက်သွားပါမယ်။ မြောက်ကိုရီးယားပြဿနာ ဖြေရှင်းရေးမှာလည်း နှစ်နိုင်ငံ အနီးကပ် လက်တွဲ ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်အတွင်း ရှိရင်းစွဲအနေအထား ပြောင်းလဲသွားအောင် တဖက်သတ် အင်အားသုံး လုပ်ဆောင်နေတဲ့ လုပ်ရပ်ကို လက်မခံပါဘူး။" လို့ Mr. Kishida က ပြောသွားတာပါ။

တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်က လူလုပ်ကျွန်းအတုတွေ တည်ဆောက်နေတာကို သူက ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကို ချက်ချင်းရပ်စဲဖို့ အရေးကြီးကြောင်းလည်း ဂျပန်ဝန်ကြီးချုပ်က တနင်္ဂနွေနေ့မှာ အလေးထား ပြောဆိုပါတယ်။ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ နိုင်ငံတကာ စည်းမျည်းတွေအတိုင်း နယ်နိမိတ် သတ်မှတ်ချက်ကို လေးစားလိုက်နာရမယ်လို့ ဟနွိုင်းမြို့တော်မှာ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နဲ့ တွေ့ဆုံမှုအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျပန်ဝန်ကြီးချုပ် Kishida က ပြောဆိုခဲ့တာပါ။

ဗီယက်နမ်-ဂျပန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း အနှစ် ၅၀ ပြည့်နှစ်အဖြစ် ဂျပန်ဝန်ကြီးချုပ် အခုလို လာရောက်လည်ပတ်တာပါ။ ဂျပန်နိုင်ငံဟာ ဗီယက်နမ်ကို အများဆုံး ကူညီထောက်ပံ့နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida ရဲ့ ၈ ရက်ကြာ နိုင်ငံတကာ ခရီးစဉ်အတွင်း ဗီယက်နမ်က ဒုတိယမြောက် ခရီးစဉ်ဖြစ်ပြီး စနေနေ့တုန်းက အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့တာပါ။ ဗီယက်နမ်ပြီးရင် ထိုင်း၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဂျပန်နဲ့ ဗီယက်နမ် လက်တွဲဆောင်ရွက်မယ့်အထဲ မြန်မာ့အရေးပါဝင်

--------------------------

(Unicode)






