ဂါဇာတောင်ပိုင်းရာဖာကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ပိုမိုစေလွှတ်ဖို့ရှိ

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုခံရပြီး ဗလီနဲ့ လူနေအဆောက်အဦးတွေကိုတွေ့ရစဥ်။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၂၄)

ဂါဇာဒေသတောင်ဘက်ပိုင်းမှာ စစ်ဆင်ရေးတွေအရှိန်မြင့်လာနေချိန်မှာပဲ ရာဖာမြို့ထဲကို အစ္စရေးလ်တပ်တွေ ထပ်ပြီးစေလွှတ်မယ်လို့ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး Yoav Gallant က ကြာသပတေးနေ့မှာပြောပါတယ်။ ရာဖာဒေသမှာ စစ်ဖက်တပ်ဖွဲ့ဝင်တွေထပ်မံပို့ဆောင်ပြီး စစ်ဆင်ရေးတွေ ရှေ့တိုးဆောင်ရွက်မယ်လို့လည်း သူကပြောပါတယ်။

ဒေသတွင်းမြေအောက်ဥမင်လှိုဏ်ခေါင်းအတော်များများကို အစ္စရေးလ်တပ်ဖွဲ့က ဖျက်ဆီးပစ်ခဲ့သလို စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြင်းထန်လာမယ်လို့လည်း ဝန်ကြီး Gallant ကပြောပါတယ်။ ဟာမတ်စ်တို့အနေနဲ့ သူတို့တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့မဖြစ်နိုင်တော့ဘဲ သူတို့မှာအရံတပ်ဖွဲဝင်တွေ၊ အရံ ထောက်ပံ့ရေးပစ္စည်းတွေလည်းမရှိဘူးလို့လည်းပြောပါတယ်။ ဟာမတ်စ်တို့ကို ကျရှုံးသွားအောင် အစ္စရေးလ်တပ်ဖွဲ့တွေဘက်က ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်းပြောပါတယ်။

ရာဖာမြို့က အရပ်သားတွေရဲ့လုံခြုံရေးအတွက် စိုးရိမ်မှုရှိနေတဲ့ အစ္စရေးလ်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံက ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက အီဂျစ်နိုင်ငံနယ်စပ်အနီး ဂါဇာဘက်က ရာဖာမြို့ကို အစ္စရေးလ်တပ် ဒီလ အစောပိုင်းမှာပဲ ထိန်းချုပ်ခဲ့တာပါ။

ပါလက်စတိုင်းဒုက္ခသည်များအရေးဆောင်ရွက်နေတဲ့ ကုလသမဂ္ဂကတော့ စစ်ဆင်ရေးတွေ အရှိန်မြင့်လာတဲ့အတွက် ရာဖာမြို့ကနေထွက်ပြေးခဲ့တဲ့အရပ်သား ၆ သိန်းရှိတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဂါဇာမြောက်ပိုင်းက ပြည်သူတွေတိမ်းရှောင်ကြဖို့ အစ္စရေးလ်ရဲ့အမိန့်ကြောင့် လက်ရှိချိန်ထိ နေရပ်ပြောင်းရွှေ့ရသူ တသိန်းထက်မနည်းရှိတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။ ရာဖာမြို့ကို ဟာမတ်စ်တို့ရဲ့အမာခံနယ်မြေဆိုပြီး အစ္စရေးလ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် အရပ်သားတွေကို အကာအကွယ်ပေးမယ့် ယုံကြည်ရလောက်တဲ့ မဟာဗျူဟာတွေမရှိတဲ့အတွက် ကုလသမဂ္ဂဘက်ကလည်း စိုးရိမ်နေတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဂါဇာတောင်ပိုင်းရာဖာကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ပိုမိုစေလွှတ်ဖို့ရှိ