ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာရှိတဲ့ Jabalia ဒေသကို အစ္စရေးက ဒီကနေ့ အစောပိုင်းမှာ တင့်ကားတွေ ပို့လိုက်ပါတယ်။ အစ္စရေးက စနေညပိုင်းမှာ လေကြောင်းက တိုက်ခိုက်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့တာကြောင့် လူ ၁၉ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
Jabalia ဟာ ဂါဇာမှာရှိတဲ့ သမိုင်းဝင် ဒုက္ခသည်စခန်း ၉ ခုထဲက တခုဖြစ်ပြီး လူပေါင်း တသိန်းကျော် နေထိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီမှာ နေထိုင်နေတဲ့သူတွေဟာ နောက်ပိုင်းမှာ အစ္စရေးနိုင်ငံ တည်ထောင်ရေးကို ဦးတည်ခဲ့တဲ့ ၁၉၄၈ ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲအတွင်း ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းလူမျိုးတွေက ဆင်းသက်လာတဲ့ ဆွေစဉ်မျိုးဆက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားတဲ့ ဟာမတ်စ်အဖွဲ့ရဲ့ စစ်ရေးလုပ်ငန်းတွေ ပြန်လည်တည်ဆောက်လို့ မရနိုင်အောင် ဟန့်တားတဲ့အနေနဲ့ ဒီ Jabalia ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က စနေနေ့နှောင်းပိုင်းမှာ ပြောပါတယ်။
ဒါ့အပြင် ဂါဇာမြို့ Zeitoun ဒေသမှာ အစ္စရေးစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း စစ်သွေးကြွ ၃၀ ကိုလည်း သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရက ရေတပ်ဗိုလ်ချုပ် Daniel Hagari က ပြောပါတယ်။
ဒီအတောအတွင်း ဂါဇာကမ်းမြောင် မြောက်ပိုင်း Rafah ကို အစ္စရေးစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ အရှိန်မြင့် လုပ်ဆောင်တော့မှာ ဖြစ်တဲ့အတွက် ဒေသခံတွေ ဘေးကင်းရာကို အမြန်ဆုံးထွက်ခွာသွားကြဖို့ အစ္စရေး တာဝန်ရှိသူတွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Forum