ကမ္ဘာတဝန်း မြန်မာဟာ အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်

မြန်မာနိုင်ငံတွင်း Facebook လူမှုကွန်ရက်အသုံးပြုမှုအပိတ်ခံရပြီးနောက် အမျိုးသမီးတဦး မိုဘိုင်းဖုန်းအသုံးပြုနေစဉ် (ဖေဖော်ဝါရီ ၄၊ ၂၀၂၁)

ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုတွေမှာ မြန်မာနိုင်ငံက ဒီနှစ်မှာ ဒုတိယအဆိုးဆုံးအဆင့်မှာ ရှိနေတယ်လို့ အမေရိကန်အခြေစိုက် Freedom House ရဲ့ အင်တာနက် လွတ်လပ်ခွင့် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ၊ နိုင်ငံရေးအရ ဆန့်ကျင်မှုတွေ၊ လက်နက်ကိုင် ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အင်တာနက် လွတ်လပ်ခွင့်တွေကို ဆက်လက်ဖိနှိပ်နေတယ်လို့လည်း Freedom on the Net အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ပြည်တွင်းမှာ အင်တာနက် ဆက်သွယ်မှုတွေကို ဖြတ်တောက်တာ၊ သုံးစွဲမှုစရိတ်တွေကို တိုးမြှင့်တာ၊ အွန်လိုင်းကနေ တိုက်ခိုက်တာ၊ မတရား ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့တာကိုလည်း ဖော်ပြထားပါတယ်။ စစ်အာဏာပိုင်တွေက အင်တာနက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ထားပြီး တင်းကြပ်တဲ့ စည်းမျဉ်းတွေကို ကျင့်သုံးလာနေပြီး၊ လွတ်လပ်တဲ့ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ မကျန်တော့ဘူးလို့လည်း ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေ ကြားမှာပဲ ဒီမိုကရေစီရေးအတွက် တော်လှန်လှုပ်ရှားမှုတွေ၊ စစ်အာဏာပိုင်တွေရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်ရတာတွေကို အန္တရာယ်ဖြစ်နိုင်တဲ့ကြားမှာပဲ မြန်မာနိုင်ငံက အင်တာနက်သုံးစွဲသူတွေ အွန်လိုင်းမှာ ဆက်လက်ဖော်ပြကြတာကိုလည်း ထောက်ပြထားပါတယ်။ စစ်တပ်နဲ့ သတင်းပေးတွေကတော့ အတိုက်အခံ အင်အားစုတွေရဲ့ သတင်းအချက်အလက်တွေ မျှဝေဖို့ Telegram လူမှုကွန်ရက်မှာ အုပ်စုတွေဖွဲ့ပြီး ဖော်ထုတ်တာ၊ ဖမ်းဆီးတာ၊ တချို့ဆိုရင်လည်း လက်စတုန်းဖျောက်ဖျက်ခံရတာတွေ ရှိတယ်လို့လည်း အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

တရုတ်နိုင်ငံကတော့ ကမ္ဘာတလွှား အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံးအဖြစ် အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီး၊ အီရန်ကတော့ တတိယအဆင့်မှာ ရှိပါတယ်။ ဉာဏ်ရည်တုနည်းပညာ (AI) အသုံးချပြီး အင်တာနက် လွတ်လပ်ခွင့်အပေါ် ထိန်းချုပ်မှုတွေ တိုးလာနေတာကိုလည်း သတိပေးထားပါတယ်။