မြန်မာစစ်တပ်ကို အင်ဒိုနီးရှားက လက်ရှိမှာ လက်နက်ရောင်းချ ပေးပို့ခြင်းမရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးဌာနက ဗွီအိုအေကို ဒီကနေ့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတော်ပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေက မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနကို ဗွီအိုအေ အင်ဒိုနီးရှားဌာနက ဆက်သွယ်မေးမြန်းရာမှာ အခုလို ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၅/၂၈၇ အရ မြန်မာနိုင်ငံကို လက်နက်တွေ ထောက်ပံ့မှု တားမြစ်ထားပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံကို မည်သည့် ကာကွယ်ရေးလက်နက်ပစ္စည်းမှ တင်ပို့ခြင်းမရှိခဲ့ဘူး” - လို့ အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တနင်္လာနေ့က တောင်းဆိုထားပါတယ်။ တိုင်ကြားတဲ့အဖွဲ့မှာ ပါဝင်ကြတဲ့ အဖွဲ့တွေကတော့ ချင်းလူ့အခွင့်အရေးအဖွဲ့၊ Myanmar Accountability Project နဲ့ အရင် အင်ဒိုနီးရှား အစိုးရရှေ့နေချုပ်နဲ့ လူ့အခွင့်အရေး ဆော်ဩစည်းရုံးသူ Marzuki Darusman တို့ ပါဝင်ကြပါတယ်။
သူတို့ သံသယရှိတဲ့ အင်ဒိုနီးရှား နိုင်ငံတော်ပိုင်ကုမ္ပဏီသုံးခုကတော့ လက်နက်တွေ ထုတ်လုပ်တဲ့ PT Pindad, သင်္ဘောလုပ်တဲ့ PT PAL နဲ့ အာကာသဝေဟင်ကုမ္ပဏီ PT Dirgantara တို့ ဖြစ်ကြပါတယ်။ ဒီကုမ္ပဏီတွေက မြန်မာ စစ်ကောင်စီထဲက ဝန်ကြီးတယောက်ရဲ့ သားဖြစ်သူပိုင်တဲ့ TRUE NORTH ကုမ္ပဏီကို ရောင်းချပေးခဲ့တာဖြစ်တယ်လို့ တိုင်ကြားစာထဲမှာ ဖော်ပြထားတာပါ။