အလားအလာကောင်းတဲ့ ကိုရီးယား ၂ နိုင်ငံ ဆွေးနွေးပွဲ

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးကို ရည်ရွယ်တဲ့အနေနဲ့ နှစ်ဘက် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ အင်္ဂါနေ့မှာ သဘောတူလိုက်ကြပါတယ်။ ၂ နှစ်ကျော်ကြာ ဆက်ဆံရေးတွေ တင်းမာခဲ့ပြီးတဲ့နောက် ပထမဆုံးအကြိမ် ပြုလုပ်တဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုအတွင်း သဘောတူလိုက်ကြတာပါ။ အမေရိကန်ပြည်ထောင်စုကလည်း ဒီတွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုကြောင်း နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Brian Padden ရဲ့ သတင်းအပေါ် အခြေခံပြီး ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးပါမယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအရ တင်းမာမှုတွေ လေ ျှာ့ချပြီး ဒီကိစ္စပြေလည်ရေးအတွက် စစ်ရေးအရ ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ သဘောတူလိုက်ကြောင်း တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံတို့က ဇန်နဝါရီ ၉ ရက်နေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ရှေ့လအတွင်း တောင်ကိုရီးယားနိုင်ငံ၊ Pyeong Chang မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ဝင်ရောက်ယှဉ်ဖို့ မြောက်ကိုရီးယားက သဘောတူလိုက်ပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသမှာရှိတဲ့ Panmunjom - ငြိမ်းချမ်းရေးရွာမှာ အင်္ဂါနေ့က နှစ်ဘက် အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးအပြီးမှာ အခုလို သဘောတူညီချက်တွေ ရရှိခဲ့ကြတာပါ။ ဒီ ငြိမ်းချမ်းရေးရွာဟာ ကိုရီးယားစစ်ပွဲ အဆုံးသတ်ရေးအတွက် ၁၉၅၃ ခုနှစ်က စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ အိုလံပစ်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ရေးနဲ့ မြောက်ကိုရီးယားတို့က နျူကလီးယားနဲ့ ဒုံးလက်နက် တည်ဆောက်ရေး အစီအစဉ်တွေ အရှိန်မြှင့် လုပ်ဆောင်လာနေမှုကြောင့် ဒေသတွင်း ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လေ ျှာ့ ချရေးအတွက် ရည်ရွယ်ပြီး အင်္ဂါနေ့က တွေ့ဆုံမှုကို ပြုလုပ်ခဲ့တာပါ။

သမ္မတ Donald Trump ကလည်း အမေရိကန်ပြည်ထောင်စုက ဆောင်းရာသီ အိုလံပစ်ပွဲတော် အတွက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမှာ ဖြစ်ကြောင်းပြောကြားလိုက်ပြီး တောင်နဲ့ မြောက်ကိုရီးယားအကြား သဘောတူညီမှု ရရှိလိုက်တဲ့အပေါ် ချီးကျူးလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကတော့ - ဆောင်းရာသီအိုလံပစ်ပွဲတော် ဘေးကင်းလုံခြုံပြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်နဲ့ မြောက်ကိုရီးယားအကြား ဇန်နဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ပါဝင်ခြင်းအားဖြင့် သူ့ရဲ့ တရားမဝင် နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ခြင်း မရှိဘူးဆိုတာကို တောင်ကိုရီးယားက သေချာအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုဟာလည်း ဒီကိစ္စမှာ တောင်ကိုရီးယားနဲ့ အနီးကပ် ညှိနှိုင်း တိုင်ပင် ဆောင်ရွက်နေကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နျူကလီးယားလက်နက် ဖျက်သိမ်းလိုက်ခြင်းအားဖြင့် မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာရဲ့ ပစ်ပယ်ထားခြင်း ခံရတဲ့ အခြေအနေကို အဆုံးသတ်စေမယ့် အခွင့်အရေး တခုအဖြစ် အိုလံပစ်ပွဲတော်မှာ ပါဝင်မှုကနေ မြင်တွေ့နိုင်လိမ့်မယ်လို့ အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရက ပြောပါတယ်။

မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်းဖြစ်၊ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မီတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ Ri Son Gwon က စည်းဝေးပွဲအပေါ် အကောင်းမြင်သဘောထားနဲ့ တုန့်ပြန်ခဲ့ပါတယ်။

“ဒီစည်းဝေးပွဲကို လေးနက်၊ ရိုးသားတဲ့ စိတ်ထားတွေနဲ့ ကျနော်တို့ ဒီကနေ့ တက်ခဲ့ကြတာပါ။ ပြီးတော့ ဒီဆွေးနွေးမှုက ထွက်ပေါ်လာတဲ့ အဖိုးမဖြတ်နိုင်တဲ့ ရလဒ်ကောင်းတွေကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ပထမဆုံးအကြိမ် ကျနော်တို့ရဲ့ ညီတော်၊ အကိုတော်တွေကို ပေးချင်တယ်ဆိုတဲ့ အတွေးနဲ့လည်း ဒီစည်းဝေးပွဲကို တက်ခဲ့ကြတာ ဖြစ်ပါတယ်။”

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးလည်းဖြစ်တဲ့ Cho Myoung-gyon ကလည်း ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ဒီဆွေးနွေးမှုကနေ ရှေ့လေ ျှာက် ဆွေးနွေးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“တောင်နဲ့ မြောက်ကိုရီးယားအကြားက ဆက်ဆံရေးတွေ အတော်လေး ဆိုးရွားနေတဲ့ အချိန်မှာ ကျနော်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကို ပြန်လည် စတင်နိုင်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီ ပထမခြေလှမ်းဟာ ခရီးတဝက်လောက်အထိ တာသွားတယ်လို့ ကျနော်ထင်ပါတယ်။ ဒီဆွေးနွေးပွဲကို မဆုတ်မနစ်၊ ဇွဲရှိရှိ ကျနော့်အနေနဲ့ ဆောင်ရွက်သွားလိုပါတယ်။”

ရှေ့လမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ ချီတက်ကြဖို့ တောင်ကိုရီးယားဘက်က အဆိုပြုထားပါတယ်။

မြောက်ကိုရီးယားက ၂၀၁၆ ခုနှစ်မှာ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုနဲ့ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးတွေ ပျက်ပြားသွားပြီးတဲ့နောက် အခု ပြုလုပ်တဲ့ ကိုရီးယား နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှုကနေ နှစ်ဘက် တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ပေးလိုက်နိုင်ပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်၊ အမေရိကန်-ကိုရီးယား အဆင့်မြင့် နိုင်ငံတကာ သုတေသနဌာနက ဧည့်ပညာရှင် Michael Madden က ပြောပါတယ်။

“အနည်းဆုံးအဆင့်တော့ တယ်လီဖုန်းနဲ့ ဆက်သွယ်နိုင်တဲ့ အနေအထားကို ရောက်နေပါပြီ။ အဲဒါက ဘာကို ဆိုလိုသလဲဆိုတော့ - တကယ်လို့များ အရင်ကလို ဒုံးကျည် စမ်းသပ်ပစ်လွှတ်တာတို့၊ နျူးကလီးယား စမ်းသပ်ဖောက်ခွဲတာတို့များ နောက်ထပ် ဖြစ်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားကို တယ်လီဖုန်းခေါ်ယူ အကြောင်းကြားတဲ့ အခွင့်အလမ်းမျိုး ပေါ်ပေါက်လာနိုင်ပါတယ်။”

ကိုရီးယားနှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှုအပေါ် အမေရိကန်က သတိနဲ့ ထောက်ခံ အားပေးနေပြီး တောင်ကိုရီးယားနဲ့ ပြုလုပ်မယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကိုလည်း အိုလံပစ်ပွဲပြီးဆုံးတဲ့အထိ ရက်ရွှေ့ ထားလိုက်ပါတယ်။

သမ္မတ Donald Trump ကတော့ မြောက်ကိုရီးယားက Kim Jun Un အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတာဟာ အချည်းနှီးသာဖြစ်ကြောင်း အရင်က ပြောခဲ့ဘူးပါတယ်။ ဒါပေမယ့် အခု ပြုလုပ်တဲ့ တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒါဟာ သူ့အစိုးရက ခိုင်မာ ပြတ်သားစွာ ရပ်တည်ခဲ့တဲ့ ရလဒ်ဖြစ်ကြောင်းနဲ့ သင့်တော်တဲ့ ကာလကျရင် တွေ့ဆုံ ဆွေးနွေးမှုတွေမှာ အမေရိကန်တို့ပါ ပါဝင်မယ့်အကြောင်း ပြောပါတယ်။

Your browser doesn’t support HTML5

အလားအလာကောင်းတဲ့ ကိုရီးယား ၂ နိုင်ငံ ဆွေးနွေးပွဲ