ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့က ဒီလကုန်အထိ တဘက်သတ် အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ TNLA တအန်းအမျိုးသားတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို လားရှိုးမှာလည်း ၃ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာပါ။ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။
တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုအရ MNDAA ကိုးကန့်တပ်က ဒီလကုန်အထိ တဘက်သတ်အပစ်ရပ်ကြောင်း စနေနေ့က ကြေညာထားပေမဲ့ TNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ TNLA အဖွဲ့အနေနဲ့ အပစ်ရပ်ဖို့ ညွှန်ကြားတာ မရှိသလို ဒီကနေ့အထိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတုန်းပဲလို့လည်း အဖွဲ့ရဲ့ပြောခွင့်ရ လွေးယေဦးက VOA ကို ပြောပါတယ်။
“ လက်ရှိ ဒီ အပစ်ရပ်စဲရေးနဲ့ပတ်သက်ပြီးမှ ကျမတို့ ဗဟိုက ဘာမှလည်း ဆုံးဖြတ်ချက် မချရသေးဘူး။ ဘာမှ ညွှန်ကြားထားတာလည်း မတွေ့ရသေးဘူး။ လက်ရှိမှာဆိုရင် ဒီမြေပြင်မှာဆိုရင်တော့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တဘက်မှာလည်း တရုတ်အစိုးရကတော့ ဖိအားပေးနေတာမျိုးတွေ ရှိပါတယ်။ ”
လက်ရှိ စစ်ကောင်စီနဲ့ TNLAအကြား နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ဆက်ပြောပါတယ်။
“ ဒီကနေ့ကတော့ တိုက်ပွဲက နောင်ချိုမှာ ရှိတဲ့ သဲကော်ကျေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ နောက် ဒီ ကျောက်မဲမှာဆိုရင်တော့ စစ်ကောင်စီရဲ့ ၅၀၁နဲ့ အခြားသောနေရာဒေသတွေမှာ အေးရှားဝါးလ်တို့နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်။ မိုးကုတ်၊ မိုးမိတ်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ကျောက်မဲဆို ၃-၄ရက်ရှိပြီ တိုက်ပွဲက အရမ်းကြီး ပြင်းထန်နေတယ်။ ပြီးရင် စစ်ကောင်စီဘက်ကလည်း အပြင်းအထန် ခုခံကာကွယ်နေပြီးတော့မှ အများစုကတော့ ဒီ လေကြောင်းကနေ တဆင့်တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ ”
ကျောက်မဲဒေသခံတဦးကတော့ မြို့အတွင်းမှာပါ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား ထိခိုက်၊ သေဆုံးတာတွေ ရှိနေကြောင်း၊ လူမှုကူညီရေးအသင်းတွေကလည်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ မဆောင်ရွက်နိုင်ဘဲ ရှိနေကြောင်း ပြောပါတယ်။
“ ဒီနေ့က နည်းနည်း ခက်တော့ ခက်တယ်ဗျ။ ဘုန်းကြီးကျောင်းတွေမှာ သူတို့က နားခိုပြီးတော့ လက်နက်ကြီးတွေနဲ့ ထုနေတော့ လေယာဉ်က ၊ လေယာဉ်ပစ်လက်နက်ကလည်း ဘုန်းကြီးကျောင်းတွေ လာထု၊ အဲဒါ စစ်ဘေးရှောင်တွေကလည်း ဘုန်းကြီးကျောင်းမှာ ရှောင်နေကြတော့ စစ်ဘေးရှောင်ပါထိ။ ကယ်လို့ မရ၊ ထုတ်လို့ မရ အဲလို ဖြစ်နေတာ။ အထိအခိုက် ရှိတယ် အများကြီးပဲ။ အများကြီးဆိုတာက တနေရာကို ၄- ၅- ၆ ဦး ၁၀ဦး အဲလိုတွေ။ ယူလို့ မရဘူးဖြစ်နေတယ်။ တိုက်ခိုက်နေဆုံးဆိုတော့။”
နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်ဘက်မှာ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေသလို လားရှိုးမြို့မှာလည်း စစ်ကောင်စီနဲ့ MNDAA အကြား ၃ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
လားရှိုးဒေသခံ တဦးက ဒီ ၃ရက်အတွင်းမှာ စစ်ကောင်စီက လေကြောင်းကရော၊ လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်တာတွေရှိနေကြောင်း အခုလို ပြောပါတယ်။
“ ဒီနေ့ ၃ရက်အတွင်းကတော့ တော်တော်ဆိုးတယ်။ တမြို့လုံး ပတ်ဖြစ်နေတာ။ ဒီ ၅၀၇ ရယ်၊ လွယ်ပြေရယ်။ ပြီးရင် ၄၁ဘက်လည်း ချတယ်။ ကျနော်တို့ ဒီ ရပ်ကွက် ၄တွေဘာတွေလည်း ကြဲပစ်လိုက်ပြီ။ ချပစ်လိုက်ပြီ။ တပြိုင်တည်း ချတာ။ လေယာဉ်ပျံနဲ့ရော ၊ အဝေးပစ်တွေနဲ့ရောပေ့ါ။ ညကလည်းချသလား မမေးနဲ့။ ညဆိုလည်းကြဲသလား မမေးနဲ့။ ဂျက်ဖိုက်တာနဲ့ ပြီးရင် အသေးစားဟာနဲ့လည်း ချ ချသွားတာ။ လက်နက်ကြီးတွေလည်း ပစ်တယ်။ အဝေးပစ်တွေ။ အစိုးရဘက်ကပစ်တာပေါ့။ အခုကတော့ ကင်းထောက်တွေ ပျံနေတယ်။ အဝေးပစ်တွေကတော့ သိပ်မကြားရတော့ဘူး။သေနတ်အသေးတွေပဲ ဖောက်နေတာ။ ”
တိုက်ပွဲပြင်းထန်နေတဲ့ ခမရ ၅၀ရ၊ ခလရ ၄၁နဲ့ ခလရ ၆၈ ဘက်က ရပ်ကွက်တွေမှာ ကျန်နေသူတွေကိုလည်း နေရာပြောင်းရွှေ့ခိုင်းတာတွေ ရှိနေကြောင်း ပြောပါတယ်။ လောလောဆည်မှာတော့ MNDAA တပ်ဖွဲ့တွေဟာ လားရှိုးမြို့အတွင်းမှာ ရောက်ရှိနေသလို တခြားမြို့ရွာကို မတိမ်းရှောင်နိုင်သူတွေဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး ရိက္ခာ အခက်အခဲတွေလည်း ရှိနေကြောင်း ဆက်ပြောပါတယ်။
“ စောစောက ဒီ သာယာနာရေး သွားတဲ့ဟာတွေက အလောင်းသွားကောက်တော့ ၄၈ လမ်း ၊ ရပ်ကွက် ၅ ၄၈လမ်း မှာ ကိုးကန့်တွေ၊ လမ်း ၄၀မှာကျ အစိုးရစစ်သားတွေ၊ လောလောဆည်ကတော့ သူတို့ စောင့်ကြည့်အနေအထားပဲ။ မြို့ထဲမှာတော့ မဖြစ်ဘူး။ မြို့ထဲ ဝင်လာတာပဲ ရှိတယ်။ မြို့နဲ့ နီးတဲ့နေရာပေါ့။ ရပ်ကွက်ထဲတွေ ရောက်တာပေါ့။ ဘုန်းကြီးကျောင်းတွေလည်း လူအပြည့်။ မိဘမဲ့ကျောင်းတွေမှာလည်း လူအပြည့်။ ဘုန်းကြီးကျောင်းလည်း ကျွေးတာတော့ အာမခံဘူး။ နေလို့ ရတယ်။ ဟုတ်တယ်လေ ရိက္ခာမှ မရှိဘဲ။ အလှုရှင်တွေကလည်း မရှိဘူး ပြေးကုန်ပြီ။ အိမ်တွေကလည်း ဖောက်ခံရတယ်။ လားရှိုးကတော့ ဖောက်တဲ့ကောင်တွေ များတယ်။ ဓါတ်ဆီတွေ ဈေးတက်။ မလွယ်ပါဘူး။”
အရပ်သား ထိခိုက်သေဆုံးတဲ့သတင်းကိုတော့ အတိအကျ မသိရသေးကြောင်း ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော တစုံတရာ သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ ဒီလ ၁၄ရက်ကနေ ၁၈ရက်နေ့အထိ တကြိမ် တဘက်သတ် အပစ်ရပ်ခဲ့ပါတယ်။ ဒီလို အပစ်ရပ်ထားတဲ့ ၄ရက်အတွင်းမှာလည်း တိုက်ပွဲတွေဟာ ဆက်တိုက် ဆက်လက်ဖြစ်ပွားနေခဲ့သလို လက်ရှိ MNDAA ဒီလ ကုန်အထိ အပစ်ရပ်ကြောင်း ကြေညာထားချိန်မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
Your browser doesn’t support HTML5