ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတဲ့လားရှိုးအနီး သိန္နီမြို့မစျေးကို မနေ့ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရှမ်း SNLD ပါတီ တာဝန်ရှိသူတချို့အပါအ၀င် အနည်းဆုံး ၁၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွက ပြောပါတယ်။ လားရှိုးမှာလည်း စစ်ကောင်စီကို ထိုးစစ်ဆင်နေတဲ့ ကိုးကန့် MNDAA နဲ့ပူးပေါင်းတပ်တွေဟာ မြို့အဝင်နားထိ ရောက်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုစည်သူက ပြောပြမှာပါ။
ဇူလိုင် ၁၈ရက်နေ့ မနေ့ညနေပိုင်းက သိန္နီမြို့မဈေး လူစည်နေချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သား ၁၀ဦး သေဆုံးပြီး ၂၀ လောက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ သျှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြထားပါတယ်။ ဒါအပြင် သေဆုံးခဲ့သူတွေထဲမှာ သိန္နီမြို့နယ် ရှမ်း SNLD ရဲ့ စည်းရုံးရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး ပါဝင်တယ်လို့ ပါတီခေါင်းဆောင်တချို့ရဲ့ ကိုယ်ပိုင် ဆိုရှယ်မီဒီယာတွေမှာ ရေးသားထားပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ပြင်းထန်တဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် တစျေးလုံးကြေမွခဲ့သလို ရုပ်အလောင်းတွေဟာ တစစီဖြစ်နေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ လေယာဉ်ဗုံးကြဲပြီးနောက်ပိုင်း ပြထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ သိန္နီမြို့မဈေးကြီးတခုလုံးပျက်စီးနေတာတွေ့ရပါတယ်။ တိုက်ပွဲတွေ မရှိတဲ့ နေရာဖြစ်တဲ့ သိန္နီမှာ အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို ဒေသခံတွေက ရှုံ့ချခဲ့ကြပါတယ်။
လားရှိုးမှာတော့ MNDAA နဲ့ TNLA က ဒီလ ၁၄ရက်နေ့ ည ၁၂နာရီကနေ ၁၈ရက်နေ့ ည ၁၂နာရီအထိ တဘက်သတ်အပစ်ရပ်ထားတာ ပြီးဆုံးသွားတဲ့နောက်မှာ နှစ်ဖက် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာပါတယ်။ ဒီကနေ့ မနက်ခင်းမှာ MNDAA တပ်တွေဟာ မန္တလေးဘက်က လားရှိုးမြို့အဝင် မုဒ်ဦးအနီးက ခလရ ၄၁၊ သိန္နီအဝင် ရှမ်းကုန်းဘက်အပြင် ခမရ ၅၀၇ ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။ လားရှိုးမြို့အဝင် မုဒ်ဦးအနီးက ခလရ ၄၁၊ သိန္နီအဝင် ရှမ်းကုန်းဘက်တွေမှာ တိုက်ပွဲ ပြင်းထန်နေတဲ့အခြေအနေကို လားရှိုးမြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။
“ဒီနေ့ကတော့ ၄၁ကို ဝင်လုံးနေတယ်။ ပြောမယ်ဆိုရင်တော့ မန္တလေး-လားရှိုးဘက်အဝင် မုဒ်ဦးပေါ့။ မုဒ်ဦးနားမှာရှိတဲ့ (ခလရ) ၄၁၊ ၄၁ တပ်မှာ လုံးနေကြတယ်ပေါ့။ ပြီးတော့ သိန္နီဘက်ကနေ အဝင် ရှမ်းကုန်းတို့ ၊ ချုံကွယ်တို့လည်းအားလုံးက လုံးနေပြီပေါ့။ တော်တော်လေးပွဲကြမ်းနေတယ်။ မနေ့ညက ၁၀နာရီလောက်က စတာ။ ဒီမနက်ထိ။ ”
အခြား လားရှိုးမြို့ခံတဦးကတော့ စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး ခုခံတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
“ ရက်စက်တယ် မိုးလင်းကတည်းက ချနေကြတာ။ ကျည်ဆံခွံတောင် ကျနော့ဆိုင်ရှေ့ကျတယ်။ ကျည်ခွံ့ ကျည်ခွံ။ အခုဖြစ်တာ ဟူးမူဆယ်ဘက်ပေါ့။ ဟူးမူဆယ်ဘက်အနောက်ဘက် ဖြစ်တယ်။ ပြီးရင် ၅၀၇ဘက်လည်း ဖြစ်နေတယ်။ ဂျက်ဖိုက်တာတော့ လာတွယ်သွားပြီ။ အခုလည်း ချနေတယ် အကြီး အသေး။ ဂျက်လေယာဉ်တော့ ပျံနေတယ်။ ကျနော်တို့နားချလိုက် ပြန်သွားလိုက်နဲ့။ ”
တန့်ယန်းဘက်ကို စစ်ရှောင်လာသူ အမျိုးသမီးတဦးက လားရှိုးမြို့နဲ့ ဖုန်းအဆက်အသွယ်တွေ ပြတ်တောက်နေကြောင်းနဲ့ တန့်ယန်းလမ်းရှိ နမ့်ပေါင်ရွာကို သိမ်းယူထားတဲ့ MNDAA ကိုးကန့်တပ်တွေဟာ ဒီရက်ပိုင်းမှာ လားရှိုးဘက်ကို အလုံးအရင်းနဲ့ သွားနေကြောင်း ပြောပါတယ်။
“ အခုလားရှိုးက ဆက်လို့မရဘူး။ ဆက်လို့ မရဘူးဆိုတာက ဖုန်းလိုင်းအကုန်လုံးပိတ်ထားလို့လေ။ လားရှိုးကလည်း အဝင်လည်း မရ ၊ အထွက်လည်း မရ နောက်ပြီးတော့ အဆက်အသွယ်က အကုန်ပြတ်နေတယ်။ ကိုးကန့်တွေက နမ့်ပေါင်ကိုတော့ သူတို့က နေရာယူထားပြီဆိုတော့ အခု ခါးရှီးတဝိုက်မှာ ပြန်တိုက်နေတယ်။ ကျိန်းခမ်း ကျိန်းခမ်းနေရာမှာလည်း သူတို့ အများကြီးပဲ ရှိနေကြတာ။ ခါးရှီးဘက်ကို အလုံးအရင်းနဲ့ ဝင်လာတယ်လေ။ သူတို့က လားရှိုးကိုတော့ လက်မလွှတ်ဘူးပြောတယ်။ ”
ဒီကနေ့မနက်ခင်းမှာ ဖုန်းလိုင်းအတော်များများ ပြတ်တောက်နေပေမဲ့ MPT ဖုန်းလိုင်းကတော့ တခါတရံ အသုံးပြုလို့ ရနေသေးကြောင်းလည်း ဒေသခံအချို့က ပြောပါတယ်။ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ လားရှိုးမီဒီယာ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့အတွင်းကို ရှော့တိုက်ဒုံး ၆လုံးကျခဲ့ကြောင်း ဖော်ပြထားပါတယ်။ အထိအခိုက်အခြေအနေ အသေးစိတ်ကိုတော့ ဖော်ပြတာမရှိပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ အပစ်ရပ်ကာလ ၄ရက်အတွင်း လားရှိုး၊ မိုးကုတ်၊ ကျောက်မဲ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈ဦး သေဆုံးပြီး ၁၉ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ ညီနောင်မဟာမိတ်တပ်တွေက တဘက်သတ်အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ လားရှိုး၊ ကျောက်မဲ၊ သီပေါ ၊ နောင်ချို စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။
Forum