အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက မဏိပူပြည်နယ် မြို့တော် အင်ဖား နဲ့ တချို့နေရာတွေမှာ ညမထွက်ရအမိန့် ဒီနေ့ ထုတ်ပြန်လိုက်တယ်လို့ အာဏာပိုင်တွေက ပါတယ်။ ကျောင်းသား ၂ ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံရတယ်ဆိုတဲ့အပေါ် ဆန္ဒပြတာကနေ ကျောင်းသားတွေ အတော်များများဒဏ်ရာရတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေဘက်က အခုလို ညမထွက်ရအမိန့် ထုတ်လိုက်တာပါ။
အင်ဖားနဲ့ တခြားခရိုင်တွေမှာပါ ညမထွက်ရအမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ထားတယ်လို့ မဏိပူရ်ပြည်နယ် အကြီးတန်းရဲအရာရှိ L. Kailun က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း ကျောင်းသား ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ်ရဲအရာရှိ တဦးကပြောပါတယ်။ အခြေအနေတွေက အလွန်ကိုတင်းမာနေပြီး၊ လက်နက်ကိုင်ထားတဲ့ အကြမ်းဖက်လူအုပ်စုတွေက အာဏာရ ပါတီရုံးခန်းကို ဖျက်ဆီးပြီး ရဲစခန်း ၂ ခုကိုလည်း ဓါတ်ဆီထည့်ထားတဲ့ ပုလင်းဗုံးတွေနဲ့ ပစ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်နယ်တွင်း တယ်လီဖုန်းမိုဘိုင် အင်တာနက်တွေကိုလည်း ဖြတ်ထားတာ ၅ ရက်ရှိပြီလိုလည်း အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကစတင်ခဲ့တဲ့ ဒီအကြမ်းဖက်မှုတွေကြောင့် အခုချိန်ထိ လူ ၁၈၀ ကျော် သေဆုံးခဲ့ပြီး၊ ၅ သောင်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။