သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူအရေးကြောင့် မလုံမခြုံပိုခံစားလာရတဲ့ အိန္ဒိယရောက် ချင်းဒုက္ခသည်တွေ  


အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်မှာခိုလှုံနေကြတဲ့ ချင်းစစ်ဘေးရှောင်ဒုက္ခသည်များ။ (Courtesy Photo)
အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်မှာခိုလှုံနေကြတဲ့ ချင်းစစ်ဘေးရှောင်ဒုက္ခသည်များ။ (Courtesy Photo)

အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်မှု အပြင်းထန်ဆုံးဒေသတွေထဲက တခုဖြစ်တဲ့ ချင်းပြည်နယ်မှာ နေ့စဥ် စစ်ပွဲနဲ့ပဋိပက္ခတွေဖြစ်နေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကလည်း တသိန်းကျော် ရှိနေပါတယ်။ အဲဒီထဲမှာ အိမ်နီးချင်း အိန္ဒိယပြည်ဘက်ကို ခိုလှုံကြရသူတွေကလည်း သောင်းနဲ့ချီ ရှိနေတာပါ။ တခါ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ အိန္ဒိယရဲ့ပြည်နယ်တွေထဲက မဏိပူရပြည်နယ်မှာကလည်း လူမျိုးရေးအဓိကရုဏ်းတွေဖြစ်နေလို့ ချင်း စစ်ဘေးရှောင်တွေအနေနဲ့ တပူပေါ်နှစ်ပူဆင့် ဖြစ်ပြီး မလုံခြုံမှုတွေခံစားနေရတယ်လို့ ပြောပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး နှစ်ရှည်လာတာနဲ့အတူ အိန္ဒိယဘက်က စစ်ရှောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း မခင်လေးက ဆက်သွယ်မေးမြန်း စုစည်းတင်ပြထားပါတယ်။

အိန္ဒိယနဲ့ မိုင် (၃၀၀) ကျော် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်က စစ်ဘေးသင့် ချင်းလူထုဟာ ကပ်လျက်က မီဇိုရမ်ပြည်နယ်ထဲကို အဓိက ပြေးကြရသလို ချင်း၊ စစ်ကိုင်းအထက်ပိုင်းနဲ့ကပ်နေတဲ့ မဏိပူရပြည်နယ်ထဲမှာလည်း ခိုလှုံသူတချို့ရှိနေပါတယ်။ မဏိပူမှာ ပြီးခဲ့တဲ့မေလကစပြီး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်နေတာက ချင်းပြည်နယ်ကထွက်ပြေးလာတဲ့ စစ်ရှောင်တွေကိုပါ သက်ရောက်ခဲ့တာပါ။

မဏိပူပဋိပက္ခအတွင်းက လူနည်းစု ကူကီးအပါအဝင်မျိုးနွယ်စုတွေနဲ့ ယဥ်ကျေးမှု၊ ရုပ်ရည်သွင်ပြင်တူညီကြလို့ လူအများစုကြားမှာ ပိုပြီး သတိထားနေလာရတယ်လို့ ချင်းပြည်နယ်ကထွက်ပြေးလာတဲ့ စစ်ရှောင်တွေကပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏသိမ်းမှုကို အာဏာဖီဆန်ဆန့်ကျင်ခဲ့လို့ ထွက်ပြေးခဲ့ရတဲ့ ဦးယုန်ထန်းကတော့ အဓိက တရားဝင်နေထိုင်ခွင့်နဲ့ တာဝန်ယူဖြေရှင်းပေးမယ့် တိုင်ကြားနိုင်တဲ့ အဖွဲ့အစည်းတွေမရှိလို့ မလုံမခြုံပို ဖြစ်ရတယ်လို့ ပြောပါတယ်။

“ဒုက္ခသည်အချင်းချင်းကြားမှာ ဖြစ်နေတဲ့ပြဿနာတွေ၊ ဒါမှမဟုတ် မီဇိုတွေနဲ့ ကြားမှာဖြစ်နေတဲ့ ပြဿနာတွေ၊ အိန္ဒိယလူမျိုးတွေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေ၊ ဘယ်သူက ကိုင်တွယ်ဖြေရှင်းပေးမလဲ။ အချင်းချင်း သေတော့မယ်၊ ရိုက်နေကြတော့မယ်၊ ဘယ်သူက တာဝန်ယူပေးမလဲ။ ဒုက္ခသည်အဖြစ် သူများနိုင်ငံမှာ နေထိုင်တဲ့ အခါ ကျနော်တို့မှာ ဥပဒေမရှိဘူး။ ဘာလိုင်စင်မှ မရှိဘူး။ ဘာအာမခံချက်မှ မရှိဘူး။”

ပြီးခဲ့တဲ့ မေလကစတဲ့ မဏိပူပဋိပက္ခဟာ လူ ၂၀၀ နီးပါး သေဆုံးခဲ့ရပြီး လူရာနဲ့ချီ ဒဏ်ရာရကာ လူသောင်းနဲ့ချီ အိုးအိမ်တွေက စွန့်ခွာထွက်ပြေးရတဲ့အထိ ပြင်းထန်ခဲ့တာပါ။ “မဏိပူရပြည်နယ်ထဲကို မြန်မာဘက်ခြမ်းကနေ လူထောင်နဲ့ချီ အတားအဆီးမရှိဝင်လာတာက ဒီလို ပြဿနာတွေ ပိုကြီးသွားတာ” ဆိုပြီးလည်း အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က လွှတ်တော်မှာ ဩဂုတ်လတုန်းက တရားဝင် ပြစ်တင်ပြောဆိုခဲ့လို့ ချင်းဒုက္ခသည်တွေကြားပိုပြီး စိတ်ပိုင်းဆိုင်ရာ မလုံမခြုံဖြစ်ခဲ့ရပါတယ်။ ချင်းလူ့အခွင့်အရေး အဖွဲ့က ဒါရိုက်တာတဦးဖြစ်တဲ့ ဆလိုင်းဗန်ချက်ကတော့ လူမျိုးရေးအရ ခွဲခြားတာမျိုး သူတို့ လက်လှမ်းမီသလောက် မကြားသိရပေမယ့် မဏိပူအရေးကြောင့် ချင်းစစ်ရှောင်တွေ အနည်းနဲ့အများ ထိခိုက်လာနေတာကတော့ တွေ့မြင်ရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"မဏိပူမှာ ဖြစ်ပျက်တဲ့ဟာက အတော့်ကိုဝမ်းနည်းစရာကောင်းတယ်။ တချို့ ဒုက္ခသည်တွေ ရှိတာပေါ့လေ။ တချို့ဒါဖြစ်ပြီးသွားတဲ့ နောက်ပိုင်းမှာ နေစရာ မရှိတဲ့အချိန်မှာ မီဇိုရမ်ဘက်ကို ကြည့်မယ်ဆိုရင်လည်း မဏိပူဘက်က ထွက်ပြေးလာတဲ့ သူတွေကို ကူညီရတဲ့အခါကျတော့ (အကူအညီပေးရတာက) နှစ်ဆဖြစ်သွားတယ်လေ။ အဲ့ဒီအခါကျတော့ ကျနော်တို့ ဒီမှာရှိတဲ့သူတွေကို၊ အကူအညီကိုလည်း နည်းနည်း ခက်ခဲတာတွေ့တယ်။ မဏိပူဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မီဇိုး Community (လူမှုအသိုင်းအဝန်း) ဘက်ကတော့ သူတို့ရဲ့ သနားကူညီချင်စိတ်က မလျော့ပေမဲ့လည်း သူတို့လက်ပေါ်မှာ၊ သူတို့ ပုခုံးပေါ်မှာ ထမ်းနေရတဲ့ ဝန်တွေက Double (နှစ်ဆ) ပုံစံဖြစ်လာတဲ့ အခါကျတော့ အနည်းနဲ့ အများထိခိုက်လာတယ်ဆိုတာကတော့ သိသိသာသာမြင်လာရတယ်။"

အခုဆိုရင် အိန္ဒိယမှာ ချင်း စစ်ရှောင်အရေအတွက်က ၇ သောင်းနီးပါး ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ မြန်မာပြည်ဘက်ကို ပြန်ဖို့ကလည်း နေ့စဥ်လိုလို စစ်တပ်က လေကြောင်းအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ဆင်ရေးတွေလုပ်နေလို့ ချင်းစစ်ရှောင်တွေအနေနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတာပါ။ မတူပီမြို့နယ်က စစ်ဘေးရှောင်လာတဲ့ ဦးတာမှန်းကတော့ အိန္ဒိယမှာ အခက်အခဲတွေ ကြုံရတာမှန်ပေမယ့် မြန်မာစစ်တပ် အောက်မှာ နေရတာထက်တော့ ပိုကောင်းတယ်လို့ ပြောပါတယ်။

“ဟိုဘက်မှာ နေရတာထက်တော့ ဒီမှာ အေးအေးဆေးဆေးနေရတာ ပိုကောင်းပါတယ်။ ဟိုဘက်မှာ နေရတာကတော့ စိတ်လည်းပင်ပန်းတယ်။ ညလည်း မအိပ် နိုင်ဘူး။ အစားအသောက်လည်း ကောင်းကောင်းမစားနိုင်ဘူး။ ကျနော်တို့ နိုင်ငံက စစ်တပ်မရှိရင်တော့ ကောင်းမှာ။”

ဦးတာမှန်းက သူ့ရွာကို စစ်ကောင်စီ တပ်ဝင်ပြီး ရွာသား (၁၀) ယောက်ကို သတ်သွားတဲ့ဖြစ်စဥ် ကြုံရအပြီးမှာ ထွက်ပြေးခဲ့ရသူပါ။ တဖက်မှာလည်း အိန္ဒိဘဘက်မှာ နှစ်ကြာလာတာအပြင် မဏိပူအရေးကလည်းဖြစ်တော့ အကူအညီတခုတည်းအပေါ် မှီခိုနေရတဲ့ဒုက္ခသည်တွေအတွက် အစစ အရာရာ ရှားပါးကျပ်တည်းလာတယ်လို့ ဆိုပါတယ်။

"အစက ရောက်တုန်းကတော့ မုန့်ဖိုးတွေက လာတော့လာတယ်။ ကိုဗစ်နဲ့ ဘာနဲ့ ဆိုတော့ ဟင်းတွေ ဆန်တွေတော့ ပေးပါတယ်။ ဒါပေမဲ့ တနှစ်အတွင်းတော့ ပေးတယ်။ အခုက ၃ နှစ်နီးပါး ကြာလာပြီဆိုပြီးမှ အခုချိန်က အခက်အခဲတခုက မဏိပူဘက်မှာ အရေးအခင်းပြန်ရှိလို့ အဲ့ဒါနဲ့ ဟိုဘက်မှာလည်း ပံ့ပိုး၊ ဒီဘက်မှာလည်း ပံ့ပိုးနဲ့ အထက်ကကူနေရတော့ ဒီနှစ်ကတော့ ကျနော်က အဆင် သိပ်မပြေတော့ဘူး။ အိန္ဒိယအစိုးရက ဆိုင်လည်းမရောင်းနဲ့၊ ပြီးတော့ စီးပွားရေးလည်း မလုပ်နဲ့၊ မွေးမြူရေးကလည်း မလုပ်နဲ့၊ လိုင်စင်ရမှပဲလုပ်လို့ ရမယ်လို့ ပြောတယ်။ လိုင်စင်လည်း မရဘူး။ မှတ်ပုံတင် Identity Card လုပ်လို့ မရဘူးတဲ့။"

ချင်းပြည်နယ်ကလာတဲ့ စစ်ရှောင်အရေအတွက်က မီဇိုရမ်ပြည်နယ်တခုထဲမှာတင် လေးသောင်းကျော်လောက်ရှိမယ်လို့ မီဇိုရမ် ပြည်နယ် အစိုးရဘက်က ခန့်မှန်းပါတယ်။ အဲဒီမှာတင် ဒုက္ခသည်စခန်း Camp Shelter ပုံစံလုပ်ထားတာက ၉၀ ကျော် ၁၀၀ လောက်ရှိမယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အာဏာဖီဆန်ရေး CDM လုပ်ခဲ့လို့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကျောင်းဆရာမ ဒေါ်အန်တီက မဏိပူ ပဋိပက္ခနောက်ပိုင်း ကြုံတွေ့နေရတာတွေကို ဗွီအိုအေကို အခုလို ပြောပါတယ်။

“မဏိပူဘက်မှာ ဖြစ်သွားခဲ့တဲ့ ပြဿနာတွေကြောင့်ပေါ့နော်၊ အရင်က NGO ကနေ ၃ လ တကြိမ်လောက် ထောက်ပံ့ပေးနေတာကနေ ဆန်တွေပေါ့နော် ထောက်ပံ့တာတွေရှိတယ်။ ဒါပေမဲ့ အဲ့ဒီပြဿနာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ NGO ဘကကနေ ထောက်ပံ့တာတွေက မရှိတော့ဘူး။ ပြီးတော့ နောက်တခုက ခရီးသွားလာရေးမှာလည်း အခက်အခဲတွေတွေ့ရတယ်။ ပြီးရင် လူမျိုးရေးခွဲခြား ဆက်ဆံတာတွေလည်း ကြုံတွေ့ခဲ့ရတယ်။ ဈေးဝယ်တာတွေ နောက်တခု အပြင်ကို သွားတဲ့ အခါမှာပဲ ဖြစ်ဖြစ် လူမျိုးရေးခွဲခြားဆက်ဆံတယ်ဆိုတာက နင်တို့က ဒုက္ခသည်တွေဖြစ်တယ်။ စစ်ဘေးရှောင်တာကနေ ဟိုဘက်ကနေ ဒီဘက်ကို လာတာဖြစ်တယ်။ ဆိုပြီးတော့နော် ခွဲခြား ဆက်ဆံမှုတွေရှိတယ်။ အဲ့ပြဿနာ ဖြစ်တဲ့အခါမှာ လူသတ်မှုအထိ ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် ကူကီးချင်းတွေကလည်း ပြေးရတယ်။ တယောက်နဲ့ တယောက် ဘယ်က အဖွဲ့အစည်းလဲ၊ မျိုးရိုးလိုက်ပေါ့နော် သူတို့က စစ်ပြီးတော့ တားမြစ်တာတွေရှိတယ်။"

ပြည်နယ်အစိုးရက ကလေးတွေကို ဒေသခံ ကျောင်းတွေမှာ တက်ရောက် ပညာသင်ယူခွင့်ပေးထားတာက ကောင်းပေမယ့် ထောက်ပံ့မှုတွေ အားနည်းလို့ အကျိုးထိရောက်မှုကတော့ သိပ်မရှိလှဘူးလို့လည်း ဆရာမ ဒေါ်အန်တီက ထောက်ပြပါတယ်။

“ပညာရေးမှာလည်း အခက်အခဲတွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘာသာစကားမရတဲ့ အခါကျတော့ မိဇိုးကျောင်းမှာ ကိုယ့်ကလေးတွေကို ကျောင်းထားတယ်ပေါ့နော်။ စကားမရတဲ့ အခါမှာ သူတို့ စာသင်တာက ထိရောက်မှု မရှိတော့ဘူး။ အခု စစ်ဘေးရှောင်တဲ့ Camp (စခန်း) တွေမှာ ကျောင်းတက်ခိုင်းတယ်။ ကျောင်းတက်ခိုင်းတဲ့ အခါမှာ မိဘကလည်း မထားနိုင်ဘူး။ ဘာလို့လည်း ဆိုတော့ အလုပ်အကိုင်ကလည်း မရှိတဲ့အခါကျတော့ ကျောင်းတက်ဖို့ အခြေအနေ မပေးနိုင်ဘူးပေါ့။”

ဒုက္ခသည်တွေဟာ တရားဝင်အနေနဲ့ဆိုရင် စိုက်ပျိုး၊ မွေးမြူရေးလုပ်တာ၊ စီးပွားလုပ်တာ၊ ဆိုင်ဖွင့်ရောင်းတာ လုံးဝ တားမြစ်ထားပြီး တချို့ပဲ နားလည်မှုနဲ့ လုပ်ခွင့်ရနေတာပါ။ ချင်းပြည်နယ်ကလာသူတွေကို အဓိက လက်ခံထားတဲ့ မီဇိုး အသိုင်းအဝန်းနဲ့ မီဇိုရမ် အစိုးရဘက်က ဘာသာရေးအရ၊ လူမျိုးရေးအရ ညီအစ်ကို မောင်နှမစိတ်ဓာတ်နဲ့ အတတ်နိုင်ဆုံး စားစရာ၊ နေစရာ ဖန်တီးပေးထားပေမယ့် ရေရှည်မှာတော့ ဒီအတိုင်းသွားဖို့ မဖြစ်နိုင်ဘူးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဒါရိုက်တာ တဦးဖြစ်သူ ဆလိုင်းဗန်ဗျက်က ပြောပါတယ်။

"မီဇိုရမ် အစိုးရပဲဖြစ်ဖြစ်၊ အိန္ဒိယအစိုးရပဲဖြစ်ဖြစ် ဒီမြန်မာပြည်အခြေအနေ မကောင်းခင်မှာတော့ ကျနော်တို့ကို ဒီထဲမှာ လွတ်လွတ်လပ်လပ် နေပိုင်ခွင့်ပေးစေချင်တယ်။ Western Border (အနောက်ပိုင်း နယ်စပ်) ဘက်က အဖြစ်အပျက်တွေကို နိုင်ငံတကာကိုချပြဖို့ အများကြီး လိုနေသေးတယ်။ Advocacy (စည်းရုံးလှုံ့ဆော်မှု) လုပ်တဲ့အပိုင်းမှာလည်း တော်တော်အားနည်းနေသေးတယ်။ လူသားချင်းစာနာမှု အထောက်အပံ့လည်း အများကြီးလို နေသေးတယ်။ Local Level (ဒေသတွင်း)နဲ့ ဒီဟာတွေကို တွန်းဖို့ဆိုတာ တော်တော်ခက်ပါတယ်၊ အင်အားလည်း မရှိဘူး။ ဒါကြောင့် နိုင်ငံတကာ အစိုးရပဲဖြစ်ဖြစ်၊ နိုင်ငံတကာ အဖွဲ့အစည်းကပဲဖြစ်ဖြစ် ဒီဟာမျိုးကို Action (အရေးယူ ဆောင်ရွက်မှု တခုခု) ယူနိုင်အောင် မြန်မြန်အားထုတ်ပေးဖို့တော့ ကျနော်တို့ဘက်ကတော့ ပြောချင်တယ်။"

ဒါပေမယ့် အိန္ဒိယအစိုးရရဲ့ လုပ်ဆောင်ပုံတွေအရ အခုထိ ဒုက္ခသည်တွေကို လုံလုံခြုံခြုံနဲ့ နေခွင့်ပြုထားတယ်ဆိုတဲ့ အတိုင်းအတာကိုကြည့်ရင် အပြုသဘောဆောင်တယ်လို့ ဆလိုင်းဗန်ဗျက်က ရှုမြင်ပါတယ်။ ဒါပေမယ့် အိန္ဒိယအစိုးရအနေနဲ့ ဒီထက်မက ပိုလုပ်ပေးနိုင်မယ်လို့ ယူဆပြီး နောက်ကွယ်မှာလည်း မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်ဖို့ ကြိုးစားတာတွေ ရှိဖို့မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

အသက်အန္တရာယ် လုံခြုံမှုကင်းမဲ့လို့ အိုးအိမ်တွေ စွန့်ပြီး ထွက်ပြေးလာရတဲ့ ချင်းလူထုဟာ အိန္ဒိယဘက်မှာလည်း အကာအကွယ်မဲ့ မဖြစ်ရဖို့ လိုလားနေကြတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း မြို့တော်ဒေလီမှာပဲ အဓိက ရှိပြီး နယ်စပ်က အရေးကိစ္စတွေ ဖြေရှင်းပေးနိုင်ဖို့ အလှမ်းဝေးနေတယ်လို့ ချင်းဒုက္ခသည်တွေက ပြောပါတယ်။ CDM တဦးဖြစ်တဲ့ ဦးယုန်ထန်းကတော့ အမေ့ခံ သူတို့ရဲ့ ဘဝတွေအတွက် ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေနဲ့ အိန္ဒိယအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကြားဝင် တောင်းဆိုညှိနှိုင်းတာတွေ လုပ်ပေးဖို့ မျှော်လင့်နေပါတယ်။

"ဖြစ်နိုင်ရင် NUG အနေနဲ့ ကျနော်တို့ ဒုက္ခသည်တွေအတွက်သော်လည်းကောင်း၊ သို့မဟုတ် နယ်မြေလုံခြုံရေးအရ နေထိုင်ခွင့်သော်လည်းကောင်း အားလုံးကို NUG အနေနဲ့ တရားဝင် ကျနော်တို့ကိုယ်စား ရပ်တည်ပေးပြီးတော့ သံတမန်ရေးရာ ဆိုင်ရာပဲဖြစ်ဖြစ် ဆက်သွယ်ပေးမယ်၊ သူတို့နဲ့ ချိတ်ဆက်ပေးမယ် ဆိုရင် ကောင်းမယ်လို့ ကျနော်မြင်တယ်။"

NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ အနှစ်ချုပ်အစီရင်ခံစာတွေမှာတော့ ထောက်ပံ့မှုအများဆုံး ပြုလုပ်တဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ် ပါဝင်တာကို တွေ့ရသလို ပြီးခဲ့တဲ့ မေလ မိုခါမုန်တိုင်းအပြီးမှာလည်း NUG ဆီက အထောက်အပံ့တချို့ ရဖူးကြောင်း ချင်းဒုက္ခသည်တွေက ဗွီအိုအေကို ပြောပါတယ်။

အခုလို ကိုယ်မွေးဖွားရာ ကိုယ့်ရပ်ရွာကနေ စစ်ဘေးကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတဲ့ မြန်မာပြည် အနောက်ခြမ်းက ချင်းတိုင်းရင်းသားတွေဟာ စစ်ဘေးအပူပေါ်မှာမှ ရောက်ရှိ ခိုလှုံရာဒေသမှာပါ ပဋိပက္ခနဲ့ အကူအညီ အထောက်အပံ့ အားနည်းမှုဒဏ်ကိုပါ ထပ်တိုးပြီး ခံစားနေရလို့ ပြေးစရာမြေမရှိတော့တဲ့ ဘဝတွေအတွက် အကာအကွယ်တွေရဖို့ အတွက် မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG