ICJ မှာ မြန်မာ အမှုဖွင့်ခံရခြင်းက တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် အရေးကြီးတဲ့ အဆင့်ဖြစ်

(Zawgyi/Unicode)

ရိုဟင်ဂျာတွေ အပေါ် မျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာ အမှုဖွင့်ခံရမှုက တာဝန်ယူမှု တာဝန်ခံမှု အတွက် အရေးကြီးတဲ့ အဆင့်တရပ် ဖြစ်တယ်လို့ ကမ္ဘာတလွှား ဒုက္ခသည်တွေ အရေး မြှင့်တင်ဆောင်ရွက်နေတဲ့ Refugees International က ပြောဆိုပါတယ်။ ICJ မှာ မြန်မာ တိုင်ကြားခံရမှုက ရိုဟင်ဂျာ အရေး ဖြေရှင်းတဲ့ နေရာမှာ တကယ်ရော ထိရောက်မှု ရှိလာနိုင်မလားဆိုတာကို Refugees International နဲ့ ဆက်သွယ်မေးမြန်းပြီး မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ စာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ တိုင်ကြားထားတဲ့ ဂမ်ဘီယာနိုင်ငံက ဒီအမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပထမဆုံး တရားရုံးမှာ ထွက်ဆိုမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံး ICJ မှာ ရိုဟင်ဂျာတွေ အရေးနဲ့ ပတ်သက်ပြီး အခုလို တရားဥပဒေကြောင်း အရ ဆောင်ရွက်လာနိုင်တာဟာဆိုရင် တာဝန်ယူမှု တာဝန်ခံမှု အတွက် သိပ်ကို အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ Refugees International အဖွဲ့ကြီး လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ Daniel Sullivan က သုံးသပ်ပါတယ်။

“နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အမှုဖွင့်တဲ့ ကိစ္စက တာဝန်ယူမှု တာဝန်ခံမှု အတွက် သိပ်ပြီး အရေးကြီးတဲ့ အဆင့်တရပ် ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘက်ကလည်း ဒီအမှုရဲ့ ထူးခြားမှုကို အသိအမှတ်ပြုပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်တုန်းက ကျနော် ဘင်္ဂလားဒေရှ့်ကို သွားပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ပြီး စကားပြောခဲ့ပါတယ်။ ဒီအမှုကို ဆက်လက် လုပ်ဆောင်နေတာကိုရော အပြီးသတ် ဆုံးဖြတ်ချက် တခု ကျလာဖို့ နှစ်နဲ့ချီ ကြာနိုင်တာကိုရော သူတို့ ကောင်းကောင်း သိထားကြပါတယ်။ ဒါ့အပြင် ဒီအမှုအပေါ် အာရုံစိုက်မှုတွေ ရှိလာတာကိုရော၊ ရိုဟင်ဂျာတွေ အပေါ် မြန်မာအစိုးရဘက်က ဖိနှိပ်မှုတွေ ရပ်တန့်ပြီး သက်သေ အထောက်အထားတွေကို ဖျက်စီးပစ်မယ့် အရေးကနေ ကာကွယ်ပေးမယ့် ကြားကာလ ဆောင်ရွက်ချက်တွေကို ICJ ဘက်က ချမှတ်လာနိုင်တဲ့ အလားအလာ ရှိနေတာကိုလည်း သူတို့ သိရှိထားကြပါတယ်။ ဒီလို ဆောင်ရွက်ချက်တွေက ပိုပြီး ထိထိရောက်ရောက်နဲ့ ရှေ့ဆက် ဆောင်ရွက်လာနိုင်မယ်၊ ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်ဖို့ အတားအဆီး ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက လက်ရှိ အခြေအနေတွေကို ဖြေရှင်းရေးမှာ အထောက်အကူ ဖြစ်စေမယ့် ဖိအားနဲ့ အာရုံစိုက်မှု ပိုပြီး များလာနိုင်တာကိုလည်း သူတို့ သိရှိသဘောပေါက်ထားပါတယ်။”

မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမယ့်လည်း ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို ပြန်လက်ခံမယ်လို့ ပြောထားပါတယ်။ ဌာနေပြန်ရေး လုပ်ငန်းစဉ် မအောင်မြင်တဲ့ အပေါ်မှာလည်း ဘင်္ဂလားဒေရှ့်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကြောင့်လို့ မြန်မာဘက်က အပြစ်ဖို့သလို အခုနောက်ဆုံးမှာတော့ စစ်တပ်က ခုံရုံးဖွဲ့ပြီး ရခိုင်မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင် ပတ်သက်တယ်လို့ သံသယ ရှိထားသူ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးနေပါတယ်။ နိုင်ငံတကာ ဒုက္ခသည် အရေး မြှင့်တင်ဆောင်ရွက်နေတဲ့ Refugees International ကတော့ ပြည်တွင်းမှာ အရေးယူ ဆောင်ရွက်မှုတွေက ယုံကြည် အားထားဖွယ် မရှိဘူးလို့ ပြောပါတယ်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို သတင်းဖော်ထုတ်တဲ့ ရိုက်တာ သတင်းထောက်တွေ ထောင်ချခံရမှုက ပြစ်မှု ကျူးလွန်တဲ့ စစ်သားတွေထက် ပိုကြာခဲ့တယ်လို့လည်း ထောက်ပြပါတယ်။ နောက် ပြစ်မှုကျူးလွန်တဲ့ အထောက်အထားတွေ အများအပြား ရှိပေမယ့် အရေးယူ ဆောင်ရွက်မှုက မဖြစ်စလောက်သာ ရှိနေတာလို့ ပြောဆိုပြီး တာဝန်ယူမှု တာဝန်ခံမှုအတွက် နိုင်ငံတကာက လွတ်လပ်တဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ပိုပြီး အားထားရမယ်လို့ ယူဆတဲ့ အကြောင်းလည်း Daniel Sullivan က ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မြန်မာနိုင်ငံတွင်းက လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ တိုက်တွန်းပါတယ်။

“မြန်မာနိုင်ငံတွင်းက အခက်အခဲတွေ၊ ရိုဟင်ဂျာတွေ အပေါ် လက်မခံနိုင်တဲ့ သဘောထားတွေက နှစ်နဲ့ချီ ရှိနေတာကို အပြည့်အ၀ နားလည်ပါတယ်။ အစိုးရမှာရော နိုင်ငံရဲ့ စီးပွားရေးမှာပါ စစ်တပ်က အကြီးအကျယ် သြဇာလွှမ်းမိုးထားတာကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် က သြဇာအာဏာ မရှိသူ မဟုတ်ပါဘူး။ စစ်တပ် အတွက် ရပ်တည် မပေးနိုင်လည်း ပြသနာ မရှိပါဘူး။ ဘယ်လိုမှ ငြင်းလို့ မရနိုင်တဲ့ တကယ့် ရာဇဝတ်မှုတွေဖြစ်တဲ့ ကိစ္စရပ် အပေါ်မှာ စစ်တပ်ကို ကာကွယ်ဖို့ လုပ်တာက သူမရဲ့ ပြဿနာ ဖြစ်ပါတယ်။ စစ်တပ်ကို ကာကွယ်ပေးဖို့ The Hague သွားတာက ထင်ရှားတဲ့ ဥပမာ ဖြစ်ပါတယ်။ သူမ အနေနဲ့ အားလုံးကို ဖြေရှင်း မပေးနိုင်တဲ့ ခက်ခဲတဲ့ အနေအထားဆိုတာကို ကျနော် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း အနည်းဆုံးတော့ သူမ အနေနဲ့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေနဲ့ တခြားသော တိုင်းရင်းသား လူနည်းစုတွေရဲ့ အခြေအနေတွေ ဆိုးရွားမသွားမယ့် အခြေအနေမျိုးလောက်တော့ ဆောင်ရွက်ပေးနိုင်ပါတယ်။”

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု ICJ အမှုမှာ မြန်မာ ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားတာပါ။ ICJ မှာ တရားရင်ဆိုင်ရတဲ့ အမှုတွေမှာ နိုင်ငံခြားရေး ဝန်ကြီးတွေက တာဝန်ယူလေ့ မရှိပေမယ်လို့ အခု မြန်မာနိုင်ငံရဲ့ အမှုမှာတော့ နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ ကိုယ်စားလှယ် အဖြစ် ခန့်အပ်တာလို့ မြန်မာ အစိုးရက ရှင်းလင်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က The Heague ကို ရောက်ရှိနေပြီဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ မြန်မာဘက်က ထွက်ဆိုချက်ပေးမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ICJ မှာ မြန်မာ အမှုဖွင့်ခံရခြင်းက တာဝန်ယူမှု၊ တာဝန်ခံမှုအတွက် အရေးကြီးတဲ့ အဆင့်ဖြစ်


.......................


(Unicode)








