(Zawgyi / Unicode)
နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက်ပိုင်း နေပြည်တော်ကနေ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အပေါ် နိုင်ငံတကာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းခြင်းအားဖြင့် မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ၊ အစိုးရရဲ့ သဘောထားကို ကမ္ဘာက သိရှိခွင့်ရမယ့် အနေအထားအဖြစ်လည်း အကဲခတ်တွေက ရှုမြင်ပါတယ်။ ရခိုင်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ဘက်က လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေအပေါ် တရားမျှတမှု ရနိုင်တော့မယ့် အလားအလာကောင်းအဖြစ်လည်း လူ့အခွင့်အရေး အဖွဲ့တွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ OIC နိုင်ငံတွေရဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကြားနာစစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ဒီကနေ့ ဒီဇင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ နေပြည်တော်ကနေ နယ်သာလန်နိုင်ငံကို စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ အင်္ဂါနေ့မှာတော့ နယ်သာလန်နိုင်ငံ The Hague က နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားထားတဲ့အမှုကို စတင်ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အပေါ် အစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ပြန်လည်လျှောက်လဲမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ အပြန်အလှန် လျှောက်လဲကြမှာ ဖြစ်ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံး (ICJ) မှာ ရင်ဆိုင်ဖြေရှင်းမယ့် ကိစ္စရပ်အပေါ်မှာတော့ ကမ္ဘာက စိတ်ဝင်စားနေတဲ့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တွေအပေါ် နိုင်ငံတကာကို ရှင်းပြနိုင်မယ့် သူမအနေနဲ့ လျှောက်လဲချက်ပေးနိုင်မယ့် အနေအထား ဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ် သတင်းစာဆရာ ဦးဇေယျသူက ရှုမြင်ပါတယ်။
“လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင်အနေနဲ့ကတော့ သူ့လက်ထက်မှာ ဖြစ်သွားတာဆိုတော့ သူက ရှင်းရမှာပေါ့လေ။ ကိုယ်စားလှယ် လွှတ်မနေဘဲ သူကိုယ်တိုင်သွားတာဆိုတော့ ရင်ဆိုင်ရဲတယ် ဆိုတဲ့ဟာလည်း ပေါ်တာပေါ့။ နိုင်ငံတကာ စင်မြင့်မှာက ကျနော်မှတ်မိသလောက် ဒေါ်အောင်ဆန်းစုကြည်က ဒီလောက် ကြီးကြီးမားမား တေ့တေ့ဆိုင်ဆိုင် မရှင်းပြရသေးဘူးပေါ့။ ဆိုတော့ ဒါ ပထမဆုံးအကြိမ် ကျနော့်အမြင်တော့ ဒီလောက်ကြီးတဲ့ စင်မြင့်ပေါ့လေ သွားရှင်းပြတာ ဖြစ်တယ်။ ဟိုဘက်ကတော့ အပြန်အလှန် ကြားနာကြမှာ ဆိုတော့လေ။ ရလဒ် ဘယ်လောက်ထွက်မလဲ ဆိုတာတော့ အချိန်တွေက ကြာဦးမှာလေ။ သုံးလေးငါးနှစ် ကြာရင်ကြာမယ်၊ ဆယ်နှစ်ကြာရင် ကြာမယ်။ ဒါပေမယ့် လောလောဆယ်ကတော့ သူ့အနေနဲ့ နိုင်ငံအကြီးအကဲတယောက် အနေနဲ့ ကိုယ့်နိုင်ငံရဲ့ ရပ်တည်ချက်ပေါ့လေ။ ဘာတွေ ဖြစ်သွားသလဲဆိုတာ မြန်မာပြည် နိုင်ငံအစိုးရ ရှုထောင့်ကနေ ပထမဆုံး ကြီးကြီးကျယ်ကျယ် သွားပြီးတော့ တင်ပြတာဖြစ်တယ်။”
လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအပေါ် စွဲချက်တင်မှုကို ကြိုဆိုထောက်ခံကြောင်း လူထုအခြေပြု ကရင်အမျိုးသမီးများကွန်ရက်က ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ ဒီလို နိုင်ငံတကာခုံရုံးမှာ တရားဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်မှုဟာ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူမဆန်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ပြီး တရားမျှတမှုကို ဆောင်ကြဉ်းနိုင်မယ့် အလားအလာကောင်းအဖြစ် ကရင်အမျိုးသမီးများကွန်ရက် ဒုဥက္ကဋ္ဌ နော်လားရှီးထူးက မျှော်လင့်ပါတယ်။
“မတရားခံရတဲ့လူတွေ အတွက်လည်း ကျမတို့က တရားမျှတမှုကို ပြန်လိုချင်တယ်။ အဲဒီအတွက် ကျမတို့ရဲ့ အဓိက ရည်ရွယ်ချက်တခုဖြစ်တယ်။ နောက်ပြီးတော့ ကျမတို့ တိုင်းရင်းသားဒေသမှာ အခုဆို တိုင်းရင်းသားလူမျိုးတွေက တော်တော်များများ နည်းပေါင်းစုံနဲ့ ဆယ်စုနှစ်မကဘူး ကြာခဲ့ပြီ ဖိနှိပ်ညှဉ်းဆဲခံရတယ်။ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ လူသားတွေရဲ့ လွတ်လပ်ခွင့်တွေ၊ လူ့ဂုဏ်သိက္ခာတွေ ဆုံးရှုံးနေရတယ်။ အဲဒီအတွက်ကြောင့် ကျမတို့က ဒီအရာတွေကို တရားမျှတပြီးတော့ ညီညီမျှမျှ ပြန်ဖြစ်စေချင်တယ်။ အဲဒီအတွက် ကျမတို့က ဒီ ICJ ကို ထောက်ခံရခြင်းဖြစ်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းမယ့် ကိစ္စအပေါ်မှာတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ တိုင်းရင်းသား လက်နက်ကိုင်တွေ အပါအဝင် သူမနဲ့အတူ ထောက်ခံသူတွေရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုရဖို့ လိုလားသူတွေရော အမြင်သဘောထား ရပ်တည်မှုတွေ မျိုးစုံရှိနေတဲ့အချိန် ဖြစ်ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဖွဲ့ကို ဦးဆောင်သွားမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ လိုက်ပါသွားကြတာ ဖြစ်ပါတယ်။
-------------------------------------
(Unicode)