COVID-19 ကာကွယ်ရေး ပါးစပ်၊ နှားခေါင်းစည်းတပ်ဖို့ လိုအပ်လာမူ

  • ဝင်းမင်း

COVID-19 အန္တရာယ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ပြီး စားစရာအလှူစောင့်နေသည့် ဆိုက်ကားဆရာတဦး။ (ရန်ကုန်၊ ဧပြီ ၇၊ ၂၀၂၀)

Your browser doesn’t support HTML5

ပါးစပ်၊ နှားခေါင်းစည်းတပ်ဖို့ လိုအပ်လာမူ

COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံမှာ ကူးစက်သူနဲ့သေဆုံးသူ တဖြည်းဖြည်း တိုးတွေ့လာချိန်မှာ၊ ပြင်းထန်နေတဲ့ အမေရိကန်မှာတော့ လူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဖို့ ပြောင်းလဲပြောလာနေပါတယ်။

အစောပိုင်းမှာတော့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုယ်တိုင် ဒီရောဂါလက္ခဏာရှိသူနဲ့ ဒီရောဂါရှိသူကို အနီးကပ် ပြုစုပေးရသူတွေသာ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်သင့်ကြောင်း ပြောခဲ့ရာကနေ၊ အခုတော့ အမေရိကန်တိုင်း အိမ်ပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဖို့၊ CDC အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနက ပြောင်းလဲတိုက်တွန်းလာပါတယ်။

အခုလိုပြောင်းလာရခြင်းက ရောဂါလက္ခဏာမပေါ်ဘဲ၊ လူကောင်းလို သွားလာနေသူတွေအနေနဲ့ တခြားသူတွေကို ကူးစက်နိုင်မူများလာတာကို တွေ့လာတာကြာင့်၊ တစ်ဦးနဲ့တစ်ဦး နှစ်ဖက်အပြန်အလှန် မကူးစက်မိရအာင် နှာခေါင်းစည်းနဲ့ ကာထားဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေချောင်းဆိုး၊ နှာချေရာကနေ၊ ဒီ ဗိုင်းရပ်စ်ပါတဲ့ ကြီးမားတဲအမှုန်တွေက (၆) ပေ အတွင်းမြေကိုထိုး ကျသွားပေမယ့်၊ သေးငယ်လွန်းတဲ့ အမှုန်တွေကတော့၊ အဝေးကို ပေ (၂၀) ခန့်အထိရောက်နိုင်ပြီး၊ လေထဲမှာလည်း (၃) နာရီခန့်ကြာ သက်ရှင်ဝဲနေနိုင်ကြောင်း တွေ့ရှိချက်သစ်တွေ ထွက်လာတာကြောင့်လည်း၊ အခုလို ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဖို့လိုလာတာပါ။

အခုလို လိုအပ်လာတဲ့ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ရာမှာ၊ ဆေးရုံသုံး အဆင့်မြင့် N-95 နှာခေါင်းစည်းနဲ့ ပုံမှန်နှာခေါင်းစည်း (Surgical Mask) တွေ ရှားပါးနေချိန်တွင်း ပြည်သူတွေအနေနဲ့ အိမ်မှာချုပ်ယူနိုင်တဲ့ အဝတ်နှာခေါင်းစည်း (Cloth Mask) တွေကို အပြင်သွားရာမှာ၊ ဈေးသွားရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သုံးတဲ့အဝတ်က ပါးပါးလေးမဟုတ်ဘဲ၊ ပိုးကိုကာကွယ်နိုင်အောင် အနည်းငယ်ထူဖို့လိုပါတယ်။

ဘယ်လိုအမျိုးအစား ပါးစပ်နှင့်နှာခေါင်းစည်း သုံးသည်ဖြစ်စေ အရေးကြီးတာက အထူးသတိထားပြီး စနစ်တကျ တပ်ဖို့၊ ဖြုတ်ဖို့ပါ။ ပါးစပ်နှင့်နှာခေါင်းစည်းကို မကိုင်ခင်မှာ လက်ကို စင်ကြယ်အောင် သေသေချာချာ (ဆပ်ပြာနဲ့ရေနဲ့ စက္ကန့် ၂၀ ကြာ) ဆေးကြောဖို့ အရေးကြီးပါတယ်။ ပြီးမှ ပါးစပ်နှင့်နှာခေါင်းစည်း ကြိုးကနေသာ ကိုင်တွယ်ပြီး၊ အတွင်းဖက် (အဖြူရောင်ဖက်)၊ အပြင်ဖက် (အပြာ၊အစိမ်း စတဲ့အရောင်ရှိတဲ့ဖက်) မှန်အောင်တပ်ဖို့ လိုပါတယ်။ ဒါ့အပြင် နှာခေါင်းအပေါ်နားက ပါးစပ်နှင့်နှာခေါင်းစည်း အမာတန်းလေးကို လက်နဲ့ အသာအယာဖိလိုက်ပြီး၊ နှာခေါင်းနဲ့ပါးစပ်ကို လုံအောင်ဖုံးကာ၊ မေးစေ့အောက်ထိ ဆွဲချထားပြီး၊ မျက်နှာကို အသေအချာဖုံးနေအောင် ထားဖို့လည်း အရေးကြီးပါတယ်။

ပါးစပ်နှင့်နှာခေါင်းစည်း အသုံးပြုပြီး ပြန်ဖြုတ်ရာမှာလည်း၊ ပိုးတွယ်နေနိုင်တဲ့ အပြင်ဖက်ကို လုံးဝမထိဘဲ၊ နားမှာချိတ်ထားတဲ့ ကြိုးကသာ ပြန်ကိုင်ဖို့နဲ့၊ ဖြုတ်ပြီးသွားလျှင်လည်း၊ လက်ကို အသေအချာပြန်ဆေးဖို့ အထူးအရေးကြီးပါတယ်။ ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ထားချိန်မှာလည်း ရှောင်ရန်တွေ အရေးတကြီး ရှိပါသေးတယ်။ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ထားရာကနေ စကားပြောဖို့ ပြန်ချွတ်တာ၊ ဓာတ်ပုံရိုက်ဖို့ ခဏပြန်ချွတ်တာနဲ့ ပြန်တပ်တာတွေ မလုပ်သင့်ပါဘူး။ ဒါ့အပြင် အခုလို ခဏချွတ်ရာထားရာမှာလည်း၊ မေးစေ့အောက်မှာ ချွတ်ထားတာ၊ နှာခေါင်းဖော်ထားတာ၊ နားတစ်ဖက်မှာ ချိတ်ထားတာ၊ နဖူးမှာ ချိတ်ထားတာ၊ လက်မောင်းမှာ သိုင်းထားတာ စတာတွေကိုလည်း လုံးဝမလုပ်သင့်ပါဘူး။

ဒါ့အပြင် သုံးပြီးချိန်၊ အိမ်ပြန်ရောက်ချိန်မှာလည်း သတိပြုစရာ ရှိပါသေးတယ်။ ပုံမှန်နှာခေါင်းစည်း (Surgical Mask) က တစ်ခါသုံးသာဖြစ်တာမို့၊ သုံးပြီးလျှင် ဖုံးကာထားတဲ့ အမှိုက်ပုံးထဲ ချက်ချင်း ပစ်လိုက်သင့်ပါတယ်။ အဝတ်နှာခေါင်းစည်းကတော့ ပြန်သုံးနိုင်တာမို့၊ သုံးပြီးပြီးချင်း ဆပ်ပြာနဲ့ သေသေချာချာ လျှော်ဖွတ်ပြီး၊ ခြောက်အောင် (ဖြစ်နိုင်လျှင် နေရောင်အောက်မှာ) လှန်းဖို့ အရေးကြီးပါတယ်။

နောက်ဆုံး အရေးကြီးတာတစ်ခုက၊ အခုလို ပါးစပ်နှင့်နှာခေါင်းစည်း တပ်တာကြောင့်၊ COVID-19 ကာကွယ်ရေးအတွက် အရင်အရေးပါဆုံး (၂) ခု ဖြစ်တဲ့ လက်စနစ်တကျဆေးတာနဲ့ လူချင်း (၆) ပေ ခပ်ခွာခွာနေတာ (social distance) ကိုလည်း မမေ့လိုက်ဖို့ အထူးအရေးကြီးနေပါတယ်။ ဒီရောဂါကူးစက်မူ များလာချိန်မှာ ဒီ (၃) ခုလုံးကို ပေါင်းလုပ်ဖို့ အထူးအရေးပါလာနေပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အဏုဇီဝဗေဒပညာရှင်၊ ဆေးတက္ကသိုလ် (၁) အဏုဇီဝဗေဒဌာန အငြိမ်းစားဌာနမှူးနဲ့ လက်ရှိ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာဒေါ်ကြည်ကြည်သင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

===Unicode==








