ကိုရိုနာဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါ (COVID-19)၊ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ် တဟုန်ထိုး ကူးစက်လာနေချိန်မှာ၊ မြန်မာနိုင်ငံကို ကူးစက်နိုင်ခြေအတွက်လည်း၊ ကမ္ဘာမှာ နောက်ဆုံးတွေ့ရှိထားတဲ့ အကောင်းဆုံး ကာကွယ်နည်းတွေကို ကြိုပြင်ထားသင့်ပါတယ်။ သို့မှသာ ကူးလာခဲ့လျှင်တောင် အခြားနိုင်ငံတချို့မှာလို ဆိုးဆိုးဝါးဝါး ဝုန်းကနဲ ထိန်းမနိုင်သိမ်းမရ အများကြီးကို မကူးစက်နိုင်မှာပါ။
အထိရောက်ဆုံး ကာကွယ်နည်းဖြစ်တဲ့ လက်ဆေးရာမှာ၊ ရေ၊ဆပ်ပြာနဲ့ ဆေးတာက လက်လူးဆေး (Hand Gel/ Hand Sanitizer) ထက်ပိုထိရောက်ရခြင်းက၊ လက်မှာကပ်နေတဲ့ ပိုးမွှားအားလုံးပါသွားပြီး ပိုကင်းစင်သွားစေလို့ပါ။ ရေ၊ဆပ်ပြာနဲ့ ဆေးကြောရာမှာ လက်နေရာအားလုံးနှံ့အောင် စက္ကန့် (၂၀) ကြာအထိ ရေဆေးချတာကြောင့်၊ လက်နေရာအားလုံးက ပိုးအမှုန်အမွှားတွေအကုန် ကွာကျသွားပါတယ်။ ဒါပေမဲ့ အရက်ပျံဆေးပါတဲ့ လက်လူးဆေး (Hand Gel) ကတော့ ပွတ်တာသာဖြစ်တဲ့အတွက်၊ ပိုးတချို့သေသွားနိုင်ပေမယ့် ပိုးအမှုန်အမွှားအားလုံး မသေသွားပါဘူး။
ရေ၊ ဆပ်ပြာနဲ့ စက္ကန့် (၂၀) ကြာဆေးရာမှာ အရေးကြီးတာက၊ ကလေးလက်ဆေးကဗျာမှာ ပါတဲ့အတိုင်း (လက်ဖဝါး၊ လက်ဖမိုး၊ လက်ဆစ်ချိုး၊ လက်ကြား၊ လက်မ မကျန်စေရ။ ကုတ်ပါ၊ ခြစ်ပါ၊ လက္ခဏာ၊ လက်ကောက်ဝတ်မှာ၊ အဆုံးသတ်ပါ။) လက်ဖဝါးတစ်ဖက်ကိုဖြန့်ပြီး နောက်လက်ဖဝါးတစ်ဖက်နဲ့ ကုတ်ခြစ်ရာမှာ လက္ခဏာအစင်းကြောင်းတွေကို လက်ချောင်းတွေနဲ့ အသေအချာထိဖို့ လိုပါတယ်၊ ဒါ့အပြင် လက်ချောင်းကြား၊ လက်သည်းကြားတွေလည်း မကျန်ဖို့ အရေးကြီးပါတယ်။ အလားတူ လက်ဖမိုးဖက်ကိုလည်း နောက်လက်တစ်ဖက်နဲ့ အလားတူ နှံ့အောင် ပွတ်တိုက်ဆေးကြောပြီး၊ လက်သီးပါဆုပ်ကာ ပတ်ပတ်လည် ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ ဒါ့အပြင် လက်မအပါအဝင် လက်တစ်ချောင်းချင်းကိုလည်း ပတ်ပတ်လည်ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ နောက်ဆုံးမှာ လက်ကောက်ဝတ်အထိ အလားတူ ဆေးကြောပေးသင့်ပါတယ်။
အခုလို လက်နေရာအနှံ့ ပွတ်တိုက်ဆေးကြောနေစဉ်မှာ ရေဘုံဘိုင်ကို ဖွင့်ချထားရပါမယ်။ ကျေးလက်ဒေသမှာလည်း နောက်တစ်ဦးက ဆက်တိုက်ရေလောင်းပေးထားရပါမယ်။ ဒါပေမဲ့ ရေဇလုံထဲ လက်စိမ်ဆေးတာမျိုး မဖြစ်သင့်ပါ၊ ဒီရေထဲမှာပဲ ပိုးဆက်ရှိနေနိုင်လို့ပါ။ လက်ဆေးပြီးလျှင်လည်း ဘုံဘိုင်ခေါင်းကို လက်ဖျားနဲ့မပိတ်ဘဲ၊ တံတောင်ဆစ်နဲ့ ပိတ်တာ၊ တစ်ခါသုံး တစ်ရူးစက္ကူအသစ်ခံပြီး ပိတ်တာမျိုး လုပ်သင့်ပါတယ်။ အခြားသူသုံးပြီးသား တစ်ရူးစက္ကူအဟောင်းကို မသုံးသင့်သလို၊ မိမိသုံးပြီးသား တစ်ရှုးစက္ကူကိုလည်း အမှိုက်ပုံးထဲ တန်းထည့်သင့်ပါတယ်။ သန့်ရှင်းရေးအလုပ်သမားတွေအနေနဲ့လည်း လက်အိပ်သုံးပြီး တစ်ရှုးစက္ကူနဲ့ အမှိုက်တွေကို သိမ်းဆည်းသင့်ပါတယ်။ လက်ဆေးပြီး စိုနေချိန်မှာလည်း တစ်ခါသုံးတစ်ရူးစက္ကူအသစ်နဲ့ သုတ်တာ (သို့မဟုတ်) လေထဲ အခြောက်ခံတာမျိုး လုပ်ပေးသင့်ပြီး၊ သဘက် (သိုမဟုတ်) လက်သုတ်ပဝါချိတ်ပြီး အားလုံးမျှ လက်သုတ်တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ဒီ သဘက်နဲ့ လက်သုတ်ပဝါကို တခြားသူတွေ သုံးထားပြီး ပိုးတွေရှိနေနိုင်လို့ပါ။
လက်လူးဆေး (Hand Gel) ကိုတော့ ရေ၊ဆပ်ပြာနဲ့ မဆေးနိုင်တဲ့ လမ်းသွားချိန်မျိုးမှာသာ သုံးသင့်ပါတယ်။ ဥပမာ၊ ဘတ်စကားစီးသွားချိန်မှာ သုံးသင့်ပါတယ်။ ဒီလက်လူးဆေးသုံးရာမှာလည်း အရက်ပျံ (Alcohol) ၇၀% ပါတာ ဖြစ်ဖို့ အရေးကြီးပါတယ်။
ခပ်ခွာခွာနေ လူမူဆက်ဆံရေး (Social Distancing) ကို အခုနောက်ပိုင်းမှာ နိုင်ငံတကာက စတင်ကျင့်သုံးလာနေပါတယ်။ အကြောင်းက တစ်ဦးနဲ့တစ်ဦး ပူးကပ်နေတာကြောင့်၊ နှာစေး၊ ချောင်းဆိုးတာကနေ (၆) ပေအတွင်း တိုက်ရိုက်ကူးနိုင်တာအပြင်၊ တစ်ဦးရဲ့ ချောင်းဆိုး၊နှာချေရည်တွေကို နောက်တစ်ဦးရဲ့ လက်ကတဆင့် ကူးစက်နိုင်ခြေများလွန်းလို့ပါ။ နှာစေး၊ ချောင်းဆိုးနေတာအတွက် (၆) ပေအကွာ ခွာနေသင့်ပြီး၊ သာမန်လက်ကတဆင့် (သို့မဟုတ်) အဝတ်အစားနဲ့ အခြားကြားခံပစ္စည်းတွေကတဆင့် ထိတွေ့ကူးစက်မိနိုင်တာတွေအတွက် အနည်းဆုံး (၃) ပေအကွာ (လက်တစ်ကမ်းအကွာခန့်) ခွာ နေသင့်ပါတယ်။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်တာလည်း အခုအချိန်မှာ ရပ်ဆိုင်းထားသင့်ပါတယ်။ လက်ဆွဲနှုတ်ဆက်တာကြောင့် မိမိလက်ထဲက ပိုးတွေကို အခြားသူလက်ထဲ ထည့်ပေးလိုက်သလို၊ အခြားသူလက်ထဲက ပိုးတွေကိုလည်း မိမိလက်နဲ့ ယူလိုက်ပြီးသား ဖြစ်နိုင်လို့ပါ။ အခုလို တစ်ဦးနဲ့တစ်ဦး အနီးကပ်ထိတွေ့မူနည်းအောင်လုပ်ရာမှာ လူစုလူဝေးနဲ့ လူမူရေးစုဆုံပွဲတွေ မလုပ်တာ၊ မသွားတာလည်း ပါဝင်ပါတယ်။ အကြောင်းက လူတွေစုပြီး ပူးကပ်နေတဲ့ ဗလီတွေ၊ ရုပ်ရှင်ရုံမျိုးတွေကနေ တခြားနိုင်ငံတချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မူ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့လို့ပါ။
အခုခေတ်မှာ တစ်ဦးနဲ့တစ်ဦး ပူးကပ်ပြီး လက်ကိုင်ဖုန်း ပြတာ၊ ဖတ်တာ၊ အတူတူဖုန်းပွတ်တာတွေ ရှိလာတာကြောင့်၊ ဒါမျိုးတွေကိုလည်း ဆက်မလုပ်သင့်တော့ပါဘူး။ လက်ကိုင်ဖုန်းကို လက်နဲ့ထိတွေ့တာများတာကြောင့် အရက်ပျံနဲ့ ပိုးသန့်စင်ပေးနိုင်ပေမယ့်၊ လက်ကိုင်ဖုန်းအပြင်၊ အများတကာလက်နဲ့ ထိထားတဲ့ တံခါးလက်ကိုင်တွေ၊ ဘတ်စကားလက်ကိုင်တန်းတွေ၊ လှေကားလက်ကိုင်တန်းတွေ၊ ပိုက်ဆံတွေကို ပိုးသန့်စင်ပစ်မယ့်အစား၊ ပိုအဓိကကျတဲ့ မိမိလက်ကို ဆေးကြောသန့်စင်တာက ပိုအရေးပါပါတယ်။ တကယ်တော့ တခြားသူတွေ ကိုင်ထားတာကို မိမိလက်နဲ့ထိတွေ့ပြီးလျှင်တောင်၊ မိမိမျက်နှာကို လက်နဲ့ပြန်မထိမိသေးလျှင် ဒီပိုးကူးဖို့ ခက်နေပါသေးတယ်။ ဒါကြောင့် တခြားသူတွေကိုင်ထားတာကို မိမိကိုင်မိပြီးလျှင်၊ မျက်နှာကို ချက်ချင်း ပြန်မကိုင်မိအောင် ကြိုးစားပြီး၊ မျက်နှာမဖြစ်မနေ ကိုင်ချင်လာချိန်မှာလည်း၊ လက်ကို ရေ၊ဆပ်ပြာ (သို့မဟုတ်) လက်လူးဆေး (Hand Gel) နဲ့ အရင် ဆေးလိုက်သင့်ပါတယ်။ ဒါတွေကြောင့် နောက်ဆုံးမှာတော့ တခြားသူတွေဆီကတဆင့်သာ ကူးစက်နိုင်တဲ့ ဒီရောဂါကနေ ကာကွယ်ဖို့၊ မိမိအိမ်သူအိမ်သားအားလုံး အိမ်အပြင်မထွက်ဘဲ နေနိုင်လျှင်တော့၊ ကူးစက်ခံရစရာအကြောင်း မရှိတော့ပါဘူး။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
===Unicode===