၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေရဲ့ ရွေးကောက်ပွဲများ

ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေထက်ဝက်နီးပါးရှိတဲ့ နိုင်ငံပေါင်း ၅၀ ကျော်က ခန့်မှန်းခြေ လူဦးရေ သန်း ၄,၀၀၀ လောက် ရွေးကောက်ပွဲတွေမှာ မဲပေးကြရဖို့ရှိနေပြီး ဒါဟာဖြင့် ကမ္ဘာတဝန်းဒီမိုကရေစီ အုပ်ချုပ်မှုတွေအတွက် ကြီးမားတဲ့စမ်းသပ်မှုတခုလည်း ဖြစ်ပါတယ်။ ဒီလို မဲပေးမှုတွေကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေက လာမယ့်နှစ်အတော်ကြာ ကမ္ဘာ့ နိုင်ငံရေးကို ပုံဖော်သွားနိုင်တဲ့အကြောင်း Henry Ridgwell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

Your browser doesn’t support HTML5

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေရဲ့ ရွေးကောက်ပွဲများ

ကမ္ဘာ့နိုင်ငံအတော်များများမှာ ဒီနှစ် ၂၀၂၄ ခုနှစ်ထဲ ရွေးကောက်ပွဲတွေကျင်းပဖို့ ရှိနေပြီး ဒီလ ၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတော့ ဒီနှစ်ထဲ ပထမဆုံးဖြစ်ပါတယ်။ အဲ့ဒီရွေးကောက်ပွဲမှာတော့ လက်ရှိဝန်ကြီးချုပ် Sheikh Hasina ကပဲ ၅ ကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ထပ်မံ ရွေးကောက် ခံခဲ့ရပါတယ်။

ထိုင်ဝမ်မှာတော့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမှာပါ။ ထိုင်ဝမ်ကျွန်းကို တရုတ်က အင်အားသုံး ပြန်သိမ်းယူနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုက ဒီရွေးကောက်ပွဲမှာ အဓိက လွှမ်းမိုးနေတဲ့အကြောင်းအရာဖြစ်နေပါတယ်။

ဒီလ ရွေးကောက်ပွဲဟာ ထိုင်ဝမ်အနာဂတ်အတွက်သာမက အင်ဒိုပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်ပါ ဆုံးဖြတ်ပေးမယ့် အနာဂတ် ခေါင်းဆောင်ကို ရွေးချယ်ရမှာဖြစ်တယ်လို့ လက်ရှိအာဏာရ Democratic Progressive Party က သမ္မတ ကိုယ်စားလှယ်လောင်း William Lai က ပြောပါတယ်။

“ထိုင်ဝမ် အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ခေါင်းဆောင်တွေကို ရွေးချယ်တာသာမက အင်ဒိုပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး အတွက်ပါ အဆုံးအဖြတ်ဖြစ်စေပါလိမ့်မယ်။ မဟုတ်ဘူးလား ဗျာ။”

လူဦးရေ ၂၇၇ သန်းရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာလည်း သမ္မတသစ်ရွေးချယ်ဖို့ ရှေ့လထဲ ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး ကမ္ဘာမှာ တနေ့တည်း လူဦးရေအများဆုံး မဲပေးကြမယ့် နေ့တနေ့ဖြစ်မှာပါ။

ပါကစ္စတန်မှာလည်း ဖေဖော်ဝါရီလထဲမှာပဲ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပပါလိမ့်မယ်။ အတိုက်အခံခေါင်းဆောင်၊ ဝန်ကြီးချုပ်ဟောင်း Imran Khan ကတော့ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပေါက်ကြားအောင်လုပ်မှုနဲ့ အကျဥ်းကျခံနေရပြီး သူကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

ရုရှားနိုင်ငံမှာတော့ လာမယ့်မတ်လထဲ သမ္မတရွေးကောက်ပွဲကျင်းပမှာပါ။ လက်ရှိအာဏာရ Vladimir Putin ပဲ ပြန် အရွေးခံရဖို့ သေချာသလောက်ရှိတယ်လို့ ဥရောပ ပြုပြင်ပြောင်းလဲရေးစင်တာ (Center for European Reform) က Ian Bond က ပြောပါတယ်။

“သူ့အပေါ် ထောက်ခံမဲ မရ ရအောင် လုပ်နိုင်မယ့် စီမံ အုပ်ချုပ်မှု ယန္တရား အားလုံးကို သူကပဲ ထိန်းချုပ်ထားတာပါ။ ဒါကြောင့် လာမယ့် ၆ နှစ်၊ ၂၀၃၀ ခုနှစ်လောက် အထိကတော့ ပူတင်ပဲ ဖြစ်လာမှာပါ။”

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယမှာလည်း လာမယ့်ဧပြီနဲ့မေလကြား လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဦးဆောင်တဲ့ BJP ပါတီက အများစု အနိုင်ရနိုင်ခြေ အလားအလာရှိနေပါတယ်။

အိန္ဒိယ နိုင်ငံရေးသတင်းထောက် Pushp Saraf က ခုလိုပြောပါတယ်။

“တိုင်းပြည်မှာ လတ်တလော ထင်မြင်ယူဆချက် နှစ်မျိုးရှိနေတာကြောင့် ဒီရွေးကောက်ပွဲတွေက အင်မတန်ကိုမှ အရေးပါတဲ့ရွေးကောက်ပွဲတွေ ဖြစ်ပါတယ်။ တခုက BJP ပါတီဟာ လူမှုအသိုင်းအဝိုင်းအတွင်း ကွဲပြားမှုတွေဖြစ်အောင်လုပ်နေတယ်လို့ ယူဆကြတာရှိသလို BJP ဟာ အမျိုးသားလုံခြုံရေးကို ပိုပြီး အာရုံစိုက် လုပ်ဆောင်နေတယ်ဆိုတဲ့ နောက်အယူအဆတခုလည်း ရှိနေပါတယ်။”

မက္ကဆီကိုနိုင်ငံမှာတော့ ဇွန်လ ၂ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး ဒီရွေးကောက်ပွဲက မက္ကဆီကိုအတွက် သမိုင်းမှတ်တိုင်သစ်တခုလည်း ဖြစ်လာနိုင်တယ်လို့ မက္ကဆီကိုရွေးကောက်ပွဲ သုံးသပ်သူတဦးဖြစ်တဲ့ Patricio Morelos က ပြောပါတယ်။

“အမျိုးသမီးတဦး ပထမဆုံးအကြိမ် မက္ကဆီကိုနိုင်ငံကို အုပ်ချုပ်လာနိုင်တဲ့ အလားအလာတွေရှိနေတာကြောင့် သမိုင်းဝင်ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါတယ်။”

လူဦးရေ သန်း ၅၀၀ ကျော်ကို ကိုယ်စားပြုတဲ့ EU ဥရောပသမဂ္ဂမှာလည်း လက်ယာယိမ်း အများကြိုက်ပါတီတွေကို ထောက်ခံမှုအားကောင်းနေချိန်၊ ဇွန်လထဲ လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေပါတယ်။

ဗြိတိန်မှာလည်း ဒီနှစ်မကုန်ခင် ရွေးကောက်ပွဲတွေ ကျင်းပပါလိမ့်မယ်။ ရွေးကောက်ပွဲအကြို စစ်တမ်းတွေမှာတော့ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Keir Starmer အနေနဲ့ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ ၁၄ နှစ်ကြာ ရုန်းရင်းဆန်ခတ် အုပ်ချုပ်မှုတွေကို အဆုံးသတ်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဖော်ပြကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ဒီနှစ် နိုဝင်ဘာလ ၅ ရက်နေ့ကျရင် သမ္မတရွေးကောက်ပွဲတွေ ကျင်းပမှာပါ။ လက်ရှိ ဒီမိုကရက်သမ္မတ Joe Biden ဒုတိယအကြိမ် ပြန်လည် အရွေးခံရမလား၊ ဒါမှမဟုတ် ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက Donald Trump ပဲ အရွေးခံရမလား ဆိုတာကိုတော့ အမေရိကန်ပြည်သူတွေက အဆုံးအဖြတ်ပေးရမှာပါ။ ဘယ်သူပဲ သမ္မတ ဖြစ်လာဖြစ်လာ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေကတော့ ရှိနေဦးမှာပါ။

လန်ဒန် Kings ကောလိပ်က ကမ္ဘာ့နိုင်ငံရေးရာ ပါမောက္ခ Anand Menon က ခုလိုပြောပါတယ်။

“ဥရောပ အရေးမှာဆိုရင်.. တကယ်လို့ Donald Trump သာ တက်လာရင်တော့ NATO မဟာမိတ်အဖွဲ့အတွက် ထိခိုက်စရာတွေ ခပ်မြန်မြန် ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိပါတယ်။”

ဒီနှစ် ၂၀၂၄ ခုနှစ်ကတော့ နိုင်ငံအသီးသီးက မဲဆန္ဒရှင်တွေ မကြုံစဖူးအတိုင်းအတာနဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်ပိုင်ခွင့်အာဏာ ကျင့်သုံးကြရမယ့် နှစ်တနှစ်ဖြစ်ပြီး ဒီလို မဲပေး ရွေးချယ်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်ကိုတော့ ဆယ်စုနှစ်တွေနဲ့ချီ ဆက်ခံစားကြရမှာ ဖြစ်ပါတယ်။