ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ပါတီက အနိုင်ရလိုက်တာကြောင့် ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာတော့ မဲပေးသူ နည်းပါးခဲ့သလို အတိုက်အခံပါတီကလည်း သပိတ်မှောက်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီကနေ့ တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာချက်မှာတော့ တရားဝင်အတည်ပြုလို့မရသေးပေမဲ့ ပါလီမန်မှာ စုစုပေါင်းအမတ်နေရာ ၂၂၄ မှာ Sheik Hasina ဦးဆောင်တဲ့ အဝါမီလိဂ်ပါတီက ၁၆၅ နေရာရရှိထားပြီဖြစ်တယ်လို့ဖေါ်ပြထားပါတယ်။ အခုအခါ အသက် (၇၈)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝန်ကြီးချုပ် Hasina ဟာ ၁၉၉၆ ခုနှစ်မှာ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ဒုတိယအကြိမ် အနိုင်ရခဲ့ပြီး အခုတကြိမ်နဲ့ ဆိုရင်တော့ သက်တမ်း ၄ ကြိမ် ဆက်တိုက် အနိုင်ရခဲ့တာပါ။
ရာထူးကနေ နုတ်ထွက်ပေးဖို့ နဲ့ ရွေးကောက်ပွဲကို ဘက်မလိုက် ကြားနေတဲ့အာဏာပိုင်တွေက တာဝန်ယူဖို့ တောင်းဆိုချက်တွေကို ဝန်ကြီးချုပ်က ငြင်းဆိုခဲ့တဲ့အတွက် အဓိက အတိုက်အခံ BNP ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲမှာ မဲ မထည့်ပဲ သပိတ်မှောက်ကြဖို့ မနေ့ကထိ နှစ်ရက်ကြာ BNP ပါတီ ဦးဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
အောက်တိုဘာလနှောင်းပိုင်းကတည်းကစခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို အတိုက်အခံပါတီ BNP က လှုံဆော်ခဲ့တာဖြစ်တယ်လို့ Hasina ကစွပ်စွဲထားပါတယ်။ ဒီဆန္ဒပြပွဲတွေမှာ အနည်းဆုံးလူ ၁၄ဦးသေဆုံးခဲ့ပါတယ်။ တနင်္ဂနွေနေ့က မဲရုံးတွေပိတ်ချိန်မှာ မဲပေးသူ ၄၀ရာခိုင်နှုန်းလောက်ပဲရှိကြောင်း ရွေးကောက်ပွဲကော်မရှင်နာမင်းကြီး Kazi Habibul Awal က ပြောပါတယ်။ ၂၀၁၈ ခုနှစ်က နောက်ဆုံးအကြိမ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ၈၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပါတယ်။