ပဋိပက္ခပြေလည်ရေး တရုတ်ပါဝင်မှု မြောက်ပိုင်းအဖွဲ့တွေကြိုဆို  

ဝပြည်နယ် ပန်ခမ်းမြို့မှာကျင်းပတဲ့ FPNCC အစည်းအဝေးသို့ PSLF/TNLA ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး (Photo: PSLF News & Information Dept)

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဗမာပြည်မနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က မနေ့က ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ပြေလည်ချုပ်ငြိမ်းသွားဖို့အတွက် တရုတ်အစိုးရရဲ့ ကြားဝင် ဆောင်ရွက်ပေးမှုကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်အပေါ် နိုင်ငံရေးအကဲခတ်တွေရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြောက်ပိုင်း ၇ ဖွဲ့လို့ သိထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေး အစုအဖွဲ့တွေပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) ဟာ မတ်လ ၁၅ ရက်နေ့စပြီး ‘ဝ’ ဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမှာ ၂ရက်တာ တွေ့ဆုံပြီးတော့ မြန်မာ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးရလဒ်အနေနဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဗမာပြည်မနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်လို့ FPNCC က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ပြေလည် ချုပ်ငြိမ်းသွားဖို့အတွက် တရုတ်ပြည်သူ့အစိုးရကကြားဝင် ဆောင်ရွက်ပေးနေတာကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆွေးနွေးခဲ့တဲ့ FPNCC အစုအဖွဲ့ထဲမှာ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ ငြိမ်းချမ်းရေးနဲ့ စည်းရုံးရေးကော်မတီ (PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ (MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပလောင်ပြည်နယ် လွတ်မြောက်ရးတပ်ဦး (PSLF) တို့ပါဝင်တယ်လို့ မတ်လ ၁၆ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရဆိုရင် မြန်မာပဋိပက္ခအပေါ် တရုတ်ရဲ့ သြဇာကြီး လွမ်းမိုးမှုကို ပြသလိုက်တာဖြစ်သလို အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာ အဖြေရှာဖို့ခက်ခဲနေတဲ့ မြန်မာ့ပဋိပက္ခအပေါ် တရုတ်အစိုးရအနေနဲ့ အဖြေရှာဖို့ ကြိုးစားလာတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထွန်းကြည်က ပြောပါတယ်။

“ အဓိကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ပဋိပက္ခာမှာ တရုတ်သြဇာ ဘယ်လောက်ထိ ကြီးထွားနေလဲဆိုတာကို ပြလိုက်တာလို့ ကျနော်မြင်တယ်။ အစကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဆိုတာက တရုတ်နဲ့ နီးစပ်တဲ့ အဖွဲ့ဖြစ်တယ်ဆိုတာ သိကြတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကလည်း အာဏာသိမ်းပြီးတော့ ၂နှစ်ကျော်ကြာလာတဲ့အထိ ဘယ်လိုမှ အဖြေရှာဖို့ ခက်ခဲတဲ့ အခြေအနေမှာရှိနေတယ်။ စစ်ကောင်စီကလည်း နိုင်ငံကို အုပ်ချုပ်လို့မရသလို တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မြင်ရတယ်။ ဆိုတော့ ၂၀၂၃ အစောပိုင်းကလောက်တည်းက တရုတ်က ပုံစံပြောင်းပြီးတော့ စစ်ကောင်စီဖက်ကို ချည်းကပ်လာတယ်၊ အာသိမ်းခါစက တရုတ်ဖက်က ခပ်တည်တည်နေခဲ့တယ် ဆိုပေမယ့် ဒီနေ့ မြန်မာနိုင်ငံရဲ့ အဓိက ပဋိပက္ခဟာ ဆယ်စုနှစ်တခုလောက်နဲ့ မပီးနိုင်တော့ဘူးလို့တရုတ်ဖက်က မြင်ပုံရတယ်။ အဲတာကြောင့်မို့လို့လည်း စစ်ကောင်စီဘက်ကို တရုတ်ကပြန်ချည်း ကပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို အဖြေရှာဖို့ စဉ်းစားပုံ ရတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

ဒါ့အပြင် စစ်ကောင်စီနဲ့ NCA လက်မှတ်မထိုးထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်ဆိုပြီးတော့ တရာဝင်းပြောလာတာဟာ တရုတ်အစိုးရရဲ့ မူအတိုင်း စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက်ပေးလိုက် တာဖြစ်တယ်လို့လည်း ဦးထွန်းကြည်က သုံးသပ်ပါတယ်။

“မနေ့က ထုတ်ပြန်ချက်မှာလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ဟာမျိုး မြောက်ပိုင်းမဟာမိတ်အဖွဲ့က တရားဝင် ပြောလာတာမျိုးကို တွေ့ရတယ်။ NUG ဖက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို သွားနေတာကို တွေ့ရတယ်။ ဆိုတော့ ဒီဟာက လက်ရှိ တရုတ်ရဲ့ ချည်းကပ်ပုံစံက လက်ရှိစစ်ကောင်စီကို ရွေးကောက်ပွဲကနေတဆင့် တရားဝင်အစိုးရ ဖြစ်လာအောင်လုပ်ပေးပြီးတော့ အာဏာသိမ်းမှုကို အဆုံးသတ်ဖို့ဆိုတဲ့ တရုတ်က ချည်းကပ်တယ်လို့မြင်တယ်။ ဒါက တနည်းအားဖြင့် စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက် ပေးလိုက်တာလို့ ကျနော်မြင်ပါတယ်။”

တဖက်မှာလည်း တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်မလာဖို့နဲ့ မြန်မာနိုင်ငံအတွင်းက တရုတ်ရဲ့ရင်းနှီးမြှပ်နှံ့မှုလုပ်ငန်းတွေ အကောင်အတည်ဖော် ဆောင်ရွက်နိုင်ဖို့ အခုလို မြန်မာ့နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားတာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“အခု FPNCC နဲ့ နောက်ဆုံးတွေ့တဲ့ဟာကလည်း အဓိကအားဖြင့်တော့ တရုတ်က နစကနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်မလာဖို့ ငြိမ်းချမ်းရေးအတွက်ကို တွန်းအားပေးတဲ့ သဘောပေါ့နော်၊ ကျနော် အဲလို မြင်ရတယ်။ ဒါမှလည်း သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ဆက်လက်ပြီးတော့ အကောင်အတည်ဖော်မယ့် ရင်းနှီးမြုပ်နှံမှုကိစ္စတွေ ရထားလမ်း၊ ကားလမ်း၊ ရခိုင်ကို အန္ဒိယသမုဒ္ဓရာအထိ ရထားလမ်း၊ ကားလမ်းဖောက်မယ့် ကိစ္စတွေ၊ အဲတာတွေကို အဆင်ချောမှာ။ ဒါက NUG တို့ PDF တွေနဲ့ နစကကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့တာ၊ နှောင့်ယှက်တာလို့ ကျနော်တော့ မထင်ဘူး၊ တဖက်နဲ့ တဖက် ပဋိပက္ခကို ချဉ်းကပ်ပုံခြင်း မတူပေါ့။”

ဒီမြောက်ပိုင်းအဖွဲ့တွေထဲက တချို့ဟာ စစ်ကောင်စီကို ဆန့်ကျင် တိုက်ခိုက်နေသလို PDF အဖွဲ့တွေကိုလည်း ထောက်ပံ့ ကူညီပေးနေတာတွေ ရှိပါတယ်။ ဒီရက်ပိုင်းထဲမှာပဲ ကိုးကန့်အဖွဲ့ MNDAA ဟာ သူ့ရဲ့ တပ်မဟာ (၆၁၁) ရဲ့ သင်တန်းဆင်းပွဲတခုမှာ တပ်သား ၁,၂၀၀ ကျော်ကို လက်နက်တပ်ဆင် ပေးခဲ့ပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း MNDAA တည်ထောင်တဲ့ ၃၄နှစ်မြောက်အတွက် သဝဏ်လွှာပေးပို့ခဲ့ပြီး ပူးပေါင်းတိုက်ပွဲဝင်သွားဖို့ ဆန္ဒရှိကြောင်း ရေးသားထားပါတယ်။

တရုတ်-မြန်မာဆက်ဆံရေးဟာ ပြီးခဲ့တဲ့ အရပ်သားအစိုးရ အာဏာယူတဲ့ကာလမှာ အတိုးတက်ဆုံး ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က ပြောပါတယ်။ တချို့ကတော့ တရုတ်အစိုးရဟာ အာဏာရ အစိုးရတိုင်းနဲ့ ဆက်ဆံချင်တဲ့ ပုံစံရှိသလို တဖက်မှာလည်း အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ မီးစတဖက်၊ ရေမှုတ်တဖက် ပုံစံကို တောက်လျှောက် ကျင့်သုံးလာကြောင်း ပြောပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူ့ရဲ့ ရေရှည်အကျိုးစီးပွားအတွက် သေချာတဲ့ အခြေအနေကိုပဲ တရုတ်အစိုးရက ဖန်တီးရလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

Your browser doesn’t support HTML5

ပဋိပက္ခပြေလည်ရေး တရုတ်ပါဝင်မှု မြောက်ပိုင်းအဖွဲ့တွေကြိုဆို