EU ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေး မမျှတမှုဖြစ်နေတဲ့ကိစ္စကနေ၊ ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသ ပြဿနာတွေကို ၂ ဘက် ခေါင်းဆောင်တွေ ဘေဂျင်းမြို့တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာရောက်နေတဲ့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen, EU ကောင်စီဥက္ကဋ္ဌ Charles Michel, EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell တို့နဲ့ တရုတ်သမ္မတ Xi Jinping တို့ ၄ နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံပြီး စီးပွားရေးနဲ့ ကမ္ဘာ့ရေးရာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ EU အတွက် အရေးအကြီးဆုံး ကုန်သွယ်ရေးမိတ်ဘက်ဖြစ်ပေမယ့် ဖြေရှင်းရမယ့် မညီမျှမှုတွေ၊ သဘောထားကွဲပြားမှုတွေရှိနေတာ ထင်ရှားတယ်လို့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen ကပြောကြားသွားခဲ့တာပါ။ ၂ ဘက်စီးပွားရေး ခိုင်မာအားကောင်းဖို့နဲ့ အန္တရာယ်ဖြစ်နိုင်တာတွေကို ရှောင်ရှားဖို့ အရေးကြီးတယ်ဆိုတာ ၂ ဘက်လုံးက သိရှိလက်ခံထားကြတယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။ ဘုံအကျိုးစီးပွားအတွက် ငြိမ်းချမ်း၊ တည်ငြိမ်ဖို့၊ နိုင်ငံတကာဥပဒေတွေ ထိရောက်ဖို့နဲ့ ကမ္ဘာ့စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့လိုအပ်တယ်ဆိုတာကို ထောက်ပြပြီး ယူကရိန်းအပေါ် ရုရှားတို့ရန်လိုနေတာ အဆုံးသတ်ရေးနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း ၂ နိုင်ငံ အတူယှဉ်တွဲနေထိုင်နိုင်ရေးကို မဖြစ်မနေကြိုးပမ်းဖို့ လိုအပ်တယ်လို့လည်း EU အကြီးအကဲက တရုတ်သမ္မတနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
EU အနေနဲ့ တရုတ်တပြည်ထောင်မူကို လက်ခံထားပေမယ့် ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ တိုးနေတဲ့အပေါ် စိုးရိမ်တယ်လို့ EU ကောင်စီဥက္ကဋ္ဌ Charles Michel ကလည်း ပြောကြားခဲ့ပါတယ်။ တရုတ်သမ္မတ Xi ကတော့ အပြန်အလှန် နိုင်ငံရေးယုံကြည်မှု တိုးတက်ဖို့နဲ့ ၂ ဘက်ဆက်ဆံရေးကို ထိခိုက်စေမယ့် အနှောင့်အယှက်အားလုံးကို ရှင်းလင်းဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့လိုတဲ့ တချိန်ထဲမှာ၊ ၂ ဘက်ပြည်သူတွေအကျိုးအတွက် ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်အောင်လိုအပ်တယ်လို့လည်း တရုတ်သမ္မတက EU ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5